အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကုလဒုက္ခသည်ရုံးက အသိအမှတ်ပြုကတ်ထုတ်မပေးသည့်နောက် မလေးရှားရောက် မြန်မာဒုက္ခသည်များ ဘေးကျပ်နံကျပ်ဖြစ်လာ

မလေးရှားအစိုးရ၏ “ရာဇသံ” အောက်တွင် UNHCR က ဒုက္ခသည်လျှောက်ထားသူများအား အသိအမှတ်ပြုကတ် ထုတ်ပေးမှုကို ရုတ်တရက် ရပ်ဆိုင်းလိုက်သည့်နောက် ရိုဟင်ဂျာများအပါအဝင် သိန်းဂဏန်းရှိသော မြန်မာပြည်သားများ၏အနာဂတ်များ မရေမရာဖြစ်သွားကြသည်။

မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အသစ်မှတ်ပုံတင်ခြင်း၊ ဒုက္ခသည်ကတ်ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးခြင်း လုပ်ငန်းတို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်မှစ၍ ရုတ်တရက်ရပ်ဆိုင်းလိုက်ခြင်းကြောင့် မလေးရှားရောက် သိန်းနှင့်ချီသော ရိုဟင်ဂျာများအပါအဝင် ဒုက္ခသည်ခံယူလိုသည့် မြန်မာပြည်သား အမြောက်အများ ဘေးကျပ်နံကျပ်ဖြစ်ပြီး အကာအကွယ်မဲ့နေကြောင်း သိရသည်။ 

ခေတ်အဆက်ဆက် ခွဲခြားဖိနှိပ်သည့်မူဝါဒများနှင့် ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး စသည်တို့ကြောင့် နေရပ်စွန့်ခွာခဲ့ကြသည့် ရခိုင်မြောက်ပိုင်းမှ ရိုဟင်ဂျာများအပါအဝင် စစ်အစိုးရ ဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုတွင်ပါဝင်သူများ၊ ခေတ်အဆက်ဆက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် မြန်မာနိုင်ငံသားအသီးသီးလည်း တတိယနိုင်ငံသို့ ဆက်လက် သွားရောက်နိုင်ရေးအတွက် UNHCR ၏ အသိအမှတ်ပြုမှုကိုမျှော်လင့်ကာ မလေးရှားနိုင်ငံတွင် ခိုလှုံနေကြခြင်း ဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံမှ ဝင်ရောက်လာခဲ့သည့် ဒုက္ခသည်အရေအတွက် တနှစ်ထက်တနှစ် တိုးပွားလာခြင်းကြောင့် အိမ်ရှင်မလေးရှားအနေဖြင့် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်လာပြီး လူမှုစီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်ပေါ်လာနိုင်ကြောင်း ပြည်တွင်းတွင် ဝေဖန်သံများညံလာခဲ့သည်။ 

တချိန်တည်းတွင် လက်ယာယိမ်း အမျိုးသားရေးလှုပ်ရှားမှုလည်း ပြန်လည်ခေါင်းထောင်လာပြီး မလေးရှားလွှတ်တော်နှင့် ပြည်တွင်းနိုင်ငံရေးအထိ ရိုက်ခတ်မှုရှိလာသည်။ ယင်းနောက် UNHCR  ကိုင်တွယ်နေသည့် ဒုက္ခသည်များအရေးကို လုံးဝရပ်ဆိုင်းပေးရန် မလေးရှားအစိုးရက ရာဇသံပေးသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ကြောင်း မလေးရှားအခြေစိုက် မြန်မာ့အရေးနှင့် ဒုက္ခသည်များအရေး လှုပ်ရှားသော Myanmar Affair Alliance အဖွဲ့၏ တာဝန်ရှိသူ ကိုစိုးထက်သိန်းက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“(မလေး) အစိုးရက နဂိုတုန်းက UNHCR နဲ့ ပျော့ပျော့ပျောင်းပျောင်း ညှိနှိုင်းနေရာကနေပြီးတော့ အခုက ပြောရမယ်ဆိုရင် ရာဇသံပေးတဲ့ အနေအထားထိကို ဖြစ်သွားတယ်။ (ဒုက္ခသည်မှတ်ပုံတင်မှု) နဲ့ပတ်သက်ပြီး ချက်ချင်းကြီးရပ်ပစ်တာမဟုတ်ဘဲနဲ့ ရပ်ခါနီးဆဲဆဲ ဖြစ်နေတာတော့နည်းနည်းကြာပါပြီ။ မလေးရှားပါလီမန်ကလည်း မကြာခဏဆိုသလို လွှတ်တော်အမတ်တွေက မေးခွန်းတွေ၊ အဆိုတွေ တင်နေတာလည်းတွေ့နေရတယ်” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၁၈ ရက်တွင် ဒုက္ခသည်အရေး လုပ်လက်စလုပ်ငန်းများအားလုံးကို အပြတ်ဖြတ်ခိုင်း၍ ရုတ်တရက်ရပ်ဆိုင်းလိုက်သည်ဟု ၎င်းက ဆိုသည်။ 

နောက်တရက်တွင် ဒုက္ခသည်များအရေးကို ဆောင်ရွက်သည့် မလေးရှားအခြေစိုက် အဖွဲ့အစည်းများကို UNHCR က ခေါ်ယူတွေ့ဆုံ၍ အကျိုးအကြောင်းကို ရှင်းပြခဲ့သည်ဟု သိရသည်။ 

UNHCR ၏ ဒုက္ခသည်ကတ်ထုတ်ပေးမှုရပ်ဆိုင်းလိုက်သည့် အကြောင်းရင်းမှာ မလေးရှားအစိုးရက ဦးဆောင်အကောင်အထည်ဖော်မည့် ဒုက္ခသည်မှတ်ပုံတင်ရေးအစီစဉ် (Dokumen Pendaftaran Pelarian – DPP) နှင့် ဆက်စပ်မှုရှိပြီး UNHCR ၏ အစီအစဉ်နေရာတွင် DPP အစီအစဉ်နှင့် အစားထိုးလိုခြင်း ဖြစ်ကြောင်း UNHCR နှင့် သွားရောက်တွေ့ဆုံခဲ့သည့် မလေးရှားရောက် မြန်မာဒုက္ခသည်အရေး ဆောင်ရွက်သော အဖွဲ့အစည်းများမှတာဝန်ရှိသူများက ပြောသည်။ 

သို့သော်လည်း မလေးရှားအစိုးရ၏ ဒုက္ခသည်မှတ်ပုံတင်ရေးအစီအစဉ်သည် ၎င်းတို့၏ အမျိုးသားလုံခြုံရေးရှုထောင့်မှ အဓိကချဉ်းကပ်ခြင်းဖြစ်ပြီး ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်တွင် မလေးရှားက လက်မှတ်ရေးထိုးမထားခြင်း၊ ဒုက္ခသည်အရေး ဥပဒေမူဘောင်များနှင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အားနည်းခြင်းတို့ကြောင့် ယုံကြည်စိတ်ချရန် ခက်ခဲကြောင်း ကွာလာလမ်ပူမြို့အခြေစိုက် ချင်းဒုက္ခသည်အရေးဆောင်ရွက်နေသည့် Alliance Of Chin Refugees အဖွဲ့၏ ဥက္ကဋ္ဌ ဂျိမ်းစ်ဘွေးထန်ဘိခ်က Myanmar Now ကို ပြောသည်။

“ဘယ်လောက်အထိ လုံခြုံမှုပေးနိုင်မလဲ။ နောက်တစ်ခုက ကိုယ့်နိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ကိုယ့်နိုင်ငံရေးအခြေအနေကလည်း လက်ခံလို့ရတဲ့ (နေရပ်ပြန်လို့ရတဲ့) အနေအထားမျိုးမဟုတ်ဘူး။ အခုဟာက အားလုံးက မျောက်သစ်ကိုင်းလွတ်သလိုပဲ” ဟု ၎င်းက ဆိုသည်။ 

