အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒုက္ခသည်မှတ်ပုံတင်စနစ်ကြောင့် အဖမ်းအဆီးကြမ်းမည်ကို မလေးရောက် မြန်မာများစိုးရိမ်

၂၀၂၆ နှစ်ဆန်းတွင် မလေးရှားအစိုးရက ဒုက္ခသည်များကို ဇီဝဗေဒဆိုင်ရာ ပုဂ္ဂိုလ်ရေးအချက်အလက် ကောက်ယူ၍ မှတ်ပုံတင်ရန်စီစဉ်နေခြင်းကြောင့် ဒုက္ခသည်ကတ်ကိုင်ဆောင်ထားခြင်းမရှိသေးသည့် ခိုလှုံခွင့်တောင်းဆိုသူများကို ဖမ်းဆီး၍ ပြန်ပို့မည်ကို မလေးရောက်မြန်မာများက စိုးရိမ်နေသည်။

၂၀၂၆ နှစ်ဆန်းတွင် မလေးရှားအစိုးရက ဒုက္ခသည်များကို ဇီဝဗေဒဆိုင်ရာ ပုဂ္ဂိုလ်ရေးအချက်အလက် ကောက်ယူ၍ မှတ်ပုံတင်ရန်စီစဉ်နေခြင်းကြောင့် ဒုက္ခသည်ကတ်ကိုင်ဆောင်ထားခြင်းမရှိသေးသည့် ခိုလှုံခွင့်တောင်းဆိုသူများကို ဖမ်းဆီး၍ ပြန်ပို့မည်ကို မလေးရောက်မြန်မာများက စိုးရိမ်နေသည်။

မလေးရှားတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က အသိမှတ်ပြုသော ဒုက္ခသည်ကတ်ကိုင်ဆောင်ထားသူပေါင်း နှစ်သိန်းကျော်ရှိပြီး မလေးရှားအစိုးရက ဒုက္ခသည်ဆိုင်ရာ ကျယ်ပြန့်သောအချက်အလက်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှစ၍ စတင်ကောက်ယူရန် စီစဉ်နေကြောင်း မလေးရှားအခြေစိုက် The Star သတင်းဌာနက ယနေ့တွင် ရေးသားဖော်ပြသည်။ 

မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက နိုင်ငံအတွင်းရှိ ဒုက္ခသည်များကို စာရင်းကောက်ယူ၍ အထောက်အထားများစိစစ်ထုတ်ပေးသွားမည်ဖြစ်ပြီး နေထိုင်အလုပ်လုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။ 

ထိုစာရင်းကောက်ယူရန် UNHCR နှင့် ယခင်ကတည်းက ညှိနှိုင်းမှုရှိခဲ့ပြီး ဒုက္ခသည်အချက်အလက် ကာကွယ်ရမည့် မူဝါဒကြောင့် အစီအစဉ်အထမမြောက်ဖြစ်ခဲ့ရာမှ ယခုအခါ မလေးရှားအစိုးရက ၎င်းတို့၏ သီးခြားအစီအစဉ်ဖြင့် စာရင်းကောက်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း မလေးရှားအခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသော Myanmar Affair Alliance အဖွဲ့၏ အတွင်းရေးမှူး ကိုစိုးထက်သိန်းက ပြောသည်။ 

၎င်းတို့ကောက်ခံရရှိသည့် ဒုက္ခသည်အရေအတွက်ကို ကြေညာ၍ အခွင့်အရေးများပေးနိုင်သော်လည်း အခြားတစ်ဖက်တွင် အကြောင်းအမျိုးမျိုးဖြင့် မလေးရှား၌ ခိုလှုံနေသည့် ဒုက္ခသည်ကတ်မရသေးသော စစ်ဘေးရှောင်များ၊ တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားဖမ်းဆီးမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။ 

“ဆိုတော့ အဲ့ဒီလိုအခွင့်အရေးတွေပေးတာနဲ့တစ်ပြိုင်နက် ဒုက္ခသည်အဖြစ်နဲ့မှတ်ပုံတင်ခြင်းမခံရသေးတဲ့ မြန်မာပြည်ကရောက်လာတဲ့ စစ်ဘေးရှောင်တွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းစာလုပ်ငန်းလုပ်ကိုင်သူတွေ အလွှာအမျိုးမျိုးက တရားမဝင်နေထိုင်သူတွေကို illegal migrant အနေနဲ့ သိမ်းကျုံးပြီးတော့ ဖမ်းတာမျိုး မြန်မာပြည်ကို ပြန်ပို့တာမျိုး ဒါမျိုးကိုရင်ဆိုင်ရနိုင်တယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။ 

လက်ရှိတွင် မလေးရှား၌ UNHCR ထုတ်ပေးသည့် ဒုက္ခသည်ကတ်ကိုင်ဆောင်ထားသူ နှစ်သိန်းကျော်ရှိပြီး အများစုသည် မြန်မာနိုင်ငံသားများဖြစ်သည်။ ဒုက္ခသည်ကတ်မရှိဘဲ မလေးရှားနိုင်ငံတွင် ခိုလှုံနေသူများသည် ထိုပမာဏ၏ လေးဆမှ ငါးဆအထိရှိနိုင်ကြောင်း ကိုစိုးထက်သိန်းက ပြောသည်။ 

“(မလေးရှားအစိုးရ ဒုက္ခသည်မှတ်ပုံတင်စနစ်ကို) လူတိုင်းနားလည်နေတာတော့  UN ကတ်ကိုင်ထား သူတွေကိုပဲရည်ရွယ်တယ်လို့နားလည်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ UN ကတ်မရှိသေးသူတွေက illegal migrant အနေနဲ့ အဖမ်းခံရမှာကို စိုးရိမ်နေကြတာပေါ့” ဟု ၎င်းက ပြောသည်။ 

ထိုအစီအစဉ်နှင့်ပတ်သက်၍ UNHCR က တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုမှုမရှိသေးကြောင်း သိရသည်။

ယခုအခါ UNHCR ၏ ပူးပေါင်းဆောင်ရွက်ခြင်းမရှိလျင်လည်း အချက်အလက်ကောက်ယူမည်ဖြစ်ပြီး ဒုက္ခသည်ဖြစ်ကြောင်းအသိအမှတ်ပြုလက်မှတ်ထပ်မံထုတ်ပေးမည်ဖြစ်ကာ ထိုလက်မှတ်ကိုင်ဆောင်သူသာ အသိအမှတ်ပြုမည့် သဘောဖြစ်ကြောင်း မလေးရှားရောက် UNHCR ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦးက ဆိုသည်။ 

“UNHCR မှာဆိုရင် လက်ဆယ်ချောင်းစလုံး လက်ဗွေနှိပ်ထားတာရှိတယ်။ ပြီးရင် ကျွန်တော်တို့ မျက်လုံးစကန်ဖတ်ထားတာရှိတယ်။ မလေးရှားအစိုးရက အဲ့ဒီလိုမျိုးတွေပါ လိုက်လုပ်လာမယ်ဆိုရင် ဒုက္ခသည်တွေ ဘယ်နေရာမှာ ပြောင်းရွှေ့အခြေချလုပ်ပိုင်ခွင့်ကို ခြေရာကောက်နိုင်မယ်။ ဒါက တတိယနိုင်ငံမထွက်ခင်အထိ သူတို့က Control လုပ်မယ်ပေါ့” ဟု သူကပြောသည်။ 

ထို့အပြင် ဒုက္ခသည်များဆိုင်ရာ အချက်အလက်များပေါက်ကြားမည်ကို စိုးရိမ်မှုရှိနေသည်ဟု သူက ဆိုသည်။ စစ်တပ်အာဏာသိမ်းမှုကြောင့် တက်ကြွလှုပ်ရှားသူများ၊ အာဏာဖီဆန်ရေးဝန်ထမ်း(CDM) များသည် မလေးရှားတွင် ထွက်ပြေးခိုလှုံနေပြီး ၂၀၂၃ တွင် ၎င်းတို့ကို ဖမ်းဆီသည့်ဖြစ်စဉ်များရှိခဲ့ပြီး ဒုက္ခသည်ကတ် ကိုင်ဆောင်သူတစ်ဦးကိုလည်း စစ်ကော်မရှင်ထံ လွှဲပြောင်းပေးမှုများရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

မလေးရှားအစိုးရ အနေဖြင့် ဒုက္ခသည်ကတ်ကိုင်ဆောင်ထားသူအရေအတွက်ကို စိစစ်လိုခြင်းဖြစ်နိုင်သလို ကတ်အတုကိုင်ဆောင်သူများကို ကြပ်မတ်ရန်စီစဉ်ခြင်းဖြစ်ကြောင်း မလေးရှားရောက်  မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ မသဲသဲအေးက ပြောသည်။ 

“အဲ့ဒီလိုစာရင်းကောက်ပြီးပြီဆိုရင် အတုနဲ့အစစ်က ခွဲလို့ရသွားပြီး။ Immigration က ထုတ်ပေးထားတဲ့ ကတ်ဆိုရင် ဘယ်သူမှ အတုမလုပ်ရဲတော့ဘူးလေ။ အဲ့ဒီတော့ အဲ့ဒီပုံစံမျိုးနဲ့ဆိုရင် UN ကတ်သမားတွေက သူတို့ပေးတဲ့ကတ်ကို ကိုင်ရမယ်။ သူတို့(မလေးအစိုးရ)က အဲ့ဒီကတ်ကိုပဲအတည်ပြုပြီးတော့ အဲဒီကတ် မရှိတဲ့သူတွေ ဖမ်းဆီတာတွေဆက်လုပ်တော့မယ်လို့ယူဆရတယ်” ဟု သူက ပြောသည်။ 

လက်ရှိတွင် မလေးရှားမြို့တော် ကွာလာလမ်ပူအပါဝင် မြန်မာအများစုနေထိုင်သည့် နေရာများကို ဝင်ရောက်ဖမ်းဆီးမှုများလည်း ခပ်စိပ်စိပ်ပြုလုပ်လာကြောင်း မလေးရှားရောက်မြန်မာများက ဆိုသည်။

Related Articles

Back to top button