
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်နှင့် မြို့နယ်ရဲစခန်းတို့ နှစ်ညဆက် တိုက်ခိုက်ခံရအပြီး ယမန်နေ့ (ဇန်နဝါရီ ၁၂) တွင် ရဲတို့က အချုပ်သား ၅ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။
ပြန်လွတ်လာသူများမှာ ယင်းမာပင်မြို့နယ် လည်ငေါက်ရွာမှ အမျိုးသား ၁ ဦး၊ ယင်းမာပင်မှ အမျိုးသား ၄ ဦး ဖြစ်သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ဗိုလ်သူရိန်ထံမှ သိရသည်။
ယင်းမာပင်မှ ၄ ဦးမှာ ကချင်ပြည်နယ်မှ ပြန်လာကြသူများဖြစ်ပြီး စစ်ကောင်စီတပ်သားတို့က မသင်္ကာ၍ ဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးအရ ထိုလူငယ်တို့၏အမည်များကို သတင်းများတွင် မဖော်ပြစေလိုကြောင်း ဗိုလ်သူရိန်က ပြောသည်။
အိမ်နီးချင်း ပုလဲမြို့နယ်ကို စစ်ကောင်စီတပ်ဖွဲ့က ကြည်းကြောင်း၊ လေကြောင်းမှ တိုက်ခိုက်စဉ် အားနည်းသွားသော ရဲစခန်းတို့ကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။
“ခရိုင်ဖြစ်ပြီးတော့ အင်အားလဲ မရှိဘူး။ တိုက်ခိုက်တဲ့ဒဏ်ကိုလဲ မခံနိုင်လို့ နှစ်သိမ့်သဘောအနေနဲ့ ဖမ်းထားတဲ့ ပြည်သူကို ပြန်လွှတ်ပေးတာပေါ့” ၎င်းက ဆက်ပြောသည်။
“ပုလဲကို ချဖို့ ယင်းမာပင်မှာ ရှိတဲ့ လူငယ်တွေကို တင်သွားပြီးတော့ သက်ကြီးရွယ်အိုလောက်ရယ်၊ ရဲအိုလောက်ရယ် အဲဒီလောက်ပဲ ချန်ထားခဲ့တဲ့ အနေအထားပေါ့။ လူကယ်ဖို့ရယ်လို့ ပစ်မှတ်ထားတာ မဟုတ်ဘူး”
ဇန်နဝါရီ ၁၀ နှင့် ၁၁ ညများတွင် ရဲစခန်းကို လက်လုပ် ၆၀ မမ စိန်ပြောင်းနှင့် တိုက်ခိုက်ခဲ့ပြီး ပြန်ဆုတ်ခွာခဲ့ကြောင်း၊ စခန်းများအတွင်းမှလည်း လက်နက်ကြီး လက်နက်ငယ်တို့နှင့် ညလုံးပေါက် ပစ်ခတ်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် အဖွဲ့များထံမှ သိရသည်။
တိုက်ပွဲ၌ ပါဝင်ပစ်ခတ်ခဲ့သည့် Hero Tiger Force မှ ဗိုလ်ကျားကြီးကလည်း အမျိုးသား ၅ ဦးကို စခန်းက ပြန်လွှတ်ပေးခဲ့ခြင်းမှာ တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆသည်။
“(ပြည်သူတွေ လွှတ်တာကတော့) အပိုဆုပေးလိုက်တယ်လို့ပဲ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။
၎င်းတို့အဖွဲ့က လက်နက်ကြီးပစ်ခတ်ပုံ ရုပ်သံဖိုင်ကို Facebook လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ ၁၀ က ဖော်ပြထားသည်။
ရဲစခန်းတိုက်ခိုက်မှုမှာ မကွေးတိုင်း မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တို့ ကြည်းကြောင်း၊ လေကြောင်းမှ စစ်ဆင်ခံရမှုနှင့် သက်ဆိုင်သည်ဟု ဆိုသည်။
“မြိုင်မှာ၊ ပုလဲမှာ ဖိနေတယ်။ လေကြောင်းသုံးနေတယ်။ ကျွန်တော်တို့က သွားကူလို့ မရဘူး။ အဲဒီတော့ ကျွန်တော်တို့ မြို့နယ်မှာ ရဲစခန်းကို သွားဖိမယ်။ နေရာစုံမှာ ကြွပေးမယ်ဆိုတဲ့ ခံယူချက်နဲ့ ပစ်တာပါ” ဟု ၎င်းက ဆိုသည်။
“စိန်ခေါ်တာ။ စစ်ရေးမှာလဲ တပ်ဖြန့်ခိုင်းလိုက်တဲ့ အနေအထားပေါ့ဗျာ”
ထိုတိုက်ခိုက်မှုကို ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုနှင့် Hero Tiger Force ၊ ဗိုလ်သူရိန်နှင့် ကနီမြို့နယ်လက်နက်ကိုင်အဖွဲ့မှ ဗိုလ်နဂါးဆိုသူတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရဲစခန်းနှစ်ခုအတွင်း ထိခိုက် သေဆုံးမှု ရှိမရှိ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အာဏာသိမ်းအပြီး ပြည်သူအများအပြားကို သတ်ဖြတ်နေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို စစ်ကိုင်းတိုင်းရှိ ယင်းမာပင်၊ ကနီ၊ ပုလဲ အစရှိသော ဒေသများရှိ ပြည်သူများက ရရာလက်နက် စွဲကိုင်၍ အပြင်းအထန်တော်လှန်နေသည်။
ဇန်နဝါရီ ၁၂ အထိ စုံစမ်းရရှိသော အချက်အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ လက်ချက်ဖြင့် ပြည်သူ ၁၄၆၃ ဦးထက်မနည်း သေဆုံးပြီး တစ်သောင်းကျော် ဖမ်းဆီးခံခဲ့ရသည်ဟု အဆိုပါ စာရင်းများကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)