မလေးရှားအစိုးရသည် ၎င်း၏ DPP အစီအစဉ်နှင့် ပတ်သက်၍ အစိုးရတာဝန်ရှိသူ အယောက် ၃၀ ကို သင်တန်းပေးထားသည် ဆိုသောအချက်မှလွဲ၍ အခြားသော အခြေအနေများကို မသိရကြောင်း၊ ထိုအစီအစဉ်နှင့်ပတ်သက်၍ အားလုံးသိချင်နေကြသည့်အချက်များကို UNHCR ထံ မေးမြန်းသော်လည်း ၎င်းတို့ကိုယ်တိုင် ခြေခြေမြစ်မြစ် မသိရှိကြောင်းသာ အကြောင်းပြန်သည်ဟု ဆိုသည်။ 

မလေးရှားတွင် ရိုဟင်ဂျာဒုက္ခသည်အရေအတွက်တိုးလာသည့်နောက် ၎င်းတို့သည် အခွန်မဆောင်ဘဲ အလုပ်အကိုင်များကို လုယူနေကြောင်း မလေးရှားနိုင်ငံသားများကြားတွင် ရှုမြင်မှုများရှိလာပြီး လက်ရှိ အာဏာရပါတီကလည်း နိုင်ငံရေးအရ အမှတ်ပိုရအောင် ဒုက္ခသည်အရေးကို သည်းခြေကြိုက် ကိုင်တွယ်ပြလာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီးနောက် လမ်းခရီးတွင် သောင်တင်နေခဲ့သည့် ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကျော်ပြီး အူခီယာခရိုင်ရှိ ဘာလူခါလီ ဒုက္ခသည်စခန်းသို့ လမ်းလျှောက်သွားနေကြစဉ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။ (ဓာတ်ပုံ- AFP)

မလေးရှားနိုင်ငံသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ် (1951 Refugee Convention) ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်ပေ။ သို့သော် ၁၉၇၀ ပြည့်လွန်နှစ်နောက်ပိုင်း ဗီယက်နမ်စစ်ပွဲကာလ စစ်ပြေးဒုက္ခသည်များကို ခိုလှုံခွင့်များပေးခဲ့ဖူးသည်။ နောက်ပိုင်းတွင် UNHCR နှင့် ညှိနှိုင်းကာ မြန်မာမှ ထွက်ပြေးတိမ်းရှောင်လာခဲ့သည့် ရိုဟင်ဂျာများနှင့် အခြားဒုက္ခသည်များအရေး ဆက်လက်ဆောင်ရွက်ခဲ့သည်။

၂၀၂၆ ခုနှစ် ဩဂုတ်လ စာရင်းများအရ မလေးရှားတွင် UNHCR အသိအမှတ်ပြု ဒုက္ခသည်ပေါင်း ၂၂၅,၇၄၀ ဦးရှိသည့်အနက် ၉၀ ရာခိုင်နှုန်းခန့်မှာ မြန်မာမှဖြစ်သည်။ မြန်မာမှလာသော ဒုက္ခသည်များအနက် ရိုဟင်ဂျာဒုက္ခသည် ၁၂၆,၁၄၄ ဦး၊ ချင်းဒုက္ခသည် ၁၅,၇၇၄ ဦးနှင့် အခြားတိုင်းရင်းသားဒုက္ခသည် ၃၃,၀၀၂ ဦးရှိကြောင်း သိရသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရ၍ နေရပ်စွန့်ခွာထွက်ပြေးလာရပြီး မလေးရှားတွင် ရောက်ရှိခိုလှုံကာ UNHCR ကတ်ရရန် လျှောက်လွှာတင်ထားသူ၊ အင်တာဗျူးဖြေဆိုရန် စောင့်ဆိုင်းနေသူ သိန်းဂဏန်းခန့်ရှိနိုင်ပြီး ယခုကဲ့သို့ ရုတ်တရက်ရပ်ဆိုင်းခံလိုက်ရ၍ အကာအကွယ် လုံးဝကင်းမဲ့သွားကြောင်း ကိုစိုးထက်သိန်းက ပြောသည်။

