အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လွိုင်ကော်တွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးသေဟု KDF ပြော

ယနေ့ (ဇန်နဝါရီ ၇) ကယားပြည်နယ်မြို့တော် လွိုင်ကော်ရှိ တိုက်ပွဲများအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသား ၄ ဦး သေဆုံးကာ လူ ၁၀၀၀ ကျော် ထွက်ပြေးနေရသည်။

နံနက် ၆ နာရီဝန်းကျင်တွင် တိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်ပြီး မိုင်းလုံးရပ်ကွက်တွင် နေအိမ်ပေါ် လက်နက်ကြီးကျ၍ သေဆုံးသူ ၁ ဦး ရှိပြီး ကျန် ၃ ဦးမှာ ရထားသံလမ်းတွင် သွားလာနေသူများဖြစ်သည်ဟု Karenni Democratic Front (KDF) တာဝန်ရှိသူက ပြောသည်။

ထိုတိုက်ပွဲတွင်း KDF တပ်ဖွဲ့ဝင် ၁ ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင် ၁ ဦးလည်း သေဆုံးကြောင်း ၎င်းက အတည်ပြုသော်လည်း စစ်ကောင်စီ၏ ထိခိုက်၊ သေဆုံးမှုကို မသိရသေးပေ။

“သူတို့ (စစ်တပ်) ဘက်ကတော့ ထိခိုက်မှုရှိနိုင်တယ်။ ကျွန်တော်တို့ အဲဒါတော့ အတည်ပြုလို့မရသေးဘူး။ မြို့တွင်းတိုက်ခိုက်မှုဖြစ်တဲ့အတွက်ကြောင့် အတိအကျ မဖြေပေးနိုင်သေးဘူး” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အရပ်သား ထိခိုက်ဒဏ်ရာရသူ ၇ ဦးထိရှိပြီး ရပ်ကွက်အတွင်း နေအိမ်များအတွင်း ပိတ်မိနေသူတို့ကို ကယ်ထုတ်နေရဆဲဖြစ်၍ စစ်ရှောင်အရေအတွက် ပိုများနိုင်သည်ဟု KDF တာဝန်ရှိသူက Myanmar Now ကို ညနေ ၄ နာရီခွဲတွင် ပြောသည်။

“စစ်ရှောင်ကူညီနေတဲ့ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းကလူတွေ ကြိုးစားပြီးတော့ ထုတ်ကူနေတယ်။ KNDF ရဲဘော်တွေကလည်း ကြိုးစားပြီးတော့ ထုတ်ကူနေတာရှိတယ်” ဟု KNDF တပ်ရင်း ၂ တာဝန်ရှိသူက ပြောသည်။

ရှမ်းပြည်နယ်ဘက်မှ စစ်ကြောင်းနှစ်ကြောင်း ကယားပြည်နယ်ဘက်သို့ လာနေပြီး လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ရှားတောမြို့နယ်များအတွင်း စစ်ရဟတ်ယာဉ်များ တစ်နေကုန် အသွားအပြန်လုပ်နေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

“သူတို့ကတော့ နည်းမျိုးစုံနဲ့ ဖိဖို့ပြင်ဆင်နေတဲ့ အနေအထားမှာ ကျွန်တော်တို့ မြင်နေရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကနေလည်း ပြန်လည်ပြင်ဆင်မှုတွေ အများကြီးလုပ်ရမယ်လို့ ကျွန်တော်တို့ မြင်မိတယ်” ဟု အထက်ပါ KNDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက ထိုသို့ ထိုးစစ်ဆင်နေချိန်တွင် ရှားတောမြို့နယ်၊ ထိုင်း−မြန်မာနယ်စပ်ရှိ နန်းပန်ချောင်းအနီးရှိ နတ်တောင်စခန်းကို သွားရောက်တိုက်ခိုက် သိမ်းယူလိုက်သည်ဟု ကရင်နီတပ်မတော် (KA) က ယနေ့ ထုတ်ပြန်ကြေညာသည်။

နတ်တောင်စခန်းမှ စစ်သား ၄ ဦးကို အရှင်ဖမ်းမိသည်၊ စခန်းသိမ်းပြီး နာရီဝက်အကြာတွင် စစ်တပ်က ရဟတ်ယာဉ်စစ်ကူဖြင့် လာရောက်ဗုံးကြဲခဲ့သော်လည်း ၎င်းတို့ဘက်မှ အထိအခိုက်မရှိဟု KA က ဆိုထားသည်။

အထက်ပါ ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး စစ်ကောင်စီထံ မေး၍ မရသေးပေ။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ဝန်းကျင်ရှိလာချိန်တွင် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုများရှိနေသည်။ 

ထိုတော်လှန်ရေးအတွင်း ကယားပြည်နယ်အတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့များကလည်း ရှေ့တန်းမှ ပါဝင်နေပြီး ကိုယ်ပိုင်ရဲတပ်ဖွဲ့ ဖွဲ့စည်းလုပ်ကိုင်နေသည်အထိ စစ်ကောင်စီ၏ အုပ်ချုပ်နိုင်စွမ်းကို စိန်ခေါ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button