သတင်း

နည်းလမ်းပေါင်းစုံဖြင့် အမေရိကန် စွက်ဖက်နေဟု စစ်ကောင်စီ မချိတင်ကဲဆို 

နေပြည်တော်၌ ယနေ့ (ဇန်နဝါရီ ၁၄) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်၏ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှုအပေါ် စစ်ကောင်စီက ဝေဖန်ပြောကြားသည့်ပြင် နည်းလမ်းပေါင်းစုံဖြင့် စွက်ဖက်နေသည်ဟုလည်း မချိတင်ကဲဆိုလိုက်သည်။

အမေရိကန်နိုင်ငံက အင်ဒို- ပစိဖိတ်ဒေသအတွက် ဒေါ်လာ ၇ ဘီလျံအထိ သုံးစွဲခြင်းမှာ တရုတ်နိုင်ငံကို ထိန်းချုပ်လိုခြင်းဖြစ်ကာ အိမ်နီးချင်းဖြစ်သော မြန်မာနိုင်ငံအပေါ် သက်ရောက်မှုရှိလာမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုသည်။​

“အင်ဒို- ပစိဖိတ်ဒေသဆိုတာကို တည့်တည့်ပြောရရင် တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ဖြစ်ပါတယ်။ သူ့ကို ၇ ဘီလျံသုံးစွဲထားတယ်။ ယူကရိန်းနဲ့ ဥရောပတစ်ခုလုံးတောင်မှ ၄ ဒသမ ၃ ဘီလျံ သုံးစွဲတာဖြစ်ပါတယ်။ အင်ဒို- ပစိဖိတ်ဒေသကို မမီကြောင်း တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

အမေရိကန်သည် ၎င်းနှင့် သဘောထားမတိုက်ဆိုင်သည့် နိုင်ငံများကို လွှမ်းမိုးထိန်းချုပ်ရန်နှင့် ပြည်တွင်းရေးကိစ္စများတွင် လိုတစ်မျိုးမလိုတစ်မျိုးမူဝါဒကျင့်သုံးကာ နည်းလမ်းပေါင်းစုံဖြင့် စွက်ဖက်နေသည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာလအတွင်း လက်မှတ်ရေးထိုး အတည်ပြုခဲ့သည့် NDAA ခေါ် အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေတွင် အင်ဒို- ပစိဖိတ်ဒေသတွင် စစ်အသုံးစရိတ်တိုးမြှင့်မည့်အပြင် မြန်မာနိုင်ငံနှင့် ပတ်သက်သော သီးခြားပြဋ္ဌာန်းချက်အချို့လည်း ပါဝင်သည်။

အဆိုပါအချက်များအနက် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းကြီးများဖြစ်သည့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့အနေဖြင့် မြန်မာစစ်တပ်ကို ချေးငွေထုတ်ပေးခြင်းကို တားဆီးရန်၊ မြန်မာ့အရေးနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားရေးကိစ္စနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားဝင်ဖြစ်လာရေး နည်းလမ်းရှာဆောင်ရွက်ရန်တို့ဖြစ်သည်။​

သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က အမေရိကန်အစိုးရ၏ ကာကွယ်ရေးအသုံးစရိတ်ကို ဝေဖန်ခဲ့သည်သာမက ကိုဗစ်ကူးစက်ခံထားရသည့် အမေရိကန်နိုင်ငံသားနှစ်ဦးကို သံရုံးက ခေါ်သွားသည့်ကိစ္စကိုလည်း မရမကထည့်သွင်းပြောဆိုခဲ့သည်။ 

“ပြင်းပြင်းထန်ထန်သတိပေးတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ သံရုံးက ပါးစပ်ပိတ်နေတယ်။ ဒီမိုကရေစီနိုင်ငံကြီးရဲ့ စည်းကမ်းမဲ့မှုကို ကမ္ဘာက သိစေခဲ့သလို အမေရိကန်ရဲ့အပင်းကို ငုံထားတဲ့ ပြည်ဖျက်မီဒီယာတွေကလည်း ဒီကိစ္စကို ရေငုံနှုတ်ပိတ်နေတယ်” ဟု ၎င်းက ပြစ်တင်ပြောဆိုသည်။​

ထို့ပြင် အမေရိကန်တာဝန်ရှိသူများက အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများကို မကြာခဏလာရောက်နေခြင်းမှာ မြန်မာနိုင်ငံကို အာဆီယံမျက်နှာစာမှတစ်ဆင့် ဖိအားပေးရန်ဖြစ်သည်ဟုလည်း ဆိုသည်။

“ပြောရရင်တော့ အကြောင်းမဲ့ ငွေကုန်ခံပြီး၊ အချိန်ကုန်ခံပြီး ဘယ်သူမှ လာစရာမရှိပါဘူး”

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့သည့်အားလျော်စွာ အချုပ်အခြာအာဏာကို အသိအမှတ်မပြုပါက ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လေသံပစ်သည်။

“​အာဆီယံမှာ အဆိုပြုချက်၊ အကြံပြုချက်တွေကို အလေးထားမှာဖြစ်ပေမဲ့ ပဋိညာဉ်စာတမ်းပါ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းများမှ သွေဖည်မဲ့ လုပ်ဆောင်ချက်တွေကိုတော့ …မှန်ကန်တဲ့ဘက်ကပဲ ရွေးချယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ၎င်းက ဆိုသည်။​

နိုင်ငံတကာဖိအားများကြောင့် မြန်မာနိုင်ငံ ပိပြားသွားမည်မဟုတ်ကြောင်းလည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီးဖြစ်လာသူ ၎င်းက သတင်းစာရှင်းလင်းပွဲအစ၌ပင် အသံမာမာဖြင့် ပြောဆိုသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အထူးယုံကြည်သည်ဟုလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုခဲ့သည်။ 

သို့သော် မြန်မာနိုင်ငံခရီးစဉ်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံက လာမည့်သီတင်းပတ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာမူ အကန့်အသတ်မရှိ ရွေ့ဆိုင်းခဲ့ရပြီး ဖြစ်သည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံက ပထမဆုံးခေါ်ယူသည့် အဆိုပါအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံအချို့ တက်ရောက်နိုင်ခြင်း မရှိသည့်အတွက် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကာ အဓိကအားဖြင့် စစ်ကောင်စီကို တက်ခွင့်ပြုမည့်အပေါ် သဘောထားကွဲလွဲခြင်းဖြစ်သည်ဟု နိုင်ငံတကာသတင်းများက ဆိုသည်။

အာဆီယံနှင့် ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် ဆုံးရှုံးထားသည့် စစ်ကောင်စီက အာဏာသိမ်းပြီး တစ်နှစ်နီးပါးရှိလာချိန်တွင် အမေရိကန်အပါအဝင် နိုင်ငံတကာ၏ဖိအားများအပေါ် အသံကျယ်ကျယ် ထွက်လာခြင်း ဖြစ်သည်။

သို့သော် အာဏာသိမ်းသည့် ဖေဖော်ဝါရီလအတွင်းက အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများကို ဆွယ်တရားဟောပေးရန် စစ်ကောင်စီက ကနေဒါအခြေစိုက် အစ္စရေးထောက်လှမ်းရေးဟောင်းကို အမေရိကန်ဒေါ်လာနှစ်သန်းဖြင့် ငှားရမ်းခဲ့ဖူးသည်။

မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးမှ ထွက်ခွာရန် ဆန္ဒပြင်းပြနေကြောင်း၊ တရုတ်ကို ခွာကာ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်လိုကြောင်း စစ်ကောင်စီငှားရမ်းခဲ့သည့် လော်ဘီအုပ်စုခေါင်းဆောင်က မတ်လအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။​

နောက်ပိုင်းတွင် အမေရိကန်နှင့် ကနေဒါအာဏာပိုင်များ၏ ထောက်ခံမှုကို မရသဖြင့် ထိုလော်ဘီအုပ်စုက စစ်ကောင်စီနှင့် ချုပ်ဆိုထားသော ဒေါ်လာနှစ်သန်းတန်စာချုပ်ကို စွန့်လွှတ်ခဲ့သည်။​

အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရက မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်အရေးယူမှု ၁၁ ကြိမ်အထိ ပြုလုပ်ခဲ့ရာ စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များအပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၆၈ ဦးနှင့် ဌာနအဖွဲ့အစည်းပေါင်း ၂၃ ခု အရေးယူပိတ်ဆို့ခံထားရသည်။

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည်ဟု စစ်ဗိုလ်ချုပ်များက မကြာခဏထုတ်ဖော် ညည်းတွားလေ့ရှိသော်လည်း ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း ရုရှားသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အမေရိကန်သည် မိတ်ဆွေနိုင်ငံဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ဖူးသည်။

“အမေရိကန်နိုင်ငံကလဲ မိတ်ဆွေနိုင်ငံပါပဲ။ သူကတော့ နည်းနည်းအလှမ်းဝေးတာပေါ့” ဟု အိမ်နီးချင်း တရုတ်နိုင်ငံနှင့် နှိုင်းယှဉ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Russia 24 သတင်းဌာန၏ မေးခွန်းအပေါ် ဖြေကြားခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button