အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာဘီယာကုမ္ပဏီဖျက်သိမ်းရေး ဦးပိုင်က သဘောတူညီချက် ချိုးဖောက်ဟု ကီရင်ထုတ်ပြန် 

မြန်မာဘီယာထုတ်လုပ်သည့် မြန်မာဘရူဝါရီကုမ္ပဏီဖျက်သိမ်းရန် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ၏ လျှောက်ထားမှုမှာ ဖက်စပ်လုပ်ငန်းဆိုင်ရာ သဘောတူညီမှုကို ချိုးဖောက်နေကြောင်း ဂျပန်နိုင်ငံမှ အဖျော်ယမကာလုပ်ငန်းကုမ္ပဏီ ကီရင်က ယနေ့ (နိုဝင်ဘာ ၂၄) တွင် သတင်းထုတ်ပြန်လိုက်သည်။

“တရားမျှတမှု မရှိဘဲ ဖက်စပ်လုပ်ငန်းသဘောတူညီချက်ကို မသိကျိုးကျွန်ပြုပြီး ကုမ္ပဏီဖျက်သိမ်းရေး လျှောက်ထားခဲ့ခြင်းက အမှန်ပဲစိတ်မကောင်းစရာ ဖြစ်ပါတယ်။ ညှိနှိုင်းဆောင်ရွက်ရာမှာ ကျွန်တော်တို့ အဆိုပြုတာတွေကို ပယ်ချပြီး ဦးပိုင်ကုမ္ပဏီက ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး” ဟု စစ်တပ်ပိုင်ကုမ္ပဏီနှင့် လက်တွဲဖြုတ်ရန် အစောပိုင်းကတည်းက ကြိုးပမ်းနေခဲ့သည့် ဂျပန်ဘီယာကုမ္ပဏီက ဆိုသည်။

ဦးပိုင်ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း ချိုးဖောက်နေကြောင်း၊ တရားမျှတမှု သံသယရှိသဖြင့် ဦးပိုင်၏ လျှောက်ထားမှုကို ငြင်းပယ်ရန် မေတ္တာရပ်ခံသွားမည် ဖြစ်ကြောင်း Myanmar Now က ရရှိထားသည့် ကီရင်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရသည့် မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဦးပိုင်ကုမ္ပဏီက ဂျပန်ကီရင်ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်နေသည့် မြန်မာဘရူဝါရီကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေညာခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကုမ္ပဏီဖျက်သိမ်းရေးလျှောက်ထားမှုနှင့် ပတ်သက်၍ ဦးပိုင်ကုမ္ပဏီမှ အထွေထွေမန်နေဂျာတစ်ဦးဖြစ်သူ ဦးလှမျိုးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဥပဒေအတိုင်း ဆက်လက်လုပ်ကိုင်နေသည်ဟု ပြောသည်။

“လောလောဆယ်တော့ ဘာမှ အပြည့်အစုံပြောလို့ မရသေးဘူး။ ဥပဒေအတိုင်းပဲ ရှိမှာပါ။ ပြောလို့မရသေးဘူး။ ပြောနိုင်စွမ်း မရှိသေးဘူး” ဟု ဦးလှမျိုးက ပြောသည်။ 

စစ်တပ်ပိုင်ကုမ္ပဏီနှင့် လက်တွဲဖြုတ်ရန် ဥပဒေကြောင်းအရ ကြိုးပမ်းနေကြောင်း ကီရင်ကုမ္ပဏီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုပြီး မကြာမီတွင် ကုမ္ပဏီဖျက်သိမ်းရေး လျှောက်ထားကြောင်း ဦးပိုင်ကုမ္ပဏီက ကြေညာခဲ့ခြင်းဖြစ်သည်။ 

အဆိုပါလျှောက်ထားမှု အတည်ပြုခဲ့ပါက ဖက်စပ်ကုမ္ပဏီဖျက်သိမ်းရေးကို ဦးပိုင်က ထိန်းချုပ်သွားလိမ့်မည်ဖြစ်ကြောင်း၊ ဖက်စပ်လုပ်ငန်းကို ပွင့်လင်းမြင်သာမှုရှိရှိဖြင့် တရားမျှတစွာ တတ်နိုင်သမျှ အမြန်ဆုံးအဆုံးသတ်သွားရေး ဟူသော ကုမ္ပဏီ၏မူဝါဒမှာ အပြောင်းအလဲမရှိကြောင်း ကီရင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်ကုမ္ပဏီသည် အာဏာမသိမ်းမီကတည်းက စစ်တပ်ပိုင်ကုမ္ပဏီနှင့် လက်တွဲဖြုတ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ မြန်မာဘရူဝါရီကုမ္ပဏီကို စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းနှင့် ဂျပန်ကီရင်ကုမ္ပဏီက ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာဘီယာထုတ်လုပ်သည့် ကုမ္ပဏီမှာ ရောင်းအားကျဆင်းခဲ့ရာ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၄ သန်း ရှိကြောင်း ကီရင်ကုမ္ပဏီ၏ လက်ရှိဘဏ္ဍာနှစ် တတိယသုံးလပတ်အစီရင်ခံစာတွင် ဖော်ပြသည်။ 

ဦးပိုင်ကုမ္ပဏီနှင့် အကျိုးတူလုပ်ကိုင်နေခြင်းကို အဆုံးသတ်မည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အလွန်စိုးရိမ်ပူပန်ကြောင်း ကီရင်ကုမ္ပဏီက ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့သည်။ 

ရိုဟင်ဂျာများနှင့် တိုင်းရင်းသားလူမျိုးစုများအပေါ် ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေသည့် မြန်မာစစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်နေခြင်းကို အဆုံးသတ်ရန် ဂျပန်ကီရင်ကုမ္ပဏီကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အစဉ်တစိုက် ဖိအားပေးနေခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button