မန္တလေးမြို့တွင်းရှိ စစ်ဆေးရေးဂိတ်တစ်ဂိတ်လျှင် သံဃာ ၃ပါးစီ ထားရှိရန် စစ်ကောင်စီက ကြံစည်ခဲ့သော်လည်း မြို့ခံသံဃာထုက လက်မခံ၍ ပျက်ပြယ်သွားကြောင်း မြို့နယ်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးနှင့် အခြားသံဃာနှစ်ပါးက Myanmar Now ကို အတည်ပြုသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါထိန်းချုပ်ရန် အကြောင်းပြ၍ နံနက် ၉နာရီမှ ညနေ ၃ နာရီအထိ အသွားအလာကန့်သတ်ထားသော မန္တလေးတွင် မြို့နယ်အလိုက်ထားရှိသည့် စစ်ဆေးရေးဂိတ်များ၌ သံဃာတို့ကို စောင့်ခိုင်းရန် ဩဂုတ် ၁၃ တွင် စစ်ကောင်စီက တိုင်းသံဃမဟာနာယကအဖွဲ့ထံမှ သဘောတူညီချက်ရယူခဲ့ခြင်းဖြစ်သည်။
သို့သော် ဩဂုတ် ၁၆ မှစ၍ စတင်နေပြီဖြစ်သည့် စစ်ကောင်စီ၏ အစီအမံတွင် သံဃာများမပါဝင်တော့ဘဲ ၎င်း၏ တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့်သာ စတင်နေရခြင်းဖြစ်သည်။
“အခုတော့ သံဃာတွေရဲ့ ဆန္ဒမပါဘဲနဲ့ ဘာမှ လုပ်လို့မရဘူးဆိုတာ သိသွားတာပေါ့”ဟု သံဃသမဂ္ဂဆရာတော်တစ်ပါးက မိန့်သည်။
စစ်ကောင်စီ၏ အစီအမံသည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများအားကောင်းသည့်၊ ပစ်ခတ်မှုနှင့် ဖောက်ခွဲမှုများဖြစ်နေသည့် မန္တလေးတွင် ပြည်သူနှင့် သံဃာသွေးခွဲရန်၊ ဘာသာသာသနာကို ခုတုံးလုပ်၍ နိုင်ငံရေးအမြတ်ထုတ်ရန်သာ ဖြစ်၍ ဆန့်ကျင်ခဲ့ခြင်းဖြစ်ကြောင်း မြတောင်ကျောင်းတိုက်မှ သံဃာတော်တစ်ပါးကလည်း မိန့်သည်။
“သူတို့နဲ့ ပူးပေါင်းတာဝန်ယူပြီဆိုပါစို့၊ လူထုက သံဃာကို သံဃာလိုမြင်တော့မှာမဟုတ်ဘူး၊ ကျောင်းထဲနေတဲ့ သံဃာကိုတော့ ဘယ်သူမှလာမရိုက်ဘူး၊ ဒါကြီးက သံဃာတော်တွေရဲ့ အသက်အန္တရာယ်လည်း ရှိတယ်။ တစ်ခုခုဖြစ်သွားပြီဆိုရင် ဗုဒ္ဓသာသနာညှိုးနွမ်းပြီ၊ ဘုရားသားတော်တွေကိုတောင် ဒီလိုပြုမူနေကြပြီဆိုပြီး သူတို့က ဘာသာသာသနာကို နိုင်ငံရေးမှာ အသုံးချဦးမယ်”ဟု အထက်ပါ သံဃာတော်က မိန့်သည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကို ယနေ့တိုင် နေ့စဉ်ရက်ဆက် ဆန္ဒပြနေသည့် မန္တလေးတွင် နေ့စဉ် မနက် ၄ နာရီမှ မနက် ၉ နာရီ၊ ညနေ ၃ နာရီမှ ၆ နာရီအတွင်းသာ အပြင်ထွက်ရန် ကန့်သတ်ထားပြီး နေရာအနှံ့ စစ်ဆေးရေးဂိတ်များ ဖွင့်ကာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်။
သို့သော် ငြိမ်းချမ်းစွာဆန္ဒပြမှုများကိုပင် ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်၍ ဖမ်းနေသည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြည်သူက တန်ပြန်သည့် ပစ်မှတ်ထားတိုက်ခိုက်မှုများမှာလည်း အရှိန်အဟုန်ဖြင့် ရှိနေသည်။



