အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြစ်ခြေမြို့တွင် စစ်ကားနှစ်စီးကို PDF များ မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်နှစ်စီးကို ယမန်နေ့ (ဒီဇင်ဘာ ၁၃) နံနက်က လက်လုပ်မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ နှစ်ဖွဲ့က ပြောသည်။ 

လက်နက်ကိုင် ၃၀ ခန့် လိုက်ပါသော မော်တော်ယာဉ်နှစ်စီးကို မြစ်ခြေ-ကျွန်းချောင်း ဒေသကာကွယ်ရေးအဖွဲ့ (MC-KCDF) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပခုက္ကူမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့ (PPDF) ၏ သတင်းပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ဆိပ်ဖြူ-ကျွန်းချောင်းလမ်းပေါ်တွင် ဖြစ်ပေါ်ခဲ့သော အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးသွားသည်ဟု ယူဆရကြောင်း၊ စစ်ကားတစ်စီး ပျက်စီးသွားကြောင်း ထိုနှစ်ဖွဲ့လုံး၏ ပြန်ကြားရေးတာဝန်ခံများက ပြောသည်။

“တစ်စီးက စုတ်ပြတ်သွားပြီး ဘာမှဆက်လုပ်လို့မရလို့ ဒီအတိုင်းထားခဲ့ရတဲ့အနေအထား။ ကျွန်တော်တို့လူတွေ မျက်မြင်ကတော့ တစ်စီးလုံး မြောက်တက်ပြီး ပျက်သွားတယ်ဆိုတဲ့ခါကျတော့ ခန့်မှန်းကတော့ အဲဒီပေါ်မှာ ခန့်မှန်း ၁၅ ယောက်လောက်ပါတယ်။ သေဆုံးကတော့ ၇ ဦးထက်မနည်း ဖြစ်ဖို့များတယ်” ဟု PPDF တာဝန်ရှိသူက  ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

MC-KCDF အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုနဂါးကြီးက မိုင်းထိပျက်စီးသွားသည့် ယင်းကားကို အခြားကားတစ်စီးဖြင့် ဆွဲယူကာ လာရာလမ်းအတိုင်း ပြန်လှည့်သွားသည်ဟု ပြောသည်။

“ကျွန်တော်တို့ အတွင်းသတင်း ရပါတယ်။ ၇ ယောက် အတည်ပြုနိုင်တယ်။ နောက်ထပ် သေမဲ့သူတွေ ရှိသေးတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ဆေးရုံမှာ မနိုင်တော့ဘူးလို့ သတင်းရတယ်” ဟု ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် ယနေ့ (ဒီဇင်ဘာ ၁၄) ညပိုင်းတွင် အနီးအနားဝန်းကျင်ရှိ စံကျောင်း (စညောင်း)၊ ဒယ်ပြား စသည့် ကျေးရွာများကို ဝင်ရောက်မွှေနှောက်ရန် စစ်ကား၁၀ စီးခန့် မြစ်ခြေမြို့၌ ရောက်ရှိနေကြောင်း သတင်းကြားရသဖြင့် ဒေသခံများ ရှောင်တိမ်းနေကြကြောင်း ပခုက္ကူမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

“အဲဒီနားတော့ ဘယ်သူမှ မကပ်ရဲဘူးလေ။ အနီးအနားက ရွာတွေတော့ ပြေးကြတာပေါ့။ ဒီဖြစ်စဉ်ကြောင့်မို့လို့ ညမှာ တက်လာနိုင်တယ်လို့ ယူဆကြလို့” ဟု ထိုတာဝန်ခံက ပြောသည်။

ယခုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက်မရသေးသလို ထိုဖြစ်ရပ်မျိုးကိုလည်း စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ မရှိပေ။ 

အာဏာသိမ်းစစ်ကောင်စီက လက်နက်ကိုင်ခုခံသူတို့ကို အကြမ်းဖက်သမားများအဖြစ် တံဆိပ်ကပ်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ကလည်း ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ရေနံတင် ဘောက်ဆာကားများနှင့် လုံခြုံရေးယာဉ်တန်းကို ဒေသခံ မြိုင်နှင့် ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တို့ ပူးပေါင်းတိုက်ခိုက်ရာ ဆီဘောက်ဆာယာဉ်တစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့် သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles