အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးမြို့တွင် အဖမ်းခံရသူ ၂၄ နာရီအတွင်း ဒဏ်ရာများဖြင့်သေဆုံး 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် လက်နက်သယ်သည်ဟုဆိုကာ အဖမ်းခံရသည့် ချင်းအမျိုးသား ၂ ဦးအနက် တစ်ဦး၏ ရုပ်အလောင်းလာထုတ်ရန် စစ်တပ်က နောက်တစ်နေ့ (ဇူလိုင် ၃၁) ၌ မိသားစုကို အကြောင်းကြားခဲ့သည်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် သာယာကုန်းရွာသား အသက် ၂၉ နှစ်အရွယ် ချင်းအမျိုးသားများဖြစ်သော ကိုလန့်ခန့်ထန်၊ ကိုလာလ်ကိမ်တို့ကို ဇူလိုင် ