အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြည်မြို့နယ်ရှိ စစ်တပ်ကင်းစခန်းကို PDF တိုက်ခိုက်

ပဲခူးတိုင်း၊ ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အခြေစိုက်သည့် စစ်တပ်ကင်းစခန်းကို ယနေ့ (နိုဝင်ဘာ ၁၂) နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားကြောင်း ပဲခူးတိုင်းဒေသကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က သတင်းထုတ်ပြန်သည်။

ပြည် PDF က နံနက် ၂ နာရီ မိနစ် ၄၀ တွင် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့ဘက်မှလည်း တစ်ဦးသေဆုံးကြောင်း ပဲခူးတိုင်း PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးတာပါ။ မျက်မြင်တွေကတော့ အရာရှိ ဒဏ်ရာရ၊ လူနာတင်ကားနဲ့သယ်၊ အလောင်းသုံးလောင်း အိတ်အမဲနဲ့ သယ်သွားတယ်လို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်မှုအသေးစိတ်အခြေအနေများကိုမူ PDF ဘက်က ထုတ်မပြောပေ။ ထို့အတူ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်လည်း လက်ခံဖြေဆိုခြင်းမရှိပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မှော်ဇာကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီးတွင် နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကမူ ပစ်ခတ်မှုဖြစ်ပွားသည်မှာ မှန်ကန်သော်လည်း လုံခြုံရေးအခြေအနေအရ ထွက်မကြည့်ရဲ၍ ထိခိုက်၊ သေဆုံးမှု ကိစ္စများကို အတည်မပြုနိုင်သေးဟု ပြောသည်။

နံနက် ၂ နာရီခွဲဝန်းကျင်တွင် ဗုံးနှစ်လုံး ပေါက်ကွဲသံကြားရပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်သည့် အသံများ ၁၅ မိနစ်ခန့် ကြားရသည်ဟု ထိုသူက ပြောသည်။

“အစစ်အဆေးတွေတော့ ရှိတယ်ဗျ။ တစ်အိမ်တက် တစ်အိမ်ဆင်းစစ်တာ မနက်ပိုင်းမှာ။ ဖမ်းတာဆီးတာတော့ မရှိဘူး။ စစ်သားတွေ ဝင်စစ်သွားတာ” ဟု ၎င်းက ဆိုသည်။

ဇူလိုင်လဆန်းကလည်း မှော်ဇာကျေးရွာအနီးရှိ ရန်ကုန်- ပြည် ရထားလမ်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သေးသည်။ ထိုအချိန်မှစ၍ ထိုကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးတွင် စစ်တပ်က စခန်းချနေခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်တွင်ရှိသည့် ပဲခူးတိုင်း PDF ကို တိုင်းအတွင်းရှိ မြို့နယ် ၂၈ ခုမှ PDF အဖွဲ့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အောက်တိုဘာ ၂၃ က ပဲခူးတိုင်း ဖြူးမြို့နယ်တွင် ဖြူး PDF နှင့် ရဲတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတစ်ဦး သေဆုံးသည်။ ထို့အတူ နိုဝင်ဘာ ၉ ရက်တွင် ဖြူးမြို့နယ်အတွင်းရှိ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၀ အနီး ရဲကင်းစခန်းကို PDF က တိုက်ခိုက်ရာတွင် ရဲ ၅ ဦး သေဆုံးသည်။

စစ်ကောင်စီ၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပစ်မှတ်များကို ဒေသခံအဖွဲ့များ လက်တွဲ၍ အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ပဲခူး PDF က ဆိုသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်တပ်ကို ပြန်လည်ခုခံမှုများ နိုင်ငံအနှံ့ အားကောင်းလာနေသည်။

NUG ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပေါင်းကာ ဗဟိုစစ်ရေးကော်မတီကို ဖွဲ့စည်းထားပြီး နိုင်ငံအနှံ့ ပြန့်ကျဲနေသည့် PDF များကို စုစည်း၍ စစ်ကောင်စီကို ထိရောက်စွာရင်ဆိုင်မည်ဟု ဆိုထားသည်။

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား ပြည်နယ်များအတွင်း စစ်ကောင်စီက စစ်အင်အား အလုံးအရင်းပို့လွှတ်နေချိန်တွင် ပဲခူး၊ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများရှိ PDF အဖွဲ့များကလည်း တိုက်ခိုက်မှုများကို အရှိန်မြှင့်၍ လုပ်ဆောင်နေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button