သတင်း

တိုက်ပွဲဖြစ်နေသည့်လွိုင်ကော်မှ ထွက်ပြေးရသူများကို ရှမ်းတောင်ဒေသခံတို့ ကူညီနေ

စစ်ကောင်စီတပ်က ကယားပြည်နယ်မြို့တော် လွိုင်ကော်မှ ဒေသခံကာကွယ်ရေးအဖွဲ့များကို ကုန်းကြောင်း၊ လေကြောင်းမှ တိုက်ခိုက်နေရာ ထိုဒေသမှ စစ်ဘေးရှောင်လာသူများအတွက် အစားအသောက်နှင့် နေရာထိုင်ခင်းများကို ရှမ်းပြည်နယ်တောင်ပိုင်းဒေသခံများက ကူညီနေကြသည်။

ဇန်နဝါရီ ၇ နံနက်မှစ၍ လွိုင်ကော်မြို့ပေါ်၌ပင် တိုက်ပွဲများ ဖြစ်ပွားနေရာ ၁၀ ရက်နေ့ ညပိုင်းအထိ လွိုင်ကော်မြို့ပေါ်ရပ်ကွက် ၁၄ ခုမှ ဒေသခံပြည်သူ တစ်သိန်းကျော် နေအိမ်စွန့်ထွက်ပြေးနေကြရသည်ဟု ဒေသခံ လူမှုရေးအသင်းများကို ကိုးကား၍ မိုင်းလုံးရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“လွိုင်ကော်က သုံးပုံနှစ်ပုံလောက်ကတော့ စစ်ရှောင်ထဲ ရောက်သွားကြပြီ။ နည်းနည်းပဲ ကျန်တော့တာ။ ကားလမ်းတောင်မှ ကြိတ်ကြိတ်တိုးပြီး သွားနေရတာ။ ဆယ်အိမ်မှာ သုံးအိမ်လောက်ပဲ သူခိုးစောင့်တဲ့ လူလောက်ပဲ ကျန်မယ်”ဟု ၎င်းက ပြောသည်။

ခရီးစရိတ်မတတ်နိုင်ခြင်း စသည့် အကြောင်းရင်းများကြောင့် ကျန်ရစ်နေရသူများလည်း ရှိနေသေးသည်ဟု ၎င်းက ဆက်ပြောသည်။

မြို့လုံးကျွတ်နီးပါး အလုအယက်ထွက်ပြေးနေကြရသဖြင့် သယ်ယူပို့ဆောင်ရေးယာဉ်များ မလုံလောက်ခြင်း၊ နေရာထိုင်ခင်း၊ အဝတ်အထည်နှင့် အစားအသောက် နည်းပါးခြင်း စသည့် လိုအပ်ချက်များစွာရှိနေသည်ဟု အကူအညီပေးနေသူ သုံးဦးထက်မနည်းထံမှ သိရသည်။

တိုက်ပွဲစဖြစ်သည့် ဇန်နဝါရီ ၇ ရက်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် မိုင်းလုံးရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲရာ နေအိမ်ထဲရှိနေသူတစ်ဦးနှင့် လမ်းသွားလမ်းလာ အမျိုးသားသုံးဦး သေဆုံးသည်အထိ ဖြစ်ခဲ့ရသည်။

ကယားပြည်နယ်မှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ စစ်ရှောင်လာသူများ၏ မော်တော်ယာဉ်များကို ဇန်နဝါရီ ၁၀ ရက် ညပိုင်း၌ တွေ့ရစဉ်။ ဓာတ်ပုံ − PDF Loikaw 

ထိုအခြေအနေတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ အင်းလေးဒေသ နမ့်ပန်မြို့၊ ညောင်ရွှေ၊ ပင်းတယ၊ ဆီဆိုင်၊ အောင်ပန်း၊ မိုးဗြဲနှင့် ပင်လောင်းစသည့် ဒေသများတွင် နေထိုင်သူတို့က စစ်ရှောင်များအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်း စုပေါင်းလုပ်ဆောင်နေသည်ကို Facebook တွင် မျှဝေထားသည့် ဓာတ်ပုံမှတ်တမ်းများတွင်လည်း တွေ့ရသည်။

လွိုင်ကော်မြို့ လေကြောင်းမှ စတင်ပစ်ခတ်ခံရသည့် ဇန်နဝါရီ ၉  ညနေ ၃ နာရီနောက်ပိုင်းမှစ၍ ယနေ့ (ဇန်နဝါရီ ၁၁) နံနက်ပိုင်းအထိ အိုးအိမ်စွန့်ခွာထွက်ပြေးလာသူ ၄၀၀ ကျော်ကို လက်ခံထားပြီးဖြစ်ကြောင်း ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ဇဝနာရာမစာသင်တိုက်၏ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“အခုက လာတဲ့သူက အရမ်းများနေတဲ့အခါကျတော့ ဦးဇင်းတို့လက်ခံနိုင်တဲ့ အတိုင်းအတာထက် အရမ်းများနေတာ။ လမ်းမှာလည်း အပြည့်ပဲ၊ လာနေတုန်းပဲ” ဟု အရှင်ဘဒ္ဒန္တကောဝိဒက မိန့်သည်။

“တချို့လည်း နီးစပ်ရာအိမ်တွေ လိုက်ရှာကြတယ်။ နီးစပ်ဆွေမျိုးမရှိတဲ့အချိန် ဦးဇင်းတို့ဆီ လာတယ်။ နောက်မှာ ကျန်ခဲ့တဲ့သူတွေကို မေးကြည့်တော့ နောက်မှာလဲ ကားလဲ ရာချီရှိသေးတယ် ပြောတယ်”

အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ပြေးလာသူများလည်း ပါဝင်ကြောင်း၊ နောက်ထပ်လာမည့်သူများကို လက်ခံနိုင်ရန်လည်း နီးစပ်ရာ အသိမိတ်ဆွေများဖြင့် ချိတ်ဆက်ထားကြောင်း ဆရာတော်က မိန့်သည်။

ထိုသို့ လိုအပ်ချက်များစွာဖြင့် ထွက်ပြေးလာသူများကို နေအိမ်တွင် လက်ခံမထားရန် နမ့်ပန်ကျေးရွာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက သူ၏ ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် လှည့်အော်ခဲ့သေးကြောင်း ရှမ်းပြည်နယ်အခြေစိုက် သျှမ်းသံတော်ဆင့်သတင်းဌာနက ရေးသားဖော်ပြထားသည်။

နမ့်ပန်ကျေးရွာကြီးရှိ ရပ်ကွက်တစ်ခု၏ အုပ်ချုပ်ရေးမှူးကသာ ထိုသို့လှည့်အော်ခဲ့ခြင်းဖြစ်ပြီး အခြားရပ်ကွက်နေသူများက စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းကူညီနေကြောင်း နမ့်ပန်မြို့နေ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၀) ညနေပိုင်းအထိ စစ်ဘေးရှောင် ၁၅ ဦးခန့် ချိတ်ဆက်လက်ခံထားပြီး ညောင်ရွှေကားလမ်းတစ်လျှောက်တွင်လည်း စစ်ဘေးရှောင်အများအပြားတွေ့ရသည်ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

“ဒီနေ့ တောင်ကြီးကနေ အပြန်လမ်းမှာ အများကြီးပဲ တွေ့တယ်။ သူတို့ကို မေးကြည့်တော့ အောင်ပန်းဘက်တို့ တောင်ကြီးဘက်တို့ ညောင်ရွှေဘက်တို့ သွားမယ်လို့တော့ ပြောတယ်” ဟု ၎င်းက ပြောသည်။

“တော်တော်များတယ်။ အများကြီးပဲ ကားတွေနဲ့ အဆက်မပြတ်ဘဲ သွားနေတာတော့။ အဲဒါတောင် မနေ့ညက ပိုများတယ် ပြောကြတယ်”

ထိုအမျိုးသမီးသည် ၎င်းတို့မိသားစုပိုင် အိမ်မှာပင် စစ်ဘေးရှောင် ၁၀၀ ခန့် ထားနိုင်ရန် ၎င်း facebook တွင် ဖုန်းနံပါတ်လေးခုဖော်ပြ၍ စစ်ဘေးရှောင်များကို ဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။

လတ်တလောတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှု ပြန်လည်မြင့်မားနေခြင်း၊ နိုင်ငံအနှံ့ စစ်ရှောင်ပြည်သူများ၏ ယာယီခိုလှုံရာနေရာများကိုပင်မချန် စစ်ကောင်စီက ပစ်ခတ်၊ တိုက်ခိုက်၊ မီးရှို့မှုများရှိနေခြင်းတို့ကိုမူ ထည့်သွင်းစဉ်းစားနိုင်ခြင်းမရှိသေးဘဲ လိုအပ်သည်များ ပံ့ပိုးနိုင်ရန်သာ အာရုံစိုက်နေရကြောင်း အထက်ပါ အကူအညီပေးနေသူများထံမှ သိရသည်။

“အဲဒါတွေလဲ မစဉ်းစားမိပါဘူး။ လောလောဆယ် စဉ်းစားမိတာက သူများဒုက္ခရောက်လို့ ကိုယ်က ကူညီသင့်တာ အဲဒီတစ်ခုပဲ စဉ်းစားတယ်။ သူများ ဒုက္ခရောက်နေပြီ ကိုယ်က တတ်နိုင်သလောက် ကူညီရမယ်၊ ကျန်တဲ့အပိုင်းတော့ မစဉ်းစားဘူးပေါ့” ဟု ဆီဆိုင်တွင် စစ်ဘေးရှောင် ၄၀၀ ကျော်ကို လက်ခံထားသည့် အရှင်ဘဒ္ဒန္တကောဝိဒက မိန့်သည်။

စစ်အာဏာသိမ်းပြီး ၁၁ လအတွင်း နိုင်ငံတစ်ဝန်းတွင် စစ်ဘေးရှောင်ပြည်သူ သိန်းနှင့်ချီ ရှိလာပြီး အများစုသည် နေရာထိုင်ခင်း၊ အစားအသောက်နှင့် ဆေးဝါးအပါအဝင် လိုအပ်ချက်များစွာရှိနေသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။

လွိုင်ကော်မြို့မှ စစ်ဘေးရှောင်များအတွက် ဖိတ်ခေါ်ပြင်ဆင်နေသည့် ရှမ်းတောင်ပိုင်းရှိ အထက်ပါ မြို့များမှာ လွိုင်ကော်နှင့် မိုင် ၃၀ မှ မိုင် ၁၀၀ ခန့် အကွာအဝေးတွင် ရှိသည်။

ပြည်သူအများအပြား နေရပ်စွန့်ခွာရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အင်ဒရူးကလည်း လွိုင်ကော်ကို ပစ်ခတ်တိုက်ခိုက်နေမှု ရပ်ဆိုင်းရန်၊ ထွက်ပြေးနေရသည့် ပြည်သူများကို ပိတ်ဆို့မထားရန် စစ်ကောင်စီကို ဇန်နဝါရီ ၁၀ တွင် တောင်းဆိုထားသည်။

၂၀၁၄ သန်းခေါင်းစာရင်းအရ လွိုင်ကော်မြို့နယ်တွင် လူဦးရေ တစ်သိန်းသုံးသောင်းခန့်သာ နေထိုင်သည်ဟု သိရသည်။ ထိုမြို့တည်ရှိရာ ကယားပြည်နယ်သည်ပင်လျှင် မြန်မာနိုင်ငံရှိ စုစုပေါင်းလူဦးရေ၏ ၀ ဒသမ ၅၆ ရာခိုင်နှုန်းသာ ရှိသည်။

လွိုင်ကော်ကဲ့သို့ပင် ချင်းပြည်နယ် ထန်တလန်မြို့နယ်သည်လည်း မြို့လုံးကျွတ် စစ်ရှောင်နေရသည်။ လူသူကင်းမဲ့နေသည့် ထန်တလန်တွင် ပြည်သူတို့၏ ပိုင်ဆိုင်မှုများ လုယက်ခံနေရပြီး နေအိမ် ၅၀၀ ကျော် မီးရှို့ခံထားရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button