အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကယားအဝင်တွင် သုံးရက်ကြာတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ပြန်ဆုတ်

ရှမ်းပြည်နယ်ဘက်မှ ကယားပြည်နယ်လွိုင်ကော်သို့ စစ်ကြောင်းထိုးချီတက်လာသော စစ်ကောင်စီတပ်မှာ ကရင်နီဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များနှင့် သုံးရက်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် တပ်ပြန်ဆုတ်ခဲ့ရသည်။

စက်တင်ဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှ စတင်စစ်ကြောင်းထိုး ချီတက်လာသော စစ်ကောင်စီတပ်သည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အပါအဝင် ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီးမော့ဆို အခြေစိုက် ကာကွယ်ရေးတပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၃၀ တွင် တပ်ပြန်ဆုတ်ခဲ့ရသည်။ 

“ကျွန်တော်တို့ ဝိုင်းတိုက်တဲ့အခါကျတော့ သူတို့ (စစ်တပ်) (ကယားပြည်နယ်) ကို မရောက်ဘူး။ ကုန်းသာမှာ တိုက်ပွဲပြင်းထန်တဲ့အခါကျတော့ ကယားဘက်ကို ဝင်မသွားနိုင်ဘဲနဲ့ မိုးဗြဲဘက်ကို တပ်ပြန်ဆုတ်သွားတာဗျ” ဟု သုံးရက်ကြာတိုက်ပွဲများအတွင်း ပါဝင်ခဲ့သည့် ဖယ်ခုံ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စက်တင်ဘာ ၃၀ ရက်တွင် စစ်ကောင်စီတပ်က ကျဆုံးအလောင်းများ လာကောက်စဉ် ကုန်းသာရွာအတွင်းသို့ လက်နက်ကြီး အလုံး ၃၀ ကျော် ပစ်ခတ်ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲရေကာတာအနီးရှိ ခလရ ၄၂၂ တပ်ရင်းသို့ ပြန်ဆုတ်သွားသည်ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကယားပြည်နယ်အဝင် ကုန်းသာရွာအနီး တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ဖယ်ခုံ PDF မှ ၄ ဦး၊ KNDF တပ်ဖွဲ့ဝင်နှစ်ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ ဖယ်ခုံ PDF အဖွဲ့ဝင်က “သေဆုံးတဲ့သူ တော်တော်ကို များတယ်။ ဒဏ်ရာရတဲ့သူလည်း တော်တော်များတယ်။ ပစ်ခတ်နေတဲ့အချိန် အနီးကပ်အခါကျတော့ သူတို့ရဲဘော်တွေ ငယ်သံပါနဲ့ အော်ငိုနေတဲ့သူတွေတောင် အများကြီးရှိတယ်” ဟု ပြောသည်။ 

ဖယ်ခုံမှ လွိုင်ကော်သို့ စစ်ကြောင်းချီလာသည့် လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ကို KNDF အပါအဝင် ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်က ပြန်ဆုတ်ချိန်တွင် ကုန်းသာရွာနှင့် အနီးရှိ ဆောင်ကန်းရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာ ၂၇ ရက်က ဖယ်ခုံမြို့နယ်အဝင် ကုန်းဆုံကျေးရွာနှင့် ကသဲကျေးရွာအနီး ပင်လောင်း – ဖယ်ခုံ ကားလမ်းမပေါ်တွင် ခြောက်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးများပါ အသုံးပြုခဲ့ကြောင်း ဖယ်ခုံ PDF ကလည်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားအချို့ ထိခိုက်ဒဏ်ရာရခဲ့သည့်နည်းတူ ဖယ်ခုံမြို့နယ် ကကဲကျေးရွာသားတစ်ဦးမှာ နွားကျောင်းနေစဉ် ရင်ဘတ်ကျည်ထိမှန်ကာ သေဆုံးခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှ ကယားပြည်နယ် လွိုင်ကော်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာများ။ 

စစ်ကြောင်းမဝင်လာမီ နယ်မြေခံတပ်ရင်းများကလည်း လမ်းကြောင်းရှင်းသည့်အနေဖြင့် ကြိုတင်ကင်းပုန်းဝပ်ကာ ဒေသခံ PDF များကို တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ကူပေးခဲ့ကြောင်း သိရသည်။ 

“(စစ်တပ်) လမ်းကင်းနဲ့လည်း ကျွန်တော်တို့က တစ်ခါတိုက်ရတယ်။ ဝင်လာတဲ့သူတွေနဲ့လည်း တစ်ခါတိုက်ရတယ်ဆိုတော့ ကျွန်တော်တို့က အခက်အခဲတွေ အဲလိုမျိုးဖြစ်တယ်။ အဲဒါကြောင့်မို့လို့ သူတို့က ဆက်ထွက်နိုင်တယ်” ဟု စစ်ကောင်စီစစ်ကြောင်း ဆက်လက်ချီတက်နိုင်ခဲ့ပုံကို ဖယ်ခုံ PDF အဖွဲ့ဝင်က ပြောသည်။ 

စက်တင်ဘာ ၂၇ ညနေပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းမှ ကားအစီး ၂၀ ကျော်သည် ဖယ်ခုံမြို့ပေါ်ရှိ အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) တွင် စခန်းချ ညအိပ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ကျန်စစ်ကားအစီး ၂၀ ခန့်သည် မိုးဗြဲမြို့သို့ ဆက်လက်သွားရောက်စဉ် ဖယ်ခုံနှင့် မိုးဗြဲကြားရှိ ခေါင်းမိုင်းရွာအနီးတွင် ကရင်နီပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံရသော်လည်း မိုးဗြဲရေကာတာအနီးရှိ ခလရ ၄၂၂ တပ်ရင်းတွင် စခန်းချနိုင်ခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာ ၂၈ နံနက်ပိုင်းတွင် စကခ ၇ ၌ ညအိပ်ရပ်နားပြီးနောက် ခြေလျင်ချီတက်လာသည့် စစ်ကောင်စီတပ်သည် ကရင်နီပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။  

“ယာဉ်တန်းနဲ့လာတာ၊ ဒါပေမဲ့ ကျွန်တော်တို့ အဆင့်ဆင့်ဖြတ်တိုက်တဲ့အခါကျတော့ ကားပေါ် မစီးရဲဘဲနဲ့ ကားတွေက သက်သက်လိုက်တယ်၊ လူတွေက သက်သက်သွားတယ်။ ကားပေါ်ဆိုရင်တော့ မိုင်းမိမှာ ကြောက်လို့ပေါ့” ဟု ဖယ်ခုံ PDF အဖွဲ့ဝင်က ပြောသည်။ 

မိုးဗြဲရှိ ခလရ ၄၂၂ တပ်ရင်းတွင် စခန်းချခဲ့သည့် စစ်ကောင်စီတပ်ကိုလည်း စက်တင်ဘာ ၂၉ တွင် ကယားပြည်နယ်အဝင် ကုန်းသာရွာတွင် အင်အားထောင်ဂဏန်းရှိ ကရင်နီပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ 

ထိုနေ့တွင် ကုန်းသာရွာ၌ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးအနားကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။ 

စစ်ကောင်စီ၏ အဆိုပါစစ်ကြောင်းသည် လွိုင်ကော်မှတစ်ဆင့် တိုက်ပွဲပြင်းထန်နေသော ဒီးမော့ဆိုတွင် အင်အားဖြည့်တင်းရန် ချီတက်လာသည်ဟု ယူဆရကြောင်း ၎င်းက ပြောသည်။ 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စက်တင်ဘာ ၂၅ နှင့် ၂၆ ရက်များက တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ အင်အားရာချီသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း အရပ်သားအချို့ သေဆုံးခဲ့သည့်နည်းတူ နေအိမ် ၃၀ ခန့်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button