ဒုက္ခသည်ကတ်လျှောက်ထားသူများသာမက ကတ်ရရှိထားသူများအနေဖြင့်လည်း သက်တမ်းတိုးမှုကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်၍ အထောက်အထားမဲ့ဖြစ်နိုင်ပြီး နောက်ဆက်တွဲ အကျိုးဆက်ပေါင်းများစွာကို ရင်ဆိုင်ရနိုင်ခြေရှိကြောင်း ၎င်းက ဆိုသည်။  ဒုက္ခသည်ကတ်သည် တစ်ဦးနှင့် တစ်ဦး ပုံသေသက်တမ်း သတ်မှတ်ချက်မရှိဘဲ တစ်နှစ်မှ ငါးနှစ်အထိ သက်တမ်းရှိကြောင်း သိရသည်။

“အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ ပြည်သူတွေအနေနဲ့ ဘယ်သွားရမှန်းမသိတဲ့ အနေအထားမျိုးဖြစ်နေတယ်။ တတိယနိုင်ငံ… အခြေချရေးဆိုတဲ့ကိစ္စက အရမ်းကြီးဖြစ်နိုင်မယ့် အနေအထားမျိုးမရှိဘူး။ ရောက်ရှိတဲ့နေရာမှာ ခဏတာလုံခြုံမှုပေးဖို့အတွက်ကို ကမ္ဘာကြီးကနေပြီးတော့ ကူညီပေးဖို့လိုအပ်တယ်။ အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့တဲ့လူတွေရှိတဲ့ နိုင်ငံကို ပြန်မပို့ဖို့အတွက်ကို ကျွန်တော်တို့ ဆုတောင်းရတာပဲ” ဟု ၎င်းက ဆိုသည်။ 

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွင်ပါဝင်သူများနှင့် စစ်ဘေးရှောင်များသည် နယ်မြေချင်းထိစပ်နေသည့် အိန္ဒိယ၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ ထိုနိုင်ငံများအနက် မလေးရှားနိုင်ငံသည် UNHCR အသိမှတ်ပြု ဒုက္ခသည်ကတ်လျှောက်ထား၍ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ အစရှိသည့် တတိယနိုင်ငံများတွင် အခြေချနေထိုင်ရန်အခွင့်လမ်းမှာ အိမ်နီးချင်းထိုင်းနိုင်ငံထက် ပိုလွယ်ကူသည်ဟု သိရသည်။ 

ထိုနိုင်ငံများက ၎င်းတို့အစိုးရဘတ်ဂျက်ကို ချိန်ဆ၍ ဒုက္ခသည်ခေါ်ယူရန် စီစဉ်ကြပြီး ယခုနှစ်အတွင်း UNHCR အနေဖြင့် ကနေဒါ၊ နယူဇီလန်နှင့် ဩစတြေးလျသို့ပို့ရမည့် အနည်းဆုံးအရေအတွက်ကိုသာ ရရှိထားကြောင်း ကိုစိုးထက်သိန်းက ပြောသည်။ 

ယခုနှစ်များအတွင်း ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ ဒုက္ခသည်များ တတိယနိုင်ငံသို့သွားရောက်ရန် ပိုမိုခက်ခဲလာပြီး ၂၀၂၆ ခုနှစ် ပထမ ခြောက်လအတွင်း မလေးရှားနိုင်ငံမှ ဒုက္ခသည် ၉၀၀ ခန့်သာ ပို့နိုင်ကြောင်း၊ လက်ရှိ မလေးရှားနိုင်ငံတွင် ဒုက္ခသည်ပေါင်း နှစ်သိန်းကျော်ရှိရာ ထိုပမာဏအတိုင်း ပို့ဆောင်နိုင်ပါက နှစ်ပေါင်း ၁၀၀ ကျော် ကြာနိုင်ကြောင်း ၎င်းက ဆိုသည်။ 

တတိယနိုင်ငံသို့သွားရောက်ရန်ခက်ခဲလာသည့်နည်းတူ စစ်မက်ဖြစ်ပွားနေသည့် နေရပ်ပြန်ရန်လည်း ခက်ခဲနေပြီး လက်ရှိတွင် ဒုက္ခသည်ကတ်များထုတ်မပေးတော့၍ မလေးရှားတွင်ဆက်လက်နေထိုင်ရန် အထောက်အထားမရှိဖြစ်လာနိုင်သည်ဟု သိရသည်။ 

