
ဖနွမ်းပင်မြို့မှ အသက် ၃၅ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သား ဆိုဖီယာအတွက်မူ အွန်လိုင်းငွေလိမ်ဂိုဏ်း ဆိုသည်မှာ သတင်းစာမျက်နှာများပေါ်တွင်သာ ဖတ်ရသော၊ အလှမ်းဝေးလှသော ကိစ္စရပ်တစ်ခု မဟုတ်တော့ပေ။ လုပ်ငန်းခွင်ထဲက လူငယ်များကြား ဤအကြောင်းအရာကို ပြောဆိုမှု နည်းပါးသော်လည်း လူကြီးများက မနက်ခင်း ကော်ဖီဆိုင်တွင် မကြာခဏ ဆွေးနွေးကြသည်။ ဘယ်သူတွေက ဒီလုပ်ငန်းတွေကို အကာအကွယ်ပေးနေတာလဲ၊ ဘာကြောင့် အမြစ်ပြတ်အောင် မနှိမ်နင်းနိုင်ရတာလဲ စသည့် မေးခွန်းများက စကားဝိုင်းများတွင် ရှိနေတတ်သည်။
“အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြည့်အဝ၊ အမြစ်ပြတ် ရှင်းလင်းနိုင်ပြီလို့တော့ အများပြည်သူက မယုံကြည်ကြပါဘူး” ဟု ဆိုဖီယာက ပြောသည်။ အဓိက ကြိုးကိုင်သူများအားလုံး ဖမ်းဆီးခံရခြင်းမရှိသေးသလို အာဏာရှိသူများထံအထိ စုံစမ်းစစ်ဆေးမှု မရောက်ပါက ယခုနှိမ်နင်းမှုသည် “လက်သည်းဖျားကိုပဲ ထိတဲ့” အဆင့်တွင် ရပ်နေနိုင်ကြောင်း ၎င်းက ဆိုသည်။
တဖက်တွင် ကမ္ဘောဒီးယားအစိုးရသည် အွန်လိုင်းလိမ်လည်မှု၊ အဓမ္မခိုင်းစေမှုနှင့် ငွေမည်းခဝါချမှုများကို နောက်ထပ် သည်းခံမည်မဟုတ်ကြောင်း ကမ္ဘာကို ပြသရန် ကြိုးပမ်းနေသည်။ ဝင်ရောက်စီးနင်းမှုများ၊ နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးမှုများ၊ တရားခံလွှဲပြောင်းပေးမှုများနှင့် ဆိုက်ဘာရာဇဝတ်မှုဆိုင်ရာ ဥပဒေသစ်ပြဋ္ဌာန်းမှုတို့ကိုလည်း တွေ့လာရသည်။
အဆိုပါလုပ်ငန်းများတွင် လည်ပတ်နေသည့် ငွေကြေးပမာဏမှာ ကြီးမားလှသည်။ Humanity Research Consultancy ၏ ၂၀၂၅ ခုနှစ် လေ့လာမှုတရပ်အရ ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ တန်ဖိုးသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံမှ ၁၉ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားသည်။ ၎င်းမတိုင်မီက ထုတ်ပြန်ခဲ့သည့် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၏ လေ့လာမှုတစ်ခုတွင်မူ မဲခေါင်ဒေသအခြေစိုက် ရာဇဝတ်ဂိုဏ်းများသည် တစ်နှစ်လျှင် ဒေါ်လာ ၄၃ ဒသမ ၈ ဘီလီယံကျော်ကို လိမ်လည်ခိုးယူနေကြောင်း ခန့်မှန်းထားသည်။
အစိုးရ၏ တရားဝင် နှိမ်နင်းမှု
ဝန်ကြီးချုပ် ဟွန်မာနက်က အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှောင့်နှေးမှုမရှိဘဲ၊ ခြွင်းချက်မထားဘဲ၊ လုံးဝသည်းခံခြင်းမရှိဘဲ “အမြစ်ပြတ်” နှိမ်နင်းရန် အာဏာပိုင်များကို အမိန့်ပေးခဲ့သည်။
ပြီးခဲ့သည့် မတ်လအတွင်းက အမျိုးသားလွှတ်တော်သည် အွန်လိုင်းလိမ်လည်မှု၊ ငွေလိမ်ဂိုဏ်းများကို ဦးဆောင်မှု၊ လူသစ်စုဆောင်းမှု၊ တရားမဝင် အချက်အလက်ရယူမှုနှင့် ငွေလိမ်လုပ်ငန်းဆိုင်ရာ ငွေမည်းခဝါချမှုတို့ကို ပြစ်မှုအဖြစ် သတ်မှတ်သည့် ဥပဒေတရပ် အတည်ပြုခဲ့သည်။ ပြစ်ဒဏ်များတွင် ထောင်ဒဏ်တသက်တကျွန်းနှင့် ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းတို့ ပါဝင်သည်။
၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဧပြီလလယ် အတွင်း အွန်လိုင်းငွေလိမ်မှု ၂၅၀ ကျော်ကို နှိမ်နင်းခဲ့ပြီး ကာစီနို ၉၁ နေရာကို ပိတ်ခဲ့ကြောင်း၊ သံသယရှိသူ ၁,၀၈၉ ဦး ပါဝင်သည့် အမှုတွဲ ၁၁၂ ခုကို တရားရုံးသို့ တင်ပို့ခဲ့ကြောင်း ဧပြီလ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၅ ခုနှစ် အစောပိုင်းမှစ၍ နိုင်ငံခြားသား ၁၃,၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းလည်း ဆိုသည်။
သို့သော် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို လေ့လာသည့် GI-TOC အဖွဲ့မှ အကြီးတန်းကျွမ်းကျင်သူ ဂျေဆင် တာဝါ (Jason Tower) ကမူ အစိုးရသတ်မှတ်ထားသည့် အချိန်ဇယားကိုယ်တိုင်က ပြဿနာရှိနေကြောင်း ထောက်ပြသည်။ အွန်လိုင်းငွေလိမ်ဂိုဏ်း ခြံဝင်းများကို တစ်လအတွင်း ရှင်းလင်းမည်ဆိုသည့် ကနဦး ကတိကဝတ်နှင့် ပတ်သက်ပြီးလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။
ဤလုပ်ငန်းတွင် လူပေါင်း တစ်သိန်းခွဲမှ နှစ်သိန်းခန့်အထိ ပါဝင်နေသည်ဟု တာဝါက ခန့်မှန်းပြီး “ညတွင်းချင်း ရပ်ပစ်လိုက်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး” ဟု ပြောသည်။ တာဝါ၏ အဆိုအရ ထိုမျှတိုတောင်းလှသော အချိန်ဇယားသည် ရေရှည်အမြစ်ဖြတ်ချေမှုန်းရေးထက် လူထုအမြင်ကောင်းစေရန် လုပ်သည့် အပြသဘော လှုပ်ရှားမှုတစ်ခုသာ ဖြစ်သွားနိုင်မည်ကို လေ့လာစောင့်ကြည့်သူများက စိုးရိမ်နေကြသည်။
လက်ရှိအခြေအနေကို “ထိန်းမနိုင်သိမ်းမရ အခြေအနေ” ဟု တာဝါက သုံးသပ်သည်။ သောင်းနှင့်ချီသော လူများသည် ငွေလိမ်ဂိုဏ်းဝင်းများထဲမှ ထွက်ပြေးနေကြရပြီး အချို့မှာ လူကုန်ကူးခံရသူများ ဖြစ်သလို အချို့မှာ ရာဇဝတ်ကောင်များ ဖြစ်ကြသည်။ အများအပြားမှာ ငွေညှစ်ခံရမည့် အန္တရာယ်၊ ထပ်မံ လူကုန်ကူးခံရမည့် အန္တရာယ် သို့မဟုတ် ဂိုဏ်းအသစ်များထံ ပြန်လည်စုဆောင်းခံရမည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။
Eyewitness Project ၏ သုတေသနဒါရိုက်တာ လင်ဇီကနေဒီ (Lindsey Kennedy) ကမူ ယခုနှိမ်နင်းမှုသည် ယခင်ကထက် ပိုမိုထိရောက်မှုရှိသည်ဟု မြင်သည်။ ယခင်က ဝင်ရောက်မစီးနင်းမီ ဂိုဏ်းများကို ကြိုတင်သတင်း ပေးထားသဖြင့် အထဲရှိလူများကို ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။ ယခုတစ်ကြိမ်တွင် အချို့သော ငွေလိမ်ဂိုဏ်း လုပ်ငန်းခွင်များ အမှန်တကယ် စီးနင်းခံရပြီး ဂိုဏ်းခေါင်းဆောင်များ ထွက်ပြေးသွားသောကြောင့် သောင်းနှင့်ချီသော လူကုန်ကူးခံရသူများ လွတ်မြောက်နိုင်ခဲ့သည့်အတွက် အခြေအနေ မတူညီကြောင်း သူက ဆိုသည်။
သို့သော် တာဝါ၏ စိုးရိမ်မှုကို ကနေဒီကလည်း သဘောတူသည်။ ငွေလိမ်လုပ်ငန်းအများအပြားသည် မြန်မာ သို့မဟုတ် လာအိုသို့ ပြောင်းရွှေ့သွားကြကြောင်း၊ “အမှန်တကယ် အဆင့်မြင့် ခေါင်းဆောင်ပိုင်းကို ဖမ်းဆီးနိုင်မှု အလွန်နည်းပါးခြင်း” ကြောင့် အဓိကကျသူများသည် အခြားနေရာများတွင် ပြန်လည်အခြေချရန် လွတ်လပ်ခွင့် ရနေဆဲဖြစ်ကြောင်း သူက ထောက်ပြသည်။
ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ အစီရင်ခံစာတွင်လည်း အဆိုပါ စိုးရိမ်မှုများကို ထပ်လောင်းဖော်ပြထားသည်။ ဖော်ထုတ်တွေ့ရှိထားသည့် ငွေလိမ်ဂိုဏ်းလုပ်ငန်းခွင် ၈၆ ခုအနက် ၇၀ ရာခိုင်နှုန်းကျော်မှာ နှိမ်နင်းခံရခြင်းမှ ကင်းလွတ်နေပုံရကြောင်း ထောက်ပြထားသည်။ ထို့အပြင် Amnesty အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့သည့် လွတ်မြောက်လာသူ ၇၃ ဦးအနက် တစ်ဦးမျှ လူကုန်ကူးခံရသူအဖြစ် အာဏာပိုင်များ၏ စိစစ်အသိအမှတ်ပြုခံထားရခြင်း မရှိကြောင်း ဖော်ပြထားသည်။
ပြည်ပကို ပြဿနာတင်ပို့ခြင်း
အွန်လိုင်းငွေလိမ်လုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ တစ်ခုတည်း၏ ပြဿနာ မဟုတ်ပေ။ နယ်စပ်ဒေသများ၊ ကာစီနိုများ၊ အိမ်ခြံမြေလုပ်ငန်းများ၊ အလုပ်အကိုင်အတုအယောင်ဖြင့် လူစုဆောင်းမှုများ၊ ခရစ်ပတိုငွေကြေးဖြင့် ငွေမည်းခဝါချမှုနှင့် အကျင့်ပျက်အာဏာပိုင်များ၏ အကာအကွယ်တို့ကို အခြေတည်ထားသည့် ဒေသတွင်း ရာဇဝတ်စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်သည်။ ငွေလိမ်ခံရသူများမှာ ကမ္ဘာတဝန်းတွင်ရှိပြီး၊ ဂိုဏ်းများတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများမှာ အာရှ၊ အာဖရိကနှင့် အခြားဒေသများမှ လာရောက်ကြသူများ ဖြစ်သည်။
ဟားဗတ်တက္ကသိုလ် အာရှစင်တာ ဧည့်သုတေသီနှင့် အရှေ့တောင်အာရှရှိ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ ဂျေးကော့ဗ် ဆင်းမ်စ် (Jacob Sims) က “ဒီနှိမ်နင်းမှုက တကယ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါပေမဲ့ ပိုနက်ရှိုင်းတဲ့ ပြဿနာရဲ့ မြင်သာနေတဲ့ အပေါ်ယံအလွှာဖြစ်တဲ့ ဂိုဏ်းဝင်းတွေကိုပဲ ထိတာပါ” ဟု ပြောသည်။
“ဒီဂိုဏ်းဝင်းတွေကို လည်ပတ်နေတဲ့ အထက်တန်းလွှာတွေဟာ တာဝန်ယူရခြင်းကနေ ကင်းလွတ်နေဆဲဖြစ်ပြီး အဓိက ငွေမည်းခဝါချမှုနဲ့ တရားမဝင် မြေအောက်ဘဏ်လုပ်ငန်း လမ်းကြောင်းတွေကလည်း အကောင်းပကတိအတိုင်း ဆက်ရှိနေတုန်းပါပဲ။”
လူများကို ဥပဒေစိုးမိုးရေးနှင့် လူကုန်ကူးခံရသူ ဟုတ်၊ မဟုတ် စိစစ်ရေးစနစ်များမှတဆင့် စစ်ဆေးခြင်းမပြုဘဲ ကမ္ဘောဒီးယားမှ လွတ်လပ်စွာ ထွက်ခွာခွင့်ပြုလိုက်ခြင်းသည် အဆိုးရွားဆုံး အကျိုးဆက်တစ်ခုဖြစ်ကြောင်း တာဝါက ရှုမြင်သည်။
“သူတို့ထဲက အများအပြားဟာ ရာဇဝတ်ကောင်တွေဖြစ်ပြီး တခြားနိုင်ငံတွေကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားကာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဆက်လုပ်နေကြပါတယ်” ဟု တာဝါက ဆိုသည်။
“ဒါဟာ ကမ္ဘောဒီးယားကနေ ကမ္ဘာကြီးကို ပေးလိုက်တဲ့ လက်ဆောင်တစ်ခုလို ဖြစ်သွားပါတယ်။ သူတို့ဟာ ဒီလိမ်လည်သူ အုပ်စုကြီးကို တခြားနိုင်ငံတွေဆီ လွှတ်ချလိုက်တာပါပဲ။”
ကမ္ဘောဒီးယားအခြေစိုက် ငွေလိမ်လုပ်ငန်းများနှင့် ဆက်နွှယ်သည့် အမှုများကို ဗီယက်နမ်တွင် တွေ့ရသလို အင်ဒိုနီးရှား၊ သီရိလင်္ကာ နှင့် ယူဂန်ဒါတို့တွင်လည်း နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်ကွန်ရက်များနှင့် ဆက်နွှယ်သည့် အမှုများ ပေါ်ထွက်လာသည်။
ပူဖောင်းသဖွယ် ရွှေ့ပြောင်းသည့် ငွေလိမ်ကွန်ရက်များ
မြန်မာဘက်တွင်လည်း နှိမ်နင်းမှုများကြား အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပျောက်ကွယ်မသွားဘဲ ပုံစံပြောင်းလာနေသည်။ သြစတြေးလျ မဟာဗျူဟာမူဝါဒအင်စတီကျု (ASPI) ၏ ဂြိုဟ်တုပုံရိပ်ဆန်းစစ်မှုနှင့် GI-TOC ၏ နောက်ဆုံးသုတေသနများအရ ကရင်ပြည်နယ်ရှိ ငွေလိမ်ဂိုဏ်းများသည် နယ်စပ်အနီးမှ မြန်မာပြည်တွင်းပိုင်းသို့ ပိုမိုရွှေ့ပြောင်းပျံ့နှံ့လာနေသည်။ GI-TOC ၏ မတ် ၂၀၂၆ လေ့လာချက်အရ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုရှိ ငွေလိမ်လုပ်ငန်းများထဲသို့ နိုင်ငံပေါင်း ၇၅ နိုင်ငံထက်မနည်းမှ လူ ၃၀၀,၀၀၀ ကျော် လူကုန်ကူးခံခဲ့ရပြီး၊ မကြာသေးခင် နှိမ်နင်းမှုများနောက်တွင်လည်း မြဝတီမှ ဂိုဏ်းဝင်းအသစ်များ မြန်မာပြည် အတွင်းပိုင်းသို့ ပိုမိုရွှေ့ပြောင်းလာကြောင်း ဖော်ပြထားသည်။
သုတေသီ တာဝါကမူ စစ်ကောင်စီ၏ ဟန်ပြ နှိမ်နင်းမှုများကို ထောက်ပြသည်။
“မြန်မာစစ်တပ်ဟာ ရံဖန်ရံခါ ဝင်ရောက်ရှာဖွေမှုတွေ၊ စီးနင်းမှုတွေ ဆက်လုပ်နေပေမယ့် သူတို့ယန္တရားတွင်းက အဆမတန် ဆိုးရွားလှတဲ့ အဂတိလိုက်စားမှုတွေကြောင့် ဒီလုပ်ရပ်တွေဟာ ထိရောက်မှု မရှိပါဘူး” ဟု တာဝါက ပြောသည်။
“ငွေလိမ်ဂိုဏ်းခေါင်းဆောင်တွေဟာ ဝင်စီးမယ့်သတင်းတွေကို အမြဲ ကြိုတင်ရရှိလေ့ရှိပြီး၊ ဂိုဏ်းဝင်းကြီးတွေကဆိုရင် သူတို့ဆီမှာ နေရာလာငှားမယ့် ရာဇဝတ်ဂိုဏ်းတွေအတွက် ‘ကြိုတင်သတင်းပေးခြင်း’ နဲ့ ‘အကာအကွယ်ပေးခြင်း’ တွေကို ဝန်ဆောင်မှုတစ်ခုအနေနဲ့တောင် ကြော်ငြာနေကြပါတယ်” ဟု ၎င်းက ဆိုသည်။
“မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်နောက်ပိုင်း ဒီလုပ်ငန်းတွေကို အမှန်တကယ် ထိခိုက်စေခဲ့တဲ့ ဖြစ်ရပ်ကြီး နှစ်ကြိမ်ပဲ ရှိခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။
တစ်ခုမှာ ကိုးကန့် MNDAA နှင့် မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေး ပထမအဆင့်အတွင်း စစ်တပ်လက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်နှင့် ၎င်း၏ ငွေလိမ်ကွန်ရက်အများစု ပြိုကွဲခဲ့ခြင်းဖြစ်သည်။ နောက်တစ်ခုမှာ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA) က ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ထိုင်း- မြန်မာ နယ်စပ်ရှိ မင်းလက်ပံဒေသမှ Shunda Park ငွေလိမ်လုပ်ငန်းခြံဝင်းကို သိမ်းယူဖျက်သိမ်းကာ အထောက်အထား အများအပြားကို နိုင်ငံတကာ ဥပဒေစိုးမိုးရေးအဖွဲ့များထံ မျှဝေနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
Shunda ဖြစ်စဉ်သည် ကမ္ဘောဒီးယားနှင့် မြန်မာကြား ငွေလိမ်ကွန်ရက်များ မည်သို့ ရွှေ့ပြောင်းရှင်သန်နေသည်ကိုပါ ပြသနေသည်။ အမေရိကန် တရားရေးဌာန၏ ဧပြီလ တရားစွဲဆိုချက်အရ Shunda တွင် ငွေလိမ်လုပ်ငန်းကို စီမံခဲ့သည်ဟု စွပ်စွဲခံထားရသည့် တရုတ်နိုင်ငံသားနှစ်ဦးသည် ထိုလုပ်ငန်းခွင် သိမ်းယူခံရပြီးနောက် ကမ္ဘောဒီးယားရှိ အခြားဂိုဏ်းဝင်းတစ်ခုသို့ ရွှေ့ကာ လုပ်ငန်းဆက်လုပ်ရန် ကြိုးပမ်းခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ ပြန်ဝင်ရန် ထိုင်းနိုင်ငံကို ဖြတ်သန်းစဉ် ဖမ်းဆီးခံခဲ့ရသည်။
ဤကဲ့သို့ ရွှေ့ပြောင်းမှုသည် “ပူဖောင်းသဘော အကျိုးသက်ရောက်မှု (Balloon Effect)” ဖြစ်သည်ဟု ကမ္ဘောဒီးယား နိုင်ငံတကာဆက်ဆံရေးအင်စတီကျူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကင်ဖီယာ (Kin Phea) က ရှင်းပြသည်။
“တစ်နေရာမှာ ဖိအားများလာရင် လုပ်ငန်းတွေက မြန်မာ၊ လာအိုနဲ့ မဲခေါင်ဒေသ တခြားနေရာတွေကို ရွှေ့သွားတတ်တယ်” ဟု ၎င်းက ဆိုပြီး လူ၊ ငွေကြေး၊ နည်းပညာနှင့် အကာအကွယ်ပေးသည့် ကွန်ရက်များပါ နယ်စပ်ဖြတ်ကျော်နေသဖြင့် ယင်းပြဿနာသည် ဒေသတွင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုဖြစ်ကြောင်း သုံးသပ်သည်။
GI-TOC ၏ ၂၀၂၆ ခုနှစ် လေ့လာချက်ကလည်း ငွေလိမ်လုပ်ငန်းခွင် တစ်ခုချင်းစီကို ဝင်စီးပိတ်သိမ်းရုံဖြင့် လုပ်ငန်းရှင်သန်ရာ ပတ်ဝန်းကျင်ကို ဖျက်နိုင်မည် မဟုတ်ကြောင်း၊ ကွန်ရက်များ၊ ငွေကြေးလမ်းကြောင်းများ၊ အကာအကွယ်ပေးသည့် စနစ်နှင့် နိုင်ငံဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုတို့ကို တပြိုင်နက် ကိုင်တွယ်ရန် လိုကြောင်း ထောက်ပြထားသည်။ ထိုသို့ ဒေသတွင်း ပူးပေါင်းနှိမ်နင်းမှု မရှိသရွေ့ ကမ္ဘောဒီးယားဘက်က ဖိအားသည် ငွေလိမ်လုပ်ငန်းကို ပျောက်ကွယ်စေခြင်းထက် မြန်မာအပါအဝင် အခြားနေရာများသို့ ရွှေ့ပြောင်းစေခြင်းသာ ဖြစ်ပေလိမ့်မည်။
ဘေဂျင်း၏ ဖိအားနှင့် အကျိုးစီးပွား
ယခုအခါ မြန်မာဖြစ်စဥ်မှာကဲ့သို့ပင် ကမ္ဘောဒီးယား၏ အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းမှုတွင် တရုတ်နိုင်ငံက အလယ်ဗဟိုတွင် နေရာယူလာသည်။ ဧပြီလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ကာကွယ်ရေးဝန်ကြီး တုံကျွန်းတို့ ဖနွမ်းပင်သို့ လာရောက်လည်ပတ်ကြချိန်တွင် ဘေဂျင်း၏ ဖိအားပေးမှုမှာ ပိုမိုသိသာထင်ရှားလာသည်။
အွန်လိုင်းလောင်းကစားနှင့် တယ်လီကွန်းလိမ်လည်မှုများကို တိုက်ဖျက်ရန်မှာ ပြည်သူများ၏ လုံခြုံရေးအတွက် အရေးပါကြောင်း၊ နှစ်နိုင်ငံစလုံးအနေဖြင့် “ဒီကင်ဆာရောဂါဆိုးကြီးကို ပြတ်ပြတ်သားသားနဲ့ အမြစ်ပြတ် ဖယ်ရှားရမှာဖြစ်ကြောင်း” ဝမ်ယိက ကမ္ဘောဒီးယားအရာရှိများကို ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်းကလည်း အဆိုပါ ရာဇဝတ်မှုများကို တရုတ်နိုင်ငံနှင့်အတူ “ပြတ်ပြတ်သားသား တိုက်ဖျက်သွားမည်” ဟု တုံ့ပြန်ခဲ့သည်။
ကမ္ဘောဒီးယား၏ တုံ့ပြန်ဆောင်ရွက်မှုများသည် ပြည်တွင်းဦးစားပေးကိစ္စရပ်များနှင့် တရုတ်၏ ပါဝင်ပတ်သက်မှု နှစ်ခုစလုံးကြောင့်ဖြစ်ကြောင်း ဒေါက်တာ ကင်ဖီယာက ရှုမြင်သည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ နိုင်ငံသားများကို ကာကွယ်ရန်၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရန်နှင့် ဒေသတွင်း ၎င်း၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ဆန္ဒရှိနေပြီး ကမ္ဘောဒီးယားကမူ တည်ငြိမ်မှုနှင့် နိုင်ငံတကာ၏ ယုံကြည်မှုကို လိုလားနေကြောင်း ၎င်းက ဆိုသည်။ အွန်လိုင်းငွေလိမ်မှု ပြဿနာသည် တရုတ်နိုင်ငံအတွက် ပြည်တွင်းရော ပြည်ပတွင်ပါ အရှက်ရစရာ ဖြစ်လာသောကြောင့် တရုတ်က ဤကိစ္စကို ပိုမိုအလေးအနက်ထားလာခြင်း ဖြစ်ကြောင်း ဆင်းမ်စ်ကလည်း ထောက်ပြသည်။
တာဝါကမူ တရုတ်၏ ပိုမိုရှုပ်ထွေးသော ပါဝင်ပတ်သက်နေပုံကို ထောက်ပြသည်။ ယခုအခြေအနေ ဖြစ်လာစေရန် တရုတ်ဘက်ကလည်း အထောက်အကူဖြစ်စေခဲ့သည့် အခန်းကဏ္ဍရှိကြောင်း ၎င်းက ဆိုသည်။ နောက်ပိုင်းတွင် အွန်လိုင်းငွေလိမ်ဂိုဏ်းဝင်းများအဖြစ် အသုံးပြုလာသည့် စက်မှုဇုန် အခြေခံအဆောက်အဦများကို တည်ဆောက်ပေးခဲ့သော တရုတ်နိုင်ငံပိုင် လုပ်ငန်းများ၊ ကမ္ဘောဒီးယားရှိ တရုတ်နှင့်ဆက်နွှယ်နေသော ရာဇဝတ်ကွန်ရက်များကို တာဝါက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ သို့သော် အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံများက အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင်များကို ဖော်ထုတ်ခြင်း၊ အရေးယူပိတ်ဆို့ခြင်းနှင့် တရားစွဲဆိုခြင်းများ ပြုလုပ်လာသည့် ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံကလည်း ဖိအားပေးမှုများကို တိုးမြှင့်လာခဲ့သည်။
ဂိုဏ်းဝင်းကြီးများ၏ နောက်ကွယ်
ဝင်ရောက်စီးနင်းမှုများက ငွေလိမ်ဂိုဏ်းဝင်းများကို ထိခိုက်စေခဲ့သည်။ သို့သော် ၎င်းတို့နောက်ကွယ်ရှိ စနစ်တစ်ခုလုံးကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ကြောင်း ကမ္ဘောဒီးယားအစိုးရက သက်သေမပြနိုင်သေးပေ။
ဆင်းမ်စ်က ကမ္ဘောဒီးယား၏ အွန်လိုင်းငွေလိမ် စီးပွားရေးလုပ်ငန်းသည် “သမားရိုးကျ တရားဥပဒေစိုးမိုးရေး ပြဿနာထက် အများကြီး ပိုမိုကျော်လွန်နေပုံရတယ်” ဟု ဆိုပြီး ၎င်းလုပ်ငန်းသည် “အာဏာရပါတီ အထက်တန်းလွှာများ၏ အကျိုးစီးပွားနှင့် အပြန်အလှန် အကာအကွယ်ပေးသည့် စနစ်” တို့နှင့် ဆက်စပ်နေကြောင်း ထောက်ပြသည်။ အဓိက အကျိုးအမြတ်ခံစားရသူများမှာ မြေရှင်များနှင့် ဂိုဏ်းများကို အကာအကွယ်ပေးသူများအဖြစ် အကျိုးအမြတ်ရရှိခဲ့သည့် နိုင်ငံရေးနှင့် စီးပွားရေး အထက်တန်းလွှာများ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခုကိစ္စရပ်ကို ဥပဒေစိုးမိုးရေးပြဿနာသက်သက်ထက် ပိုမိုကျယ်ပြန့်သည့် ကိစ္စရပ်အဖြစ် ကမ္ဘောဒီးယားပြည်တွင်းတွင်လည်း နားလည်သဘောပေါက်လာပြီဖြစ်ကြောင်း ဒေါက်တာ ကင်ဖီယာက ပြောသည်။ ၎င်းသည် အုပ်ချုပ်ရေး၊ နိုင်ငံ၏ ဂုဏ်သိက္ခာ၊ စီးပွားရေး ရေရှည်တည်တံ့မှု၊ လူမှုရေး ယုံကြည်မှုတို့နှင့် သက်ဆိုင်နေသည်။ ထိရောက်သော တုံ့ပြန်ဆောင်ရွက်မှုတစ်ခု ဖြစ်လာစေရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၊ ထောက်လှမ်းရေးသတင်း ဖလှယ်မှု၊ ငွေကြေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှု၊ ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အစီအမံများ လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ဆောက်လုပ်ရေးလုပ်သား ဆိုဖီယာအတွက်မူ ဤပြဿနာသည် စိတ်ကူးယဉ်ကိစ္စ မဟုတ်ပေ။ အွန်လိုင်းငွေလိမ်မှုများနှင့် ဆက်စပ်နေသည့် အဆောက်အအုံများ၊ ကာစီနိုများနှင့် တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းများသည် ယာဉ်မောင်းများ၊ ဆောက်လုပ်ရေးအလုပ်သမားများနှင့် ကုန်ပစ္စည်းရောင်းချသူများအတွက် ရေတိုအလုပ်အကိုင်များကို ဖန်တီးပေးနိုင်ပေမည်။ သို့သော် ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ပြီးနောက်တွင် အဆောက်အအုံများ ပိတ်သိမ်းခံရကာ မော်တော်ယာဉ်များမှာလည်း ပျက်စီးယိုယွင်းလျက် ကျန်ခဲ့ကြောင်း၊ သာမန်ပြည်သူများမှာ အကြွေးနှင့် အခက်အခဲများကြားတွင် ဆက်လက်ရုန်းကန်နေရကြောင်း ၎င်းက ပြောသည်။
ဖနွမ်းပင်မြို့တော်မှ ဆောက်လုပ်ရေးလုပ်သား ဆိုဖီယာက မည်သူ့ကိုမျှ ခြွင်းချက်မထားသည့် နှိမ်နင်းရေးကို လိုလားသည်ဟု ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ဥပဒေအောက်မှာ ခြွင်းချက်မရှိ အားလုံးကို အကျုံးဝင်မယ့် ထိရောက်၊ ပွင့်လင်းမြင်သာပြီး တရားမျှတတဲ့ ချေမှုန်းရှင်းလင်းရေးမျိုးကို မြင်ချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့သာ လုပ်နိုင်မည်ဆိုပါက ကမ္ဘောဒီးယားအနေဖြင့် နိုင်ငံသားများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းများအတွက် မဟုတ်ဘဲ ရိုးသားစွာ လုပ်ကိုင်စားသောက်သည့် စီးပွားရေးစနစ်တစ်ခုကို ပြန်လည် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ဆိုဖီယာက ဆိုသည်။
ဆိုဖီယာမျှော်လင့်သလို ကမ္ဘောဒီးယားအတွင်း ခြွင်းချက်မရှိ ထိထိရောက်ရောက် နှိမ်နင်းနိုင်ခြင်းက အစတစ်ခုသာ ဖြစ်နိုင်သည်။ လူ၊ ငွေ၊ နည်းပညာနှင့် အကာအကွယ်ပေးသည့် ကွန်ရက်များ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေသရွေ့ ကမ္ဘောဒီးယားမှာ ပိတ်လိုက်သည့် ဂိုဏ်းဝင်းတစ်ခုကို မြန်မာ သို့မဟုတ် ဒေသတွင်း အခြားနေရာတစ်ခုက အစားထိုးလာနိုင်သည်။ ယခုအခါ အဓိကအခက်အခဲမှာ ဂိုဏ်းဝင်း မည်မျှကို ဝင်ရောက်စီးနင်း ပိတ်သိမ်းနိုင်ခဲ့သနည်း ဆိုသည်ထက် ၎င်းတို့ မည်သည့်နေရာသို့ ဆက်လက် ရွှေ့ပြောင်း အမြစ်တွယ်သွားကြမည်နည်း ဆိုသည့်အချက်ပင် ဖြစ်လာနေသည်။
(ဆောင်းပါးရှင် ငြိမ်းချမ်းအေးသည် ဝါရှင်တန်အခြေစိုက် မြန်မာသတင်းစာဆရာ တစ်ဦးဖြစ်ပြီး
မြန်မာနှင့် ဒေသတွင်းရေးရာများကို ရေးသားနေသည်။)



