အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဧရာဝတီတိုင်းတွင် PDF သံသယဖြင့် အများအပြား အဖမ်းခံရ 

စစ်ကောင်စီတပ်များ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သဲဖြူကျေးရွာနှင့် အနီးဝန်းကျင် ရွာများတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များ ခိုအောင်းနေသည်ဟူသော သံသယဖြင့် ဝင်ရောက် ရှာဖွေဖမ်းဆီးနေသည်။ 

သဲဖြူကျေးရွာတွင် စခန်းချတပ်စွဲထားကာ ဗျူဟာမှူးတစ်ဦး ကွပ်ကဲဆောင်ရွက်နေသည်ဟု ဒေသခံ ရွာသားတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

“၂၅ ရက် နေ့လယ်လောက်က စဝင်တာ။ ဆိုင်ကယ် ၁၃ စီး၊ ၁၄ စီး။ ၂ ယောက်ကို တစ်စီးနဲ့ လာပြီးတော့ ရွာထိပ်က အုပ်ချုပ်ရေးမှူးအိမ်မှာ နေတယ်။ နောက် ဒလန်လို့ လူတွေပြောတဲ့အိမ်။ လူမရှိဘူး၊ အဲ့ဒီအိမ်မှာ (စစ်တပ်က) နေတယ်။ ညဘက် ၇ နာရီလောက်ကျ တောကို တက်ရှင်းတယ်” ဟု ထိုရွာသားက ပြောသည်။

သဲဖြူရွာအနီးရှိ တောအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်သွားပြီး တောင်ယာလုပ်ကိုင်နေသူ ၁၆ ဦးဝန်းကျင်ကို ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျွဲတဲကြီးဆိုတဲ့ အဲ့ဒီနေရာမှာ တောင်ယာလုပ်နေတဲ့ တဲစု ရှိတယ်။ သူတို့က အမြဲနေကြတဲ့သူတွေ။ အဲ့ဒီတဲက အစုတွေကို ဖမ်းခေါ်သွားတာ။ ကျွန်တော်တို့က ဘာမှန်းမသိဘူး။ အိမ်ထဲတွေကနေ ချောင်းကြည့်နေရတယ်။ လူနှစ်ယောက်ကို ကြိုးတုပ်ထားတယ်။ ကလေးတွေ၊ မိန်းမတွေလည်း ပါတယ်။ မီးတွေ ပိတ်ထားကြတော့ (ဖမ်းခံရတဲ့သူတွေကို) သဲသဲကွဲကွဲ မတွေ့ရဘူး”ဟု မျက်မြင်တွေ့ရသည့် ထိုရွာသားက ဆက်ပြောသည်။

ထို့ပြင် စက်တင်ဘာ ၂၆ တွင် ဒေသခံ ၃၀ ဝန်းကျင်ကို ထပ်မံဖမ်းဆီးပြီး သဲဖြူရွာအဝင်အထွက်ကို စစ်ဆေးနေသည်ဟု ၎င်းက ဆိုသည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် PDF သံသယဖြင့် ဖမ်းဆီးခံရသူအရေအတွက်ကို မသိရသေးသလို စစ်ကောင်စီက ထိုဖမ်းဆီးမှုများကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာခြင်းကြောင့် သဲဖြူရွာ ဒေသခံတို့ စိုးရိမ်ထိတ်လန့်နေကြပြီး ရွာတွင်းရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သော ဝန်ထမ်းများလည်း လုံခြုံမည့်နေရာများသို့ တိမ်းရှောင်နေကြရသည်။

တောင်ယာလုပ်ကိုင်သူ ၁၆ ဦးကို စက်တင်ဘာ ၂၅ တွင် ငပုတောရဲစခန်းသို့ ပို့လိုက်ကြောင်း ဒေသခံ နောက်တစ်ဦးက ပြောသည်။

“၁၆ ယောက်ကို အမှုဖွင့်လိုက်ပြီ။ သဲဖြူရွာရဲ့အရှေ့ဘက် ညောင်ဝိုင်းကျေးရွာအနီးက တောထဲမှာ လက်နက်ခဲယမ်းတွေ မိတယ်ဆိုပြီး ပြောတယ်။ ပုသိမ်နတခ (အနောက်တောင်တိုင်းစစ်ဌာချုပ်) က ဗျူဟာမှူးကိုယ်တိုင် သဲဖြူရွာမှာ အထိုင်ချထားတယ်။ အင်အားရာကျော်နဲ့ သံပတ်ကွင်း(ရွာ)ရယ်၊ သစ်ရောင်း(ရွာ)ရယ်၊ ညောင်ဝိုင်းရွာနောက်ဘက် တောထဲရယ် စစ်ကြောင်း ၃ ကြောင်း ခွဲပြီးတော့ ရှာနေတယ်” ဟု သူက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ကလည်း ကန်ကြီးထောင့်မြို့နယ်၊ မအူကျွန်းရွာကို PDF အခြေစိုက်စခန်းရှိသည်ဟူသော သံသယဖြင့် စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သေးသည်။

ယင်းနေ့ နေ့လယ်တွင် ပထမအကြိမ်ဝင်ရောက်ရှာဖွေခဲ့ပြီး အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားကာ နေအိမ်တစ်လုံးကို ဖြိုချဖျက်ဆီး၍ ၎င်းအိမ်တွင် မွေးထားသည့် ကြက်များ၊ ဝက်များနှင့် နွားများကို ယူဆောင်သွားကြောင်း၊ ညနေပိုင်းတွင် စစ်တပ်က အင်အားအများအပြားဖြင့် သေနတ်ပစ်ဖောက်ကာ ထပ်မံ ဝင်ရောက်စီးနင်းခဲ့သော်လည်း PDF အဖွဲ့ဝင်များ လွတ်မြောက်သွားကြကြောင်း ပုသိမ်နှင့် ကန်ကြီးထောင့်ဝန်းကျင်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။

ထို့နောက် စက်တင်ဘာ ၂၃၊ ညနေ ၃ နာရီခန့်တွင် ကန်ကြီးထောင့်မှ လွတ်မြောက်သွားသည့် တော်လှန်ရေးအဖွဲ့ဝင်တချို့ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် အဖမ်းခံရကြောင်း၊ PDF တစ်ဦး၏ ဖုန်းကို အသုံးပြုကာ ဆက်စပ်ပတ်သက်သည့်သူများကို ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေဟန်ရှိကြောင်း ၎င်းက ဆိုသည်။

“ဒီဧရာဝတီဘက်ခြမ်းမှာတော့ သူတို့ဘက်က တော်တော်လေး ဖမ်းတာဆီးတာတွေ များနေတယ်။ (PDF) စစ်ရေးလှုပ်ရှားမှု နည်းတယ်လို့ ယူဆလို့ရတဲ့ နေရာတွေကို ဖိပြီးတော့ နည်းတာကနေ ပျောက်သွားအောင် လုပ်မယ်လို့ ယူဆထားပုံရတယ်” ဟု ထိုတော်လှန်ရေးအဖွဲ့ခေါင်းဆောင်က သုံးသပ်သည်။

ဧရာဝတီတိုင်းသည် အခြားဒေသများနှင့် နှိုင်းစာလျှင် ဒေသခံ PDF နှင့် မြို့ပြပြောက်ကျားလှုပ်ရှားမှု နည်းသည့် ဒေသဖြစ်သော်လည်း စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန်စစ်ဆင်နေသည်။ 

ဇွန်လအတွင်း ကျုံပျော်မြို့နယ်၊ လှေဆွဲရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် ဒေသခံ ရွာသားများ ခုခံပစ်ခတ်ခဲ့ရာ ဒေသခံ အနည်းဆုံး ၄ ဦး သေဆုံးကာ ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရသည်။ 

ဇူလိုင်လအတွင်း မြန်အောင်မြို့နယ်အတွင်းရှိ ရခိုင်ရိုးမနှင့် ထိစပ်နေသည့် ငှက်ကြီးကွင်းကျေးရွာအုပ်စုအတွင်း တောနင်းရှာဖွေသည့် စစ်ကောင်စီတပ်က ဒေသခံတချို့ကို PDF ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button