အခြားတစ်ဖက်တွင်မူ မလေးရှားအစိုးရသည် ၎င်းတို့နိုင်ငံအတွင်း အထောက်အထားမဲ့လုပ်သားများကို ပိုက်စိပ်တိုက်ဖမ်းဆီး၍ အာဏာသိမ်းစစ်အုပ်စုနှင့်ညှိနှိုင်းကာ အင်တိုက်အားတိုက်ပြန်ပို့နေသည်။ ယင်းအခြေအနေများကြောင့် ဒုက္ခသည်အဖြစ်ခိုလှုံလိုသူများသည် ထိုကဲ့သို့ပြန်ပို့ခံရပြီး စစ်ထဲသွင်းကာ ရှေ့တန်းအပို့ခံရမည်ကို စိုးရိမ်ကြကြောင်း Alliance Of Chin Refugees အဖွဲ့၏ ဥက္ကဋ္ဌ ဂျိမ်းစ်ဘွေးထန်ဘိခ်က ပြောသည်။ 

အမျိုးသားလုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေးရှုထောင့်မှ ဦးစားပေးအကောင်အထည်ဖော်မည့် မလေးရှားအစိုးရ၏ ဒုက္ခသည်မှတ်ပုံတင်ရေးအစီအစဉ်အရ အမှန်တကယ်ဒုက္ခသည်များအပါအဝင် မလေးရှားနိုင်ငံအတွင်း အထောက်အထားမဲ့ ဝင်ရောက်လာသူအားလုံးကို ခိုးဝင်သူများအဖြစ်သတ်မှတ်၍ အရေးယူလာနိုင်ကြောင်း ၎င်းက ဆိုသည်။

“(၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်) လက်မှတ်မထိုးထားတဲ့ အခါမှာ နိုင်ငံတကာဥပဒေကို မသုံးတော့ဘူး။ ဒီဟာကို လိုက်နာမှာမဟုတ်ဘူး သေချာတယ်။ ဆိုတော့ သူရဲ့ (လူဝင်မှုကြီးကြပ်ရေးဥပဒေ) အရသွားမယ်။ တစ်ခုရှိတာက သူရဲ့ (လူဝင်မှုကြီးကြပ်ရေး) မှာ (ဒုက္ခသည်) ဆိုတာမရှိပြန်ဘူး။ သူ့မှာက တရားမဝင်နိုင်ငံခြားသား၊ အထောက်အထားမဲ့ နိုင်ငံခြားသားဆိုတာပဲရှိတယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် DPP အစီအစဉ်ကို လုံးဝယုံကြည် ပုံအပ်လိုက်ရန် စောလွန်းနေသေးပြီး မူလ UNHCR အစီအစဉ်ကို ဆောလျင်စွာရပ်ဆိုင်းမပစ်သေးဘဲ အစီအစဉ်နှစ်ခုလုံးကို အချိန်တခုအထိ ယှဉ်တွဲကျင့်သုံးနေသင့်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံရေးကြောင့် မလေးရှားကို ထွက်ပြေးခိုလှုံနေရသူများအနေဖြင့် လတ်တလောဖြစ်ပွားနေသည့် အခြေအနေများကြောင့် တနေ့တခြား မလုံခြုံမှုများတိုးလာနေကြောင်း မလေးရှားတွင် ခိုလှုံနေသည့် ချင်းပြည်နယ်မှ CDM ဝင်ခဲ့သူ ပညာရေးဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။ 

၎င်းသည် ၂၀၂၂ ကတည်းက UNHCR တွင် ဒုက္ခသည်ကတ်ရရန်လျှောက်ထားခဲ့ပြီး မရရှိသေးသဖြင့် အထောက်အထားမဲ့ နေထိုင်နေရဆဲဟု ပြောသည်။

“ဘယ်လိုကာကွယ်မယ်ဆိုတာလည်း မရှိပါဘူး။ အသွားအလာကတော့ ဆင်ခြင်ပြီးတော့ သွားရတာပေါ့။ လောလောဆယ် ဒီမှာတော့ အလုပ်ဆင်းနေတုန်းပဲ။ အလုပ်လုပ်နေတဲ့နေရာနဲ့ ကိုယ်နေတဲ့နေရာက ၁ ဒသမ ၅ ကီလိုမီတာ (တစ်မိုင်) လောက် ဝေးတာပေါ့။ တခါတလေ Grab နဲ့သွားတယ်။ တခါတလေ ရထားနဲ့ပြန်တယ်။ အရေးအကြောင်းရှိလို့ လမ်းလျှောက်ပြန်ရမယ်ဆို မပြန်ရဲဘူး။ နဂိုကတည်းက ဖမ်းနေတာ။ စိုးရိမ်တာကတော့ ဘယ်လိုပြောရမှန်းမသိပါဘူး” ဟု ၎င်းက ဆိုသည်။

မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းများမှနေ၍ မြန်မာနိုင်ငံသို့ ယခင်တခေါက် ပြန်ပို့ခဲ့သူများအနက် အိမ်ပြန်မရောက်သည့်သူများစွာရှိကြောင်း သတင်းများကြားရ၍ ဖမ်းဆီးပြန်ပို့ခံရမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။ 

စစ်သင်္ဘောများဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်လာသော မြန်မာနိုင်ငံသားများကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၄ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် ရန်ကုန်တိုင်း သန်လျင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် လက်ခံရေးဆောင်ရွက်နေစဉ်။ (ဓာတ်ပုံ- AFP) 

မလေးရှားအစိုးရသည် ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများကို ဆက်တိုက်ပြန်လျက်ရှိပြီး  စစ်အစိုးရနှင့်ညှိနှိုင်း၍ စက်တင်ဘာလ ၂၉ ရက်တွင် ပထမဆုံးအသုတ်အနေဖြင့် ၁၄၇၆ ဦးကို ပြန်ပို့ခဲ့ရာ မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းမှ စစ်သင်္ဘောသုံးစီးဖြင့် ရန်ကုန်သို့ခေါ်ယူခဲ့ကြောင်း စစ်တပ်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။ 

လာမည့် ဒီဇင်ဘာလအတွင်း မလေးရှားနိုင်ငံက မြန်မာနိုင်ငံသား ၆,၈၀၀ ကျော်ကို ထပ်မံပြန်ပို့မည်ဟု ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အင်္ဂါနေ့တွင် လွှတ်တော်ကို အသိပေးထားသည်။ 

နေရပ်ပြန်ပို့သည့် အစီအစဉ်မစမီနှင့် စပြီးနောက် အဖမ်းအဆီးများပိုစိပ်လာပြီး မြို့တော်ကွာလာလမ်ပူရှိ မြန်မာအများအပြားနေထိုင်နေရာများကို မကြာခဏဝင်ရောက်ဖမ်းဆီးမှုများရှိကြောင်း သိရသည်။ 

ဒုက္ခသည်အရေးဆိုင်ရာ ရပ်ဆိုင်းမှုများနှင့်ပတ်သက်၍ မလေးရှား UNHCR ကို Myanmar Now က အီးမေးလ်ပို့၍ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

မလေးရှားအစိုးရ၏ DPP အစီအစဉ်အောက်တွင် ဒုက္ခသည်များ မှတ်ပုံတင်ရမည်ဖြစ်ပြီး ခိုလှုံခွင့်တောင်းခံသူများအတွက် အကာအကွယ်ပေးမှုများ ဆက်လက်ရရှိစေရေး အသွင်းကူးပြောင်းရေး အစီအစဉ်တရပ်ပေါ်ပေါက်လာရန် မလေးရှားအစိုးရနှင့် ဆွေးနွေးသွားမည်ဟု ချင်းဒုက္ခသည်ကော်မတီ (မလေးရှား)က UNHCR ကိုကိုးကား၍ နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်သည့် အရေးပေါ်ကြေညာချက်တွင် ဖော်ပြထားသည်။ 

ထို့အပြင် UNHCR သည် နည်းပညာဆိုင်ရာ အကြံဉာဏ်များပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာနှင့် အတွေ့အကြုံများ မျှဝေခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles