သတင်း

ပလက်ဝမှ အဖမ်းခံရသည့် ကျန်းမာရေးဝန်ထမ်း မိသားစုနှင့် အဆက်အသွယ်ပြတ်နေ

စစ်တပ်စခန်း အလံဖြူထောင်ထားကြောင်း ရခိုင်အခြေစိုက် Western News တွင် သတင်းဖော်ပြမှုနှင့် စပ်လျဉ်း၍ ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ကျန်းမာရေးဌာနဝန်ထမ်း မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကာ ထိုသတင်းဌာနမှ ဝန်ထမ်းများလည်း တိမ်းရှောင်နေရသည်။ 

ချင်းပြည်နယ်၊ ပလက်ဝမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ(၂၈၉) တပ်၏ တောင်ကုန်းတစ်ခုပေါ်တွင် အလံဖြူထောင်ထားသည်ကို တွေ့မြင်ခဲ့ရကြောင်း သတင်းဌာနကို ပြောဆိုခဲ့မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းနှစ်ဦး ဒီဇင်ဘာ ၂၈ တွင် အဖမ်းခံရသည်။

နောက်တစ်ရက်တွင် ပညာရေးဝန်ကြီးဌာန အထွေထွေကျောင်းလုပ်သား ကိုတင်ဦး ခံဝန်ဖြင့် ပြန်လွတ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်း ကိုတင်ထွန်းအောင်ကမူ ပလက်ဝမြို့မရဲစခန်းတွင် ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရသည်။

ဖမ်းဆီးထိန်းသိမ်းခံနေရသည်မှာ ၁၅ ရက်ခန့် ရှိနေပြီဖြစ်သည့် အသက် ၃၅ ဝန်းကျင် ကိုတင်ထွန်းအောင်၏ စားရေးသောက်ရေးနှင့် ကျန်းမာရေးအတွက် စိတ်ပူကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“လူတစ်ယောက်ကို စစ်ဆေးရင်လဲ စစ်ဆေးပေါ့။ ဘယ်နေရာကို ခေါ်သွားမယ်ဆိုတာကို ပြောရင် ရပြီ။ စစ်တွေမှာ ထားလား၊ ပလက်ဝမှာ ထားလားဆိုတာလဲ မသိ ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါမိသားစုဝင်က ပြောသည်။

“သူ စားဖို့သောက်ဖို့ ကျန်းမာရေးကိစ္စအခြေအနေတွေကို သူ့မှာပါသွားတဲ့ဖုန်းနဲ့ မဟုတ်ရင်တောင် အခြားအရာရှိတစ်ယောက်ဖုန်းနဲ့ ပြောပေါ့။ လူကို အကောင်ဖျောက်ပစ်မှာလား၊ ဘယ်လိုမျိုးလဲ၊ အမျိုးမျိုးစဉ်းစားနေရတယ်” 

ဇန်နဝါရီ ၁၂ တွင် ချုပ်ရမန် ၂ ပတ်ယူပြီး တရားရုံးက ဇန်နဝါရီ ၂၇ သို့ ထပ်မံချိန်းဆိုလိုက်သည်ဟုသာ တရားရုံးနှင့် ရဲစခန်းက ပြောဆိုကြောင်း ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ရုံးထုတ်တာလဲ မသိရဘူး၊ ပလက်ဝမှာ ရမန်ယူတယ်လို့ပဲ ကြားသိရတယ်။ မိသားစုဝင်တွေက တစ်ခုမှ မသိရဘူး” ဟု ထိုအမျိုးသားက ဆိုသည်။ 

“ဥပဒေရုံးကိုလဲ သွားမေးတယ်၊ တရားရုံးကိုလဲ သွားမေးတယ်။ တရားသူကြီးတွေက အမြဲတမ်းမလာနဲ့၊ နောက်တစ်ခါ မလာနဲ့လို့ ပြောတယ်၊ လူမြင်လို့မကောင်းဘူးတဲ့။ ကျွန်တော်တို့က တရားရုံးကို အလကားလာနေတာမှ မဟုတ်တာ” 

ပုဒ်မ ၁၂၄ – က ဖြင့် သတင်းဌာန အမှုဖွင့်ခံရ

Western News သတင်းဌာနကို စစ်တပ်ဂုဏ်သိက္ခာညှိုးနွမ်းစေသော သတင်းရေးသားဖော်ပြသည်ဟု ဆိုကာ တပ်မတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ – က ဖြင့်  စစ်တွေခရိုင်တရားရုံးတွင် အမှုဖွင့်ရန် ဦးတိုက်လျှောက်ခံရသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ရခိုင်အခြေစိုက် DMG သတင်းဌာနကို အတည်ပြုသည်။

အဆိုပါပုဒ်မမှာ စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁၄ တွင် ပြင်ဆင်ခဲ့သော ပုဒ်မဖြစ်ပြီး အစိုးရ/ နိုင်ငံတော်ကို အကြည်ညိုပျက်စေရန် နေရာတွင် စစ်တပ်ပါ အကျုံးဝင်ကြောင်း ပြင်ဆင်ခဲ့သော ပုဒ်မဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ငွေဒဏ်နှင့် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်သည်။ 

သို့ရာတွင် ပုဒ်မ ၁၂၄ – ကနှင့် အမှုဖွင့်ခြင်းမှာ သတင်းဌာန သို့မဟုတ် အယ်ဒီတာ၊ အယ်ဒီတာချုပ်ကို အမှုဖွင့်ရန် ဦးတိုက်လျှောက်ထားခြင်း ဟုတ်မဟုတ် တရားဝင်အကြောင်းကြားစာ မရောက်သေးကြောင်း Western News ၏ အယ်ဒီတာချုပ် ဦးဝဏ္ဏခွာညိုက ပြောသည်။

“အမှုဖွင့်ထားတယ်လို့ ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက ဇန်နဝါရီ ၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်တယ်။ အဲဒီသတင်းစာရှင်းလင်းပွဲလုပ်ပြီးနောက်ပိုင်းပါ မလုပ်ခင်ပါ၊ ကျွန်တော်တို့ကို တရားဝင်စာနဲ့ပါ၊ ဖုန်းနဲ့ပါ ရောက်လာတာမရှိ” ဟု ၎င်းက ဆက်ပြောသည်။

“သို့သော်လည်း တရားရုံးမှာ ၁၂၄-က နဲ့ ဦးတိုက်လျှောက်ထားတယ်လို့ အကြမ်းအားဖြင့် သိရတယ်”

ထိုပြည်နယ်စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပလက်ဝကိစ္စဟုသာ ဖော်ပြထားပြီး အတိအကျမပြောသော်လည်း ၂၀၂၁ ဒီဇင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည့် “ပလက်ဝမြို့၊ ခလရ (၂၈၉) တောင်ကုန်းတစ်ခုပေါ်တွင် အလံဖြူထောင်ထားကြောင်း” သတင်းနှင့် ပတ်သက်၍ အမှုဖွင့်ခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။ 

“ပလက်ဝမှာ စစ်တပ်က အလံဖြူထောင်တဲ့ကိစ္စ ကျွန်တော်တို့ သတင်းတင်တယ်။ ဒေသခံနှစ်ယောက်ကို အင်တာဗျူးထားတယ်။ အဲဒီထဲက ကိုတင်ထွန်းအောင်ကို ၅၀၅(က)နဲ့ တရားစွဲလိုက်တယ်။ တစ်ယောက်ကိုတော့ ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တယ်။ အဲဒါကြောင့်လားလို့ ကျွန်တော်တို့ သံသယဖြစ်မိတယ်”ဟု ဦးဝဏ္ဏခွာညိုက ပြောသည်။

ဇန်နဝါရီ ၄ ရက်မှစ၍ ၎င်းတို့၏သတင်းဌာနရုံးခန်းပိတ်ကာ ဝန်ထမ်းများ စိုးရိမ်တကြီး တိမ်းရှောင်နေကြရသဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲဖြစ်နေသည်။ 

“ဒီလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ စွဲဆိုချက်တွေနဲ့ စစ်ကောင်စီက လုပ်လိုက်တာက ရခိုင်မှာရှိနေတဲ့ မီဒီယာတွေကို တအားရိုက်ခတ်သွားတယ်။ အခု ကျွန်တော်တို့ဌာနက သတင်းသမားတွေလည်း မူလသတင်းခန်းထဲမှာ မလုပ်ရဘဲ နယ်ဘက်တွေမှာ လုပ်နေကြရတယ်” ဟု ဆိုသည်။

အလားတူ ယမန်နှစ် ဇန်နဝါရီ ၁၀ ကလည်း စစ်တွေမြို့အခြေစိုက် DMG သတင်းဌာနတွင် ဖော်ပြခဲ့သည့် “ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတောင်း ၇၀၀ ကို တပ်မတော်သားတွေ ယူဆောင်သွား” ဆိုသည့် သတင်းနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၂ တွင် DMG တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံ၊ သတင်းထောက် မနှင်းနွယ် တို့ကို ပုဒ်မ ၆၆(ဃ)၊ ၅၀၅ (က)တို့ဖြင့် စစ်တပ်က အမှုဖွင့်ခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button