ထိုင်းနိုင်ငံ ဘန်ကောက်တက္ကသိုလ်အနီးရှိ မြန်မာအလုပ်သမားတန်းလျားကို စက်တင်ဘာလ ၁၆ ရက် ညပိုင်းတွင် ထိုင်းရဲကဝင်ရောက်စစ်ဆေးချိန်၌ ဆောက်လုပ်စအထပ်မြင့်အဆောက်အအုံပေါ်သို့ ထွက်ပြေးသည့် မြန်မာလုပ်သားသည် ထိုအဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေသည့် WAG အလုပ်သမားမဟာမိတ် အဖွဲ့ထံက သိရသည်။
သေဆုံးသွားသူသည် အသက် ၂၉ နှစ်အရွယ် ကိုဇင်ကိုထက် ဆိုသူဖြစ်ပြီး ဘန်ကောက်မြို့မြောက်ဘက် ပထုန်ဌာနီခရိုင် လန်စစ်မြို့နယ် (Rangsit) မြို့နယ်အတွင်းရှိ ဆောက်လက်စ အထပ်မြင့်တိုက်၏ ငါးထပ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့မှ ကိုမုန်တိုင်းကပြောသည်။
သေဆုံးသူသည် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ရန်အတွက် နိုင်ငံကူးလက်မှတ်၊ ပန်းရောင်ကတ်ဟု ခေါ်ကြသည့် အလုပ်သမား မှတ်ပုံတင်ကတ်နှင့် အလုပ်လုပ်ခွင့် (Work Permit) များရှိထားသော်လည်း အလုပ်လုပ်ခွင့်အတွက် မှတ်ပုံတင်ထားသည့် အလုပ်ရှင်အမည် မပြောင်းရသေးသော ကြောင့် ထိုင်းရဲဖမ်းမည်ကို ကြောက်ရွံ့ထွက်ပြေးစဉ် အသက်ဆုံးခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“…သူဝင်(ပုန်း)လိုက်တဲ့ အပေါက်က ဓာတ်လှေကား မတပ်ရသေးဘူး။ ဓာတ်လှေကား လုပ်ရမယ့်နေရာ ချန်ထားတာ။ အဲဒါကို သူက အိမ်သာတို့၊ ဓာတ်လှေကားတို့ထင်ပြီး ဝင်ပုန်းလိုက်တာ၊ အဲဒီမှာတင် ပြုတ်ကျတာ” ဟု ၎င်းကပြောသည်။
“အထောက်အထားက အပြည့်အစုံရှိတယ်။ သူဌေး မပြောင်းရသေးဘူးပေါ့။ အဲ့ဒီမှာ (လုပ်ငန်းခွင်အသစ်မှာ) လုပ်တာ ၁၀ ရက် ကျော်ပဲ ရှိသေးတာ” ဟု ကိုမုန်တိုင်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရာ၌ Work Permit ခေါ် အလုပ်လုပ်ကိုင်ခွင့်စာရွက်တွင် အလုပ်ရှင်အမည်နှင့် အလုပ်သည် ကိုက်ညီမှုရှိရမည်ဟု သတ်မှတ်ထားသည်။ အလုပ်တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရာတွင် အလုပ်ရှင်အမည် မပြောင်းထားပါက ထိုင်းရဲတို့က ဖမ်းဆီးလေ့ရှိသည်။
လတ်တလောတွင် ကိုဇင်ကိုထက်၏ ရုပ်အလောင်းကို ထုတ်ယူ၍ နာရေးပြုလုပ်နေရန် ရှိပြီး ၎င်း၏ ဇနီးလည်း ထိုင်းနိုင်ငံ၌ ကျန်ရစ်ခဲ့ကာ လူသေဆုံးမှုနှင့်ပတ်သက်၍ အမှုဖွင့်လှစ်ရန် ရှိမရှိ မိသားစုဝင်များက ဆုံးဖြတ် သွားမည်ဟုလည်း WAG အလုပ်သမား မဟာမိတ်အဖွဲ့ဘက်ကဆိုသည်။
သေဆုံးသူ၏ ဇနီးနှင့် ဆက်သွယ်မေးမြန်းရန် Myanmar Now က ကြိုးပမ်းနေဆဲ ဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း မြန်မာအပါအဝင် နိုင်ငံခြားအလုပ်သမားများသန်းနှင့်ချီ ရှိကြရာ နေထိုင်ရေးနှင့် အလုပ် လုပ်ကိုင်ခွင့်အတွက် အထောက်အထားများရရှိရေးသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။
ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်လုပ်ကိုင်ရာတွင် ကြောက်ရွံ့မှုများရှိနေပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေကြောင်း ကိုမုန်တိုင်းက ဆိုသည်။
“ ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမား လူ ၁၀၀၀ ရှိရင် ၁၀၀၀ လုံးက ကြောက်လန့်မှုတွေက ပိုပြီး ဆိုးလာတယ်။ ဟိုးအရင်က သူဌေး မတူရင်၊ ရက်ကျော်သွားရင် ဒဏ်ငွေ ဆိုတာရှိတယ်။ အခုက ဘယ်လောက်ထိ တင်းကျပ် လာလဲဆိုတော့ သူဌေးမတူရင်လည်း အဖမ်းခံရတယ်။ ရက် ၉၀ တုံး မထုထားဘူးဆိုရင်လည်း အဖမ်းအဆီးက ခံရတယ်။ ဗီဇာသက်တမ်းတိုး နောက်ကျသွားရင်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အပြစ်ဖြစ်တယ်” ဟု သူက ပြောသည်။
“ (မြန်မာ) ရွှေ့ပြောင်းအလုပ်သမားတွေ လုံခြုံမှု မရှိတော့ဘူး။ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာ အရင်ထက်စာရင် ပိုတွေ့လာရတယ်။ ထိုင်းနိုင်ငံမှာ စာရွက်စာတမ်းပြည့်စုံနေရင်တောင်မှ တစ်ခုမဟုတ် တစ်ခု ရစ်ခံနေရတဲ့ အနေအထားတွေ တွေ့လာရတယ်” ဟု ၎င်းက ဆက်ပြောသည်။
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သော ထိုင်းရောက်အမျိုးသမီးတစ်ဦးက အလုပ်လုပ်ကိုင်နေရသော အခြေအနေသည် ပိုမိုကျပ်တည်း လာကြောင်း၊ အလုပ်တွင် သူဌေးအမည် မတူပါက ရဲများက ဖမ်းဆီးစစ်ဆေးတတ်ကြောင်း၊ ဒဏ်ငွေ ဆောင်ရကြောင်း ဆိုသည်။
“ ပိုက်ဆံ မပေးနိုင်ရင် အချုပ်ကျတယ်လို့ကြားတယ်။ တချို့ဆိုရင် မြန်မာနိုင်ငံကို ပြန်လွှတ်တယ်လို့လည်း ကြားတယ်။ များသောအားဖြင့် ကော့စန်း (ဆောက်လုပ်ရေး) ဆိုက်တွေ၊ စက်ရုံဆိုက်တွေကို ဝင်ဖမ်းတာများတယ် ”ဟု ၎င်းက ပြောသည်။
တစ်နှစ်တစ်ခါ သက်တမ်းတိုးရသော Work Permit အတွက် ထိုင်းဘတ် ၅၀၀၀ မှ တစ်သောင်းကြား (ကျပ် ၆သိန်းမှ ၁၂သိန်းကြား) ကျသင့်ကာ အများစုသည် ပွဲစားများကို အပ်နှံကြရပြီး သက်တမ်းတိုးပါက ကြန့်ကြာမှုများ ရှိနေ၍ နှစ်တစ်ဝက်မှသာ ရရှိသည်ဟု အသက် ၃၀ အရွယ် ထိုအမျိုးသမီးက ဆိုသည်။
“ ဘယ်လောက်ပဲ အထောက်အထား ပြည့်စုံတာပဲဖြစ်ဖြစ် Work Permit ဆို ညီမတို့က ၁၂ လပိုင်းမှာ ကုန်မှာလေ။ ဒါပေမဲ့ ခုနစ်လပိုင်းမှ ညီမတို့လက်ထဲရတာ။ တချို့တွေဆို အခု ကိုးလပိုင်းအထိ မထုတ်ရသေးသူတွေ ရှိတယ်။ တကယ့်တကယ်တမ်း ကိုယ့်လက်ထဲရောက်တော့ Work Permit က သက်တမ်းကုန်နေတာမျိုး ဖြစ်တယ်”
“ အထောက်အထားမရှိခင်တုန်းကတော့ ကျွန်မတို့မှာ ဘာမှ မရှိဘူး။ မသွားရဲ မလာရဲနဲ့ ကြောက်တယ်။ ရှိသွားတော့ကျလည်း … ဘယ်လိုပဲ အထောက်အထားပြည့်စုံတယ် ပြောပြော အမြဲတမ်းစိုးရိမ်တကြီးနဲ့ နေရတယ်” ၎င်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့် မရှိသော အလုပ်များရှိပြီး အလုပ်လုပ်ခွင့် (Work Permit) တွင် ဖော်ပြထားသော အလုပ်အမျိုးအစားနှင့် အမှန်တကယ် လုပ်ကိုင်နေသော အလုပ်တို့ တူညီမှုရှိမှသာ လုပ်ကိုင်ခွင့်ရကြသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် မကြာသေးခင်က ထိုင်းနိုင်ငံသို့ တရားဝင်ခရီး သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြပြီးနောက် အလုပ်သမားအရေး၊ နယ်စပ်ကုန်သွယ်ရေးများအပါအဝင် တင်းကျပ်မှုများ ပိုမိုပြုလုပ်လာသည်။
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ၏ ၂၀၂၀-၂၀၂၄ ခုနှစ် ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံတွင် တရားဝင် ရောက်ရှိလုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁ ဒသမ ၄ သန်းမှ သုံးသန်းအထိ ရှိသည်။ အထောက်အထားမဲ့ အလုပ်သမားများ၊ စစ်ဘေးရှောင်များနှင့် ရွှေ့ပြောင်းနေထိုင်သူများပါ ထည့်သွင်းတွက်ချက်ပါက စုစုပေါင်း မြန်မာနိုင်ငံသား လေးသန်းကျော်အထိ ရှိနိုင်ကြောင်း IOM က ခန့်မှန်း ထားသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းနီးပါးသည် ထိုင်းနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ပြီး အများစုသည် ဘန်ကောက်၊ စမွတ်စာခွန် (မဟာချိုင်)၊ မဲဆောက်၊ ရနောင်း၊ ချင်းမိုင်မြို့နှင့် စက်မှုဇုန်များရှိရာ မြို့ကြီးများတွင် အဓိက အခြေစိုက်နေထိုင်သည်။
မြန်မာအလုပ်သမားများသည် အဓိကအားဖြင့် ရေလုပ်ငန်း၊ ပင်လယ်စာပြုပြင်ရေး၊ ဆောက်လုပ်ရေး၊ စက်ရုံများ၊ အစားအသောက်နှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်လျက် ရှိသည်။



