အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုံရွာပလဖကိုဝင်စီးသည့် PDF များကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆို

မုံရွာ ပလဖ စခန်းစီးနင်းခံရမှုတွင် သေဆုံးသူ ရှစ်ဦးရှိလာကြောင်းနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့သည့် တပ်ဖွဲ့ဝင် သုံးဦးနှင့် ပြန်လည်အဆက်အသွယ်ရရှိပြီဖြစ်ကြောင်း ဒုဝန်ကြီး ဦးကျော်နီက ယနေ့ (ဇူလိုင် ၆ ရက်)  နံနက်ပိုင်းက Myanmar Now ကိုပြောသည်။ 

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက် ညနေပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG တပ်များ၏  စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (မုံရွာပလဖ)ခေါင်းဆောင်အပါအဝင် လူရှစ်ဦးသေဆုံးသွားသည့် အဖြစ်အပျက်ကို စုံစမ်းအရေးယူရန် စစ်ကိုင်းတိုင်းအတွင်းရှိ ပလဖအဖွဲ့များက တောင်းဆိုလိုက်သည်။ 

မုံရွာမြို့နယ် ပလဖ ပင်မစခန်း၊ တိုက်နယ် ၄ စခန်းနှင့် ပင်မစခန်းအနီးရှိ အရပ်သားနေရာတစ်ခုကို မုံရွာခရိုင် တပ်ရင်း ငါးခုဖြင့် ဖွဲ့ထားသည့် 5+ အဖွဲ့မှ အင်အား ၁၀၀ နီးပါးဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားကာ လူသေဆုံးသည်အထိ ဖြစ်ခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များကဆိုသည်။

ထိုသို့ အင်အားသုံးပြီး လူသေဆုံးသည်အထိ ဖြစ်စေခဲ့သည့် စီးနင်းမှုကိုဆောင်ရွက်ခဲ့ရသည့် အကြောင်းရင်းကို တိကျသေချာစွာ မသိရသေးသလို NUG ပြည်ထဲရေးအပါအဝင် အောက်ခြေအဖွဲ့အစည်းများက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါ။

မုံရွာပလဖ အပါအဝင် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များကို NUG ၏ ပြည်ထဲရေးဌာနအောက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဖွဲ့ပြီးနောက် ယင်းပလဖများသည် ဖွဲ့စည်းပုံအရ စစ်ကိုင်းဖက်ဒရယ်ယူနစ်အောက် ရောက်သွားသည်။ NUG သည် ပြည်ထောင်စုအစိုးရ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်သည် ဒေသဆိုင်ရာ အစိုးရအဖြစ် ရပ်တည်နေသည်။

“ပင်မ စခန်းရဲ့ဘေးနားမှာရှိတဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ ဝက်သားတုတ်ထိုးဆိုင်က ပြည်သူနှစ်ယောက်ကတော့ အဲ့ဒီနားမှာတင်သေသွားတယ်။ အချုပ်ထဲက အချုပ်သားတစ်ယောက်လည်း သေသွားတယ်။ ပစ်ခတ်မှုအတွင်းမှာပဲသေတာ”ဟု မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင် တစ်ဦးကပြောသည်။ 

မြို့နယ် ပလဖ တာဝန်ခံ ကိုအာကူး အပါအဝင် တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်ရက် (ဇွန်လ ၃၀ ရက်)တွင် တာဝန်ခံအပါအဝင် ငါးဦး၏ ရုပ်အလောင်းများကို မုံရွာမြို့နယ်အတွင်း တစ်နေရာ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ ရုပ်အလောင်းများပြန်လည်တွေ့ရှိသည့်နေရာကို လုံခြုံရေး အခြေအနေအရ ထည့်သွင်းပြောဆိုနိုင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။ 

“ ရုပ်အလောင်းတွေကတော့ ပြတ်ရှဒဏ်ရာတွေလည်းရှိတယ်။ ကျည်တွေလည်းအနားတေ့ပစ်ထားတာတွေလည်း တွေ့ရတယ်။ နှိပ်စက်ညှဉ်းပန်းထားတဲ့ဒဏ်ရာတွေလည်း ရှိတယ်”ဟု မုံရွာ ပလဖ အဖွဲ့ဝင်က ဆိုသည်။ 

ပစ်ခတ်မှုဖြစ်ချိန်တွင် မုံရွာ ပလဖ အဖွဲ့ဘက်မှ စတင်ပစ်ခတ်သည့်အတွက် PDF တပ်ရင်းများဘက်မှ ၄၀ မမ အမျိုးအစား လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ရာမှ ကိုအာကူးမှာ လက်နက်ကြီး အစထိမှန်ခြင်းဖြစ်နိုင်သည်ဟု 5+ အဖွဲ့မှ ရဲဘော်တစ်ဦးက တုံ့ပြန်သည်။ 

“ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ ကိုအာကူးတို့ဘက်က စပြီးကျည်ပေါက်တယ်လို့သိရပြီး ကျွန်တော်တို့ဘက်က 40mm တစ်လုံးပြန်ပစ်တယ်လို့လည်း သိရပါတယ်။ (ပလဖခေါင်းဆောင်) ကိုအာကူးမှာ ကျည်ထိမှန်ဒဏ်ရာမတွေ့ရဘဲ 40mm အစထိမှန်တယ်လို့ အကြမ်းဖျင်း ကောက်ချက်ချလို့ရပါတယ်။ ဒါတွေကလည်း ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ ကို ပြောဆိုနေတာတွေက မမှန်ကန်နေဘဲ လိုရာရေးသားနေတာတွေ တွေ့နေရလို့ ပြောပြရတာပါ”ဟု ၎င်းကဆိုသည်။ 

“ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်သုံ့ပန်းတွေ မိရင်တောင် လုပ်ရိုးမရှိပါဘူး။ ကိုအာကူးရဲ့ဒဏ်ရာတွေက လက်နက်ကြီးစ 40mm အသီးစ ထိမှန်ထားတဲ့ ဒဏ်ရာတွေလို့ ကောက်ချက်ချလို့ရပါတယ်” ဟု 5+ မှ ရဲဘော်က ပြောသည်။ 

Myanmar Now က ကြည့်ရှုခွင့်ရခဲ့သည့် ဓာတ်ပုံများအရ မုံရွာ ပလဖ ခေါင်းဆောင် ကိုအာကူး၏ ရုပ်အလောင်း ယာဘက်လက်မောင်း၊ ယာဘက်ရင်အုံနှင့် လက်မောင်းတို့တွင် ဒဏ်ရာဒဏ်ချက်များ တွေ့ရှိရပြီး ကျန်ရုပ်အလောင်း လေးခုအနက် ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာ၊ မျက်နှာတွင် ဒဏ်ရာဒဏ်ချက်များ ရရှိထားသည်ကို တွေ့ရသည်။ 

သေဆုံးသည့် တပ်ဖွဲ့ဝင်များမှာ မုံရွာ ပလဖ ခေါင်းဆောင် ကိုအာကူး၊ Lion၊ လှိုင်ဘွား၊ စည်သူ၊ ကောင်လေး တို့ဖြစ်သည်။ 

စီးနင်းခံရစဉ်က တပ်ဖွဲ့ဝင်ကိုအိုကြီး၊ ကိုကျောက်ခဲအပါအဝင် ပျောက်ဆုံးနေသည့် ပလဖ တပ်ဖွဲ့ဝင် သုံးဦးနှင့် ပြန်လည်အဆက်အသွယ်ရပြီဖြစ်ကြောင်း မုံရွာ ပလဖအဖွဲ့ဝင်က ပြောသည်။ 

ရဲလုပ်ငန်းတာဝန်ဆောင်ရွက်ရသည့် ပလဖ အဖွဲ့သည် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အောက်မှဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များသည် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ ဖြစ်သည်။ 

မုံရွာ ပလဖ စခန်းစီးနင်းခံရမှုတွင် သေဆုံးသူ ရှစ်ဦးရှိလာကြောင်းနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့သည့် တပ်ဖွဲ့ဝင် သုံးဦးနှင့် ပြန်လည်အဆက်အသွယ်ရရှိပြီဖြစ်ကြောင်း ဒုဝန်ကြီး ဦးကျော်နီက ယနေ့ (ဇူလိုင် ၆ ရက်)  နံနက်ပိုင်းက Myanmar Now ကိုပြောသည်။ 

တပ်ဖွဲ့ခေါင်းဆောင် ကိုအာကူး အပါအဝင် တပ်ဖွဲ့ဝင်များ မည်သို့မည်ပုံ သတ်ဖြတ်ခံခဲ့ရသည့် အခြေအနေနှင့်ပတ်သက်၍ အတိအကျ မပြောနိုင်သေးဘဲ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ၎င်းက ပြောကြားထားသည်။

ထိုအမှုအား အရေးယူဆောင်ရွက်နိုင်ရေးအတွက်လည်း အဆင့်ဆင့်စီစဉ် ဆောင်ရွက်နေသည်ဟု ဦးကျော်နီက ဆိုသည်။ 

မုံရွာ ပလဖ အနေဖြင့် ပြစ်မှုကျူးလွန်ထားသည်များ၊ လုပ်ထုံးလုပ်နည်းနှင့်မညီသည့် ဆောင်ရွက်မှုများရှိပါက တရားဥပဒေအရ အရေးယူဆောင်ရွက်သင့်ပြီး တော်လှန်ရေး အင်အားစုအချင်းချင်း လက်နက်နှင့် ဖြေရှင်းခြင်းက တော်လှန်ရေးပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ထောက်ပြသည်။ 

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကလည်း ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းမှူး ကိုပုလဲမောင်မှာ ခရိုင်ကွပ်ကဲရေး အစည်းအဝေး စောင့်ဆိုင်းနေစဉ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ယင်းအတွက် ပစ်ခတ်သူနှင့် ခရိုင်ကွပ်ကဲရေးမှူးကို ဖမ်းဆီး၍ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေသည်။ 

တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား လက်နက်အားကိုးဖြင့် ဖြေရှင်းမှုများသည် တော်လှန်ရေး မျှော်မှန်းချက်နှင့် ရည်ရွယ်ချက်များကို ထိခိုက်စေပြီး လူထုစက်ဆုပ်ရွံရှာသည့် နောက်ထပ် အာဏာရှင်သစ် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိ သွားစေနိုင်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီလမ်းစဉ်နှင့်အညီ ဆွေးနွေးညှိနှိုင်းအဖြေရှာကြရန် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီက ထုတ်ပြန် ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button