ကချင်ပြည်နယ်မှ စစ်တပ်လောက်အောက်ခံ ဝါရာဇွပ်ဌာနေပြည်သူ့စစ်တပ်ဖွဲ့သည် ဖားကန့်မြို့နယ်ထဲရှိ ၎င်းတို့၏အခြေစိုက်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်(KIA) က ဝင်ရောက်တိုက်ခိုက်ပြီးနောက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ အရပ်သားလေးဦးကို ယမန်နေ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး နောက်ထပ်အရပ်သားများကိုလည်း ဖမ်းဆီးထားသည်ဟု KIA ထောက်လှမ်းရေး အရာရှိတစ်ဦးနှင့် ဒေသခံများက Myanmar Now ကို ပြောသည်။
ကချင်လွတ်လပ်ရေးတပ် (KIA) သည် ပြီးခဲ့သည့် စနေနေ့(ဩဂုတ်လ ၈ ရက်) ညနေပိုင်းက တနိုင်းမြို့တောင်ဘက် ၃၃ မိုင်အကွာ ရှဒူဇွပ်ရွာရှိ စစ်ရေးလေ့ကျင်ကွင်းတွင် စုရုံးနေသည့် ဝါရာဇွပ်ဌာနပြည်သူ့စစ်အဖွဲ့ကို လက်နက်ကြီး နှင့် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ရာ အနည်းဆုံးပြည်သူ့စစ် ငါးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှ်ိခဲ့သည်ဟု Myanmar Now က ဆက်သွယ်စကားပြောခွင့်ရခဲ့သည့် KIA ထောက်လှမ်းရေး အရာရှိကဆိုသည်။
ဒဏ်ရာများဖြင့် သေဆုံးနေသည့် စစ်ယူနီဖောင်းဝတ်ရုပ်အလောင်းနှစ်ခု၏ဓာတ်ပုံကိုလည်း အဆိုပါ ထောက်လှမ်းရေးအရာရှိက Myanmar Now ထံပေးပို့ခဲ့သည်။ ၎င်းတို့သည် KIA ၏စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ဝါရာဇွပ်ဌာနပြည်သူ့စစ်တပ်သားများဖြစ်ပြီး လက်နက်များလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။
ထိုတိုက်ပွဲအပြီးနောက်တစ်နေ့၊ တနင်္ဂနွေ (ဩဂုတ်လ ၉ ရက်)တွင် ဝါရာဇွပ်ဌာနပြည်သူ့စစ်များသည် တိုက်ပွဲဖြစ်ပွားရာ ရှဒူဇွပ်ရွာအပါအဝင် လီဒိုလမ်းမကြီးပေါ်ရှိ ကျေးရွာများကို ဝင်စီးခဲ့ပြီး ရှဒူဇွပ်ရွာ၏ တောင်ဘက် ၁၃ မိုင်ခန့်အကွာတွင် ရှိသည့် နောင်းမီရွာ ဒေသခံ လူငယ်လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟုလည်း KIA ထောက်လှမ်းရေး အရာရှိတစ်ဦးနှင့် ဒေသခံများကဆိုသည်။
သတ်ဖြတ်ခံရသူများသည် ကချင်မျိုးနွယ်စုများဖြစ်ကြသည့် ထွယ်ဆန်အောင်(၁၈နှစ်)၊ ဆွတ်အောင်(၁၉နှစ်)၊ လမိုင်ဂွန်းမိုင်(၂၁နှစ်)နှင့် ဒေါင်လွမ်း(၂၅နှစ်) တို့ဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများ ပြန်ရရန်အတွက် မိသားစုဝင်များက ကြိုးစားနေသည်ဟုလည်း ဒေသခံတစ်ဦးကဆိုသည်။
“အဓိကက ကချင်လူငယ်တွေရှိတဲ့ အိမ်တွေကို(ပြည်သူ့စစ်တွေက) စစ်ဆေးတင်းကျပ်တယ်”ဟု အထက်ပါ ဒေသခံ အမျိုးသားက ဒေသခံများကြုံတွေ့နေရသည့် အခြေအနေကို ပြောသည်။
တိုက်ပွဲများဖြစ်ပွားရာ ဖားကန့်မြို့နယ်တွင် လူဦးရေ ၁၃၀,၀၀၀ ကျော်၊ တနိုင်းမြို့နယ်တွင် လူဦးရေ ၄၀,၀၀၀ ကျော်နေထိုင်ပြီး ထက်ဝက်ခန့်သည် ကချင်မျိုးနွယ်စုများဖြစ်ကြသည်။
လက်ရှိအချိန်တွင်ဝါရာဇွပ်ဌာနပြည်သူ့စစ်များသည် စစ်တပ်၏အကူအညီဖြင့် တနိုင်းမြို့ပေါ်နှင့် လီဒိုလမ်းမကြီးပေါ်တွင် နေရာယူထားပြီး KIA နှင့် ဆက်နွှယ်သည်ဟု ၎င်းတို့ယူဆသည့်သူများကိုလည်း ဆက်လက်ဖမ်းဆီးနေသည်ဟု ဒေသခံတို့ကဆိုသည်။
“တနိုင်းမြို့က ဦးဒွဲအောင်ကို ပြည်သူ့စစ်အဖွဲ့က ဖမ်းသွားတယ်၊ ဝါရာဇွပ်ရွာက တစ်ရွာလုံးကိုလည်း ခေါ်ပြီးရိုက်နှက်နှိပ်စက်နေတယ်” ဟုဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ဒေသတွင်းတိုက်ပွဲအခြေအနေနှင့် အရပ်သားများကိုသတ်ဖြတ်ကြောင်း စွပ်စွဲချက်များအတွက် ဝါရာဇွပ်ဌာနပြည်သူ့စစ်တပ်ဖွဲ့ထံ Myanmar Now ကဆက်သွယ်ထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။
သို့သော်ဝါရာဇွပ်ဌာနပြည်သူ့စစ်အရာရှိဖြစ်သည့် ‘Nyi Nyi Zaw’ အမည်ဖြင့် အသုံးပြုနေသော Facebook အကောင့်တွင်မူ ‘အကြွေးရှိရင်ဆပ်ရမယ်။ ငါတို့ကအေးဆေးနေ နေတာကို။ မင်းတို့အရင် ရန်လာစတယ်”ဟု တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တနင်္ဂနွေနေ့က ရေးသားခဲ့သည်။
မြန်မာစစ်တပ်၏ခွင့်ပြုချက်ဖြင့် ၂၀၁၆ ခုနှစ် တွင်ဖွဲ့စည်းခဲ့သည့် ဝါရာဇွပ်ပြည်သူ့စစ်ကို မင်းဇေသန့် ဆိုသူကဦးဆောင်ပြီး ၎င်းတို့၏အခြေစိုက်စခန်းသည် ကချင်ပြည်နယ် ရှဒူဇွပ်ရွာတွင်တည်ရှိသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ထိုတပ်ဖွဲ့သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် အင်အားပိုမိုကြီးထွားလာပြီး ဖားကန့်- တနိုင်း ဒေသတို့တွင် စစ်တပ်နှင့် ပူးပေါင်းကာ လှုပ်ရှားနေသည်။
အဖွဲ့ခေါင်းဆောင် မင်းဇေသန့်က ၎င်းတို့၏ရန်သူသည် ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လက်နက်ကိုင်တပ်ဖြစ်သည့် PDF များဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဖားကန့်၌ကျင်းပခဲ့သည့် စစ်သင်တန်းဆင်းပွဲတွင် တရားဝင်ကြေညာခဲ့သည်။
တနိုင်းမြို့နယ်အတွင်း KIAနှင့် စစ်တပ်၊ ပြည်သူ့စစ်တို့အကြား ပြီးခဲ့သည့် ရက်များအတွင်း တိုက်ပွဲများပြင်းထန်နေသည်။ လတ်တလောတွင် တနိုင်းမြို့ အနောက်တောင်ဘက် လပူခ ပယင်းမှော်များရှိရာ ဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို KIA တပ်ရင်း (၁၄) တပ်များက ကြားဖြတ်တိုက်ခိုက်နေသည်ဟု သိရသည်။
ကချင်ပြည်နယ်အတွင်းမှ နောက်ထပ်စစ်မျက်နှာများဖြစ်ကြသည့် ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင်လည်း KIA နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
၂၀၂၄ ခုနှစ် မတ်လမှ စတင်သည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ်ရှိ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။



