မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက ရွာသားတစ်ဦးကို ပျူစောထီးအဖွဲ့က လာရောက်ဖမ်းဆီးပြီး နောက်တစ်ရက်တွင် အလောင်းလာထုတ်ရန် အကြောင်းကြားခဲ့သည်ဟု ဒေသခံနှစ်ဦးထံမှ သိရသည်။
မြင်းခြံမြို့မှ တစ်မိုင်အကွာရှိ လယ်သစ်ရွာမှ အသက် ၄၃ နှစ်အရွယ် ကိုရဲဝင်းဇော် (ခေါ်) ကိုကုလားဆိုသူကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည်ဆိုသော ပျူစောထီးအဖွဲ့ဝင်လေးဦးက သူခိုးဟု စွပ်စွဲကာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“အိပ်နေတုန်း(ကိုရဲဝင်းဇော်ကို) ဝင်ဖမ်းတာ၊ သူခိုးဆိုပြီး။ ရိုက်နှက်ပြီး အအေးပတ်သေတယ် ပြောတာ။ အလောင်းမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေ တွေ့တယ် ကြားတာပဲ” ဟု အသက် ၄၀ ကျော်အရွယ် အဆိုပါ ဒေသခံအမျိုးသမီးက ဆိုသည်။
စစ်ကောင်စီတပ် တပ်စွဲထားသည့် ကျေးရွာစာသင်ကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့ နံနက်ပိုင်းတွင် အအေးပတ်သေဆုံးသည်ဆိုကာ မိသားစုကို အကြောင်းကြားပြီး အလောင်းပြန်ထုတ်ခိုင်းခဲ့ကြောင်း၊ ထိုနေ့ (ဒီဇင်ဘာ ၂၆) ၌ပင် မိသားစုက မီးသင်္ဂြိုဟ်ခဲ့ရကြောင်း အထက်ပါအမျိုးသမီးက ဆက်ပြောသည်။
“ပျူစောထီးနဲ့ အရင်က ရန်ငြိုးရန်စတွေလည်း မရှိပါဘူး။ သူတို့က (ဖမ်းဆီးခံရသူမိသားစု) က မရှိဆင်းရဲသားတွေပါ” ဟု ၎င်းက ဆိုသည်။
လာရောက်ဖမ်းဆီးသူလေးဦးမှာ လယ်သစ်ရွာသားများဖြစ်သည့် အောင်မိုး၊ မောင်မင်း၊ ကိုပေါက်၊ အောင်ဇော်ထွန်း ဆိုသူတို့ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်များဖြစ်သည်ဟု ဒေသခံအချို့က ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
ရပ်ရွာရန်ပုံငွေမှ ကျပ် ၁၉ သိန်းထုတ်ယူ၍ နစ်နာကြေး လာပေးစဉ် ကိုရဲဝင်းဇော်သေဆုံးခြင်းမှာ စစ်တပ်နှင့် မသက်ဆိုင်ကြောင်း စစ်ကောင်စီတပ်က မိသားစုဝင်များကို ပြောခဲ့သည်ဟု နောက်ထပ် လယ်သစ်ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပျူစောထီးအဖွဲ့ဝင်များက လာရောက်ဖမ်းဆီးပြီး သေဆုံးခဲ့သည်ဆိုသော ကိုရဲဝင်းဇော်၏ မိသားစုဝင်များနှင့် စစ်ကောင်စီတာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
သေဆုံးသူ ကိုရဲဝင်းဇော်တွင် အသက် ၄၀ အရွယ် ဇနီးနှင့် သားသမီးလေးဦး ကျန်ရစ်သည်ဟု သိရသည်။
လယ်သစ်ရွာမှ ပျူစောထီးအဖွဲ့ဝင်များမှာ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် ပါတီထောက်ခံသူများ၏ နေအိမ်မှ ပစ္စည်းများယူဆောင်သည်၊ အရေးပေါ်ကျန်းမာရေးကိစ္စအတွက် အသုံးပြုသည့် ရွာပိုင်မော်တော်ယာဉ်ကို သိမ်းယူထားသည် ဟုလည်း ရွာခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်က လူဦးရေ ၁၀၀၀ ကျော်ရှိ မြင်းခြံမြို့အနီးမှ လယ်သစ်ကျေးရွာကို မေလကတည်းက ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ဝင်ရောက်တပ်စွဲစဉ် အသက် ၁၆ နှစ်ရွယ် နဝမတန်းကျောင်းသားတစ်ဦးကို ပစ်သတ်ခဲ့သည့်ပြင် ရွာခံအချို့ကိုလည်း ဖမ်းဆီးခဲ့သည်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက် ဆန္ဒပြပွဲများ အားကောင်းခဲ့သည့် လယ်သစ်ကျေးရွာမှ NLD ပါတီဝင်များနှင့် ဆန္ဒပြပွဲများတွင် ပါဝင်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း သိရသည်။
ငြိမ်းချမ်းစွာဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီဘက်တော်သား သတင်းပေးဒလန်ဆိုသူများနှင့် အုပ်ချုပ်ရေးမှူးများကို လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် စစ်တပ်က ကျောထောက်နောက်ခံပြုထားသည်ဟု လူအများစုယုံကြည်ထားသည့် ပျူစောထီးဆိုသော အဖွဲ့များလည်း ပေါ်ပေါက်ခဲ့သည်။
မန္တလေးတိုင်း မြင်းခြံမြို့တွင် ပေါ်ပေါက်လာသည့် ပျူစောထီးအဖွဲ့က NLD ပါတီဝင်များနှင့် ထောက်ခံသူများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ကာ မြို့ခံ ၃၈ ဦး၏အမည်ကို ဇွန်လကုန်ပိုင်းတွင် ကြေညာခဲ့သည်။ ထိုသို့ကြေညာပြီးနောက် ဇူလိုင် ၂ ရက်တွင် မြို့နယ် NLD ပါတီ အလုပ်အမှုဆောင်ဟောင်း ဇနီးမောင်နှံ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
အဆိုပါဇနီးမောင်နှံကို မြင်းခြံမြို့နေအိမ်၌ သေနတ်ဖြင့် အနီးကပ်လာရောက်လုပ်ကြံသူများက “ပျူစောထီးအဖွဲ့က ပစ်တာကွ” ဟု အော်ဟစ်ကြုံးဝါးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



