သတင်း

အပစ်အခတ်ရပ်စဲရန် မင်းအောင်လှိုင်က ကမ္ဘောဒီးယားဝန်ကြီးချုပ်မှတစ်ဆင့် တောင်းဆို 

နေပြည်တော်သို့ ရောက်ရှိနေသည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ယနေ့ (ဇန်နဝါရီ ၇) တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် သက်ဆိုင်ရာအဖွဲ့အားလုံး အပစ်အခတ်ရပ်စဲရေး လက်ခံရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်းဆိုလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၂၀၂၂ ခုနှစ်အကုန်ထိ အပစ်အခတ်ရပ်စဲသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို အသိပေးခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်သည့် ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သို့သော်လည်း အာဏာသိမ်းစစ်ကောင်စီကို စိတ်ဓာတ်ပြင်းထန်စွာ ခုခံစစ်ဆင်နေသော ဒေသကာကွယ်ရေးအဖွဲ့များနှင့် အပစ်ရပ်ရေး ဖော်ပြထားခြင်း မရှိပေ။

စစ်ခေါင်းဆောင်တို့က ငြိမ်းချမ်းရေးစကားလုံးကို အာဏာစသိမ်းကတည်းက အကြိမ်ကြိမ်သုံးစွဲနေသော်လည်း စစ်ကောင်စီတပ်များနှင့် လတ်တလော ရင်ဆိုင်တိုက်ခိုက်နေသည့် KNU, KIA, MNDAA စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်ဗိုလ်ချုပ်တို့၏ ကမ်းလှမ်းချက်ကို ယုံကြည်ဟန် မပြသေးပေ။

အာဏာသိမ်းပြီး တစ်နှစ်နီးပါးရှိလာချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ခုခံတော်လှန်မှုများ မြင့်တက်နေချိန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် ဆွေးနွေးရာတွင် နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုလျက် အပစ်အခတ်ရပ်စဲရေး အလေးထားရန် မင်းအောင်လှိုင်က တောင်းဆိုခြင်း ဖြစ်သည်။

“နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှုလျက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် တောင်းဆိုသည်” ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

သို့သော် နိုင်ငံအနှံ့တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းများနှင့် လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းဖြင့်ပါ အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ထောင်ပေါင်းများစွာသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ ရပ်ကွက်ကျေးရွာများကိုလည်း မီးရှို့နေသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က ၎င်း၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွေ့အကြုံများအရ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်မှု၊ သဘောတူညီမှုတို့ မပါရှိဘဲ အလုံးစုံငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ၂၀၂၂ နှစ်အကုန်အထိ အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက်ကို ဟွန်ဆန်က ကြိုဆိုသည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံနိုင်ရေး စဉ်းစားဆောင်ရွက်ပေးသွားမည်ဟု အာဏာသိမ်းခေါင်းဆောင်က ပြောကြားသည်ဟုလည်း ဆိုသည်။​

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၎င်း၏နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီးဖြစ်သည်။

အာဏာရှင် ဗိုလ်ချုပ်ကြီးနှစ်ဦးဖြစ်သော ဟွန်ဆန်နှင့် မင်းအောင်တို့ တွေ့ဆုံရာတွင် အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက်အကြောင်း မည်သည့်အတိုင်းအတာအထိ ထည့်သွင်းဆွေးနွေးခဲ့သည်ကို မသိရပေ။

ထို့ပြင် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ခြင်း ရှိမရှိ မသိရပေ။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ခရီးစဉ်မစတင်မီ သုံးရက်အလိုဖြစ်သည့် ဇန်နဝါရီ ၃ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် မရှိကြောင်း စစ်ကောင်စီတာဝန်ရှိသူက ထုတ်ဖော်ပြောကြားထားသည်။ 

အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကြီးလေးသောပုဒ်မများအပါအဝင် အမှုပေါင်း ၁၂ မှုဖြင့် စွဲဆိုထားပြီးဖြစ်သည့်ပြင် ယနေ့ရုံးချိန်းတွင် အဂတိမှုများဖြင့် ထပ်မံစွဲဆိုရန်ရှိသည်ဟု စစ်ကောင်စီတရားရုံးက အသိပေးခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံရန် အလားအလာမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံမှ သိရသည်ဟုလည်း တရားရုံးနှင့် နီးစပ်သူက ယနေ့ရုံးချိန်းအပြီး ပြောကြားသည်။ 

လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် စပ်လျဉ်း၍ အာဆီယံအထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ AHA ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကုလသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းများပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကျင်းပမည်ဟုလည်း ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။

မြန်မာနိုင်ငံခရီးစဉ်မစတင်မီ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့် ဖုန်းမှတစ်ဆင့် ဆွေးနွေးရာတွင် မြန်မာစစ်ကောင်စီအနေဖြင့် အာဆီယံဘုံသဘောတူညီချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက လက်ရှိအခြေအနေအတိုင်း ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ပြုနိုင်မည်မဟုတ်ကြောင်း အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီက သတိပေးထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button