အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သန်လျင်ရပ်ကွက်ရုံး၌ လူငယ်တစ်ဦးသေဆုံးမှု ရာအိမ်မှူးလက်ချက်ဟု မျက်မြင်ပြော

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်ရုံးသို့ ဖမ်းခေါ်ခံရသည့် ၁၉ နှစ်အရွယ် ကိုသက်ကိုကိုအောင် မသေဆုံးမီ ရပ်ရွာအတွင်း ဒလန်ဟု နာမည်ကျော်သူ ရာအိမ်မှူး ဦးကြင်က ဓာတ်တိုင်တွင် ကြိုးဖြင့် တုပ်၍ ရိုက်နှက်နေကြောင်း မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောသည်။

“ရုံးရှေ့က ဓာတ်တိုင်မှာတောင် ကြိုးတုပ်ပြီး ရိုက်လိုက်သေးတယ်။ တွေ့တာတော့ ဦးကြင်ဆိုတဲ့သူက ရိုက်တာဗျ။ တခြားသူတွေလည်း ရိုက်တယ်လို့ပြောပေမဲ့ ကျွန်တော်တွေ့တာက ဦးကြင်ဆိုတဲ့သူကို တွေ့တာပေါ့”ဟု ၎င်းက ပြောသည်။  

စက်တင်ဘာ ၉ ရက် မိုးမလင်းမီ နံနက် ၃ နာရီခန့်က ထိုရပ်ကွက်ရှိ ရှိုင်းစားသောက်ဆိုင်ပိုင်ရှင်က ဖောက်ထွင်းခံရသည်ဟု အကြောင်းကြား၍ ရာအိမ်မှူး ဦးကြင်နှင့် မင်းသန့်အေး(ခ)မှုံကြီးတို့ သွားရောက်ရာ ကိုသက်ကိုကိုအောင်ကို ရှာတွေ့ကြောင်း၊ ရပ်ကွက်ရုံးသို့ ခေါ်ဆောင်လာပြီးနောက် နံနက် ၆ နာရီမထိုးမီ ကွယ်လွန်ခဲ့ကြောင်း မြို့ဟောင်းအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက အတည်ပြုသည်။

သို့သော် ကိုသက်ကိုကိုအောင် သေဆုံးမှုမှာ အများပြောသကဲ့သို့ ရာအိမ်မှူးများ ရိုက်နှက်ခြင်းကြောင့် မဟုတ်ဘဲ မူးယစ်ဆေးဝါးကြောင့် ဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ရုံးရောက်တော့လည်း ရေဆာတယ်၊ ရေဆာတယ်။ ရေလည်း ခဏခဏတိုက်ရတယ်တဲ့။ ငါးနာရီခွဲလောက်ကျတော့ ဗိုက်ပါဆာတယ်ဆိုတော့ လက်ဖက်ရည်နဲ့ မုန့်နဲ့ ထွက်ဝယ်ကြတယ်။ ပြန်ရောက်လာတော့ ကောင်လေးကို နှိုးတယ်။ နှိုးမရတော့ဘူး။ အဲဒါနဲ့ ခြောက်နာရီထိုးလောက်တော့ ကျွန်တော့်ကို ဖုန်းဆက်တာ” ဟု ဦးဇော်ဝင်းက ဆိုသည်။

ရာအိမ်မှူးများက ထိုသို့အကြောင်းကြား၍ ရပ်ကွက်ရုံးသို့ ရောက်သွားသည့်အခါ ကိုသက်ကိုကိုအောင်၏ ခန္ဓာကိုယ်၌ ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာမတွေ့ရဘဲ နှုတ်ခမ်းနှင့် လျှာများ ဖြူဖပ်ဖြူရော်ဖြစ်နေသည်ကိုသာ သတိထားမိကြောင်း ၎င်းက ဆက်ပြောသည်။

မျက်မြင်တွေ့ရှိသူကမူ ကိုသက်ကိုကိုအောင်ကို ဓာတ်တိုင်တွင် ကြိုးတုပ်၍ ရိုက်နှက်ခြင်းမပြုမီ ရပ်ကွက်ရုံးအတွင်း ဝိုင်းဝန်းရိုက်နှက်နေသည့် အသံများကြားခဲ့ရသေးကြောင်း အခိုင်အမာပြောသည်။

“(ရုံး)အထဲမှာကတော့ ဘယ်ကလဲပေါ့။ PDF လားဘာလား မေးတာတော့ရှိတယ်။ ရိုက်တဲ့လူတွေကတော့ ရဲတွေ စစ်တပ်တွေနဲ့ မကင်းရာမကင်းကြောင်းတွေပဲ။ ဒလန်အကြီးစားတွေပေါ့ လက်နက်တော့ မကိုင်ဘူးဗျ၊ ဖိုက်တာလိုလို ဇိုးလိုလိုကောင်တွေပေါ့” ဟု ၎င်းက ဆိုသည်။

ထိုရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကလည်း ကိုသက်ကိုကိုအောင်ကို ရိုက်နှက်သည့် အသံများကြားရကြောင်း၊ နံနက် ၅ နာရီမတိုင်မီ ဓာတ်တိုင်တွင် ကြိုးတုပ်၍ ဦးကြင်က ရိုက်နှက်နေသည်ကို မျက်မြင်တွေ့သူထံမှတဆင့် သိရကြောင်း ပြောသည်။

“ရပ်ကွက်က ကျဉ်းကျဉ်းလေး။ ရုံးမှာတစ်ခုခုဆို တစ်ရပ်ကွက်လုံး ကြားရတယ် သိရတယ်။ (ဦးကြင်က) စစ်​ကောင်စီလက်ပါး​စေသ​ဘောမျိုးပဲ ကင်း​စောင့်တယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

သန်လျင်မြို့နယ်ဆေးရုံတွင် စက်တင်ဘာ ၉ရက် မွန်းလွဲပိုင်းက ရုပ်အလောင်းသွားရောက်ထုတ်ယူခဲ့ပြီး ကိုဗစ်အကြောင်းပြချက်ကြောင့် အမိုးနီသုသာန်၌ ချက်ချင်း မီးသင်္ဂြိုဟ်ခဲ့ရသူ ကိုသက်ကိုကိုအောင်တွင် ရိုက်နှက်ညှဉ်းပန်းခံရသည့် ဒဏ်ရာများတွေ့ရကြောင်း မိခင် ဒေါ်စန်းစန်းမော်က Myanmar Now ကို ပြောထားသည်။

သို့သော် ကိုသက်ကိုကိုအောင်၏ လက်ဝယ်တွင် မူးယစ်ဆေးတွေ့သည်ဟူသော အကြောင်းပြချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ခြိမ်းခြောက်ထားသဖြင့် အမှုဖွင့်ရန် အစီအစဉ်မရှိကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့ကတော့ အမှုမဖြစ်အောင်ဆိုပြီးတော့၊ သူတို့ကကြိုပြီးတော့၊ တခြားလူဆီရောက်ရင် ဘာမှမပြောပါနဲ့လို့ မှာလိုက်တယ်။ သူတို့က ကျွန်တော့်သားကို ဆေးမှုနဲ့ ပြန်လှည့်ပြီးတော့ ခွေတယ်။ သူ့လက်ထဲမှာ ဆေးတွေ့တယ်ဆိုတဲ့ပုံစံမျိုးပြောတယ်” ဟု ဒေါ်စန်းစန်းမော်က ပြောသည်။

ကိုသက်ကိုကိုအောင်ကို ဓာတ်တိုင်တွင် ကြိုးတုပ်၍ ရိုက်သည်ဆိုသော ဦးကြင်နှင့် ဒေသဆိုင်ရာ တာဝန်ရှိစစ်ကောင်စီတို့ထံ ဆက်သွယ်မေးမြန်း၍ မရခဲ့ပါ။

ကွယ်လွန်သူတွင် မိခင်နှင့် အသက် ၁၁ နှစ်အရွယ် ညီငယ်တစ်ဦး ကျန်ရစ်သည်။

ကိုသက်ကိုကိုအောင်ဖြစ်စဉ် မတိုင်မီကပင် သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်အတွင်း အုပ်ချုပ်ရေးအဖွဲ့က ရမ်းကားနေပြီး မော်တော်ဆိုင်ကယ် ကြမ်းကြမ်းတမ်းတမ်းစီးနင်းကြောင်း စွပ်စွဲကာ ရိုက်နှက်ခံရသူအချို့ပင် ရှိသည်ဟု ပြောသူအချို့ရှိသော်လည်း သီးခြားအတည်မပြုနိုင်ပါ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button