သတင်း

မြန်မာနိုင်ငံရောက် ဟွန်ဆန် ပြည်သူ့ဆန္ဒလေးစားရန် သတိပေးခံရ

ဝေဖန်ကန့်ကွက်နေသည့်ကြားမှ မြန်မာနိုင်ငံသို့ ယနေ့ (ဇန်နဝါရီ ၇ )နံနက် ၉ နာရီခွဲတွင် ရောက်လာသည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ကို ပြည်သူ့ဆန္ဒလေးစားလိုက်နာရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ (ဇန်နဝါရီ ၇) တိုက်တွန်းလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံမည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဟန်ဆန်သည် ယနေ့ (ဇန်နဝါရီ ၇) နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။​

မြန်မာပြည်သူတို့၏ ဒီမိုကရေစီရေးကြိုးပမ်းအားထုတ်မှုများကို လေးစားရန်၊ ပြည်သူမဲပေးရွေးချယ်ထားသည့် CRPH နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကဲ့သို့သော တရားဝင်အဖွဲ့အစည်းများနှင့်သာ ပူးပေါင်းဆောင်ရွက်ရန်လည်း ထိုထုတ်ပြန်ချက်၌ တစ်ပါတည်း အသိပေးထားသည်။

အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက်များကို လုံးဝပူးပေါင်းဆောင်ရွက်မှုမရှိသည့် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် မြန်မာ့အရေးဆွေးနွေးမည့် အစီအစဉ်အပေါ် ပြည်သူတို့က ဒေါသထွက်နေကြောင်း CRPH ၏ ကြေညာချက်တွင် ပါဝင်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ လာရောက်သည့် ခရီးစဉ်မှာ ဇန်နဝါရီ ၇၊ ၈ နှစ်ရက်တာ ကြာမြင့်မည်ဟု ဟွန်ဆန်က သူ၏ Facebook မှတစ်ဆင့် ထုတ်ပြန်ထားသည်။

ယခုခရီးစဉ်တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများနှင့် အာဆီယံအတွင်း လတ်တလောဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးသွားမည်ဟု ဟွန်ဆန်က ပြောထားသည်။

ထိုသတင်းစကားအောက်တွင် ဟွန်ဆန်၏ Facebook စာမျက်နှာတွင် မှတ်ချက်ပေးခွင့် ပိတ်ခဲ့ရသည်အထိ မြန်မာပြည်သူများ၏ ဝေဖန်မှုမြင့်တက်ခဲ့သည်။ 

စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းက ကမ္ဘောဒီးယားသို့ သွားသည့် ခရီးစဉ်အတွင်း ဟွန်ဆန်ကို မြန်မာသို့ လာရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ 

ထိုခရီးစဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့ပေါင်း ၂၆၀ ပါဝင်သည့် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က ပြီးခဲ့သည့် ဇန်နဝါရီ ၄ က သဘောထားထုတ်ပြန်ထားသည်။

“ဒီလောက် အဘက်ဘက်က ဝေဖန်တိုက်ခိုက်နေတဲ့ကြားက ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်အနေနဲ့ရော ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ရော အာဆီယံအဖွဲ့ကြီးတစ်ခုလုံးအတွက်ရော ဂုဏ်သိက္ခာညှိုးနွမ်းသွားပြီလို့ ပြောချင်တယ်” ဟု GSCB အဖွဲ့ဝင် ကိုချစ်ဝင်းမောင်က ပြောသည်။

မြန်မာတွင် နှစ်ရက်တာရှိနေမည့် ဟွန်ဆန်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်နေမည်ဖြစ်ကာ စစ်ကောင်စီကို ထောက်ပံ့၊ ကူညီသည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို တွန်းလှန်တိုက်ခိုက်မည်ဟု ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ရဲ့စုစည်းတိုက်ခိုက်မှုက အာဏာရှင်အစုစု ပြိုလဲပျက်စီးရလိမ့်မယ်လို့ ယုံကြည်တယ်” ဟု ကိုချစ်ဝင်းမောင်က ပြောသည်။

အဆိုပါ ခရီးစဉ်ဖြစ်လာမည်ဟု သတင်းစတင်ထွက်ပေါ်ပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက် နံနက်တွင် ရန်ကုန်မြို့ရှိ ကမ္ဘောဒီးယားသံရုံးအနီး ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ခဲ့သေးသည်။

သို့သော် မြန်မာဘက်က လုံခြုံရေးတိုးမြှင့်ပေးထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောထားသည်။

ဟွန်ဆန်၏ ယခုခရီးစဉ်တွင် ဖမ်းဆီးခံထားရသည့် အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမည်မဟုတ်ဟု စစ်ကောင်စီဘက်က RFA သတင်းဌာနမှတစ်ဆင့် ဇန်နဝါရီ ၄ တွင် ထုတ်ဖော်ပြောဆိုပြီးဖြစ်သည်။

ပြည်သူမဲပေးရွေးချယ်သည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် တစ်နှစ်ဝန်းကျင်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ခတ်နေသည့် စစ်ကောင်စီအပေါ် လူထုက လက်မခံသဖြင့် နိုင်ငံအနှံ့ ရရာလက်နက်ဖြင့် ခုခံမှုများပင် ပြုလုပ်နေသည်။

“တစ်နိုင်ငံလုံးက ပြည်သူလူထုကို သတ်ဖြတ်နေချိန်မှာ သူက လာပြီးတော့ စစ်ခေါင်းဆောင်တွေကို တရားဝင်အစိုးရလို အသိအမှတ်လာပြုတာဟာ မြန်မာပြည်သူလူထုရဲ့မကျေနပ်ချက် ဒေါသကို နှိုးဆွတယ်လို့ပဲ ထင်တယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

“မြန်မာပြည်သူလူထုတွေခံရတဲ့ သောကတွေ ဒုက္ခတွေကို လာပြီးလှောင်ပြောင်တယ်လို့ပဲ ခံစားရတယ်။ ဒီလုပ်ရပ်က မြန်မာနဲ့ ကမ္ဘောဒီးယားကြား နှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်စေသလို ပြည်သူလူထုကြားလဲ မကျေနပ်ချက်တွေ မကျေလည်မှုတွေ တိုးလာနိုင်တယ်လို့ မြင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ကမ္ဘာဒီးယားဝန်ကြီးချုပ်မှာ အာဏာသိမ်းစစ်ကောင်စီကို ပထမဆုံးလာရောက်တွေ့ဆုံသည့် နိုင်ငံတကာခေါင်းဆောင်ဖြစ်သည်။ ၃၇ နှစ်ကြာသည်အထိ အာဏာကို တောက်လျှောက်ဆုပ်ကိုင်ထားနိုင်သည့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်တစ်ဦးဖြစ်သူ ဟွန်ဆန်သည် အာဏာကို မိသားစုလိုက် ပဒေသရာဇ်ဆန်ဆန် ချုပ်ကိုင်ထားသူဟု နာမည်ကြီးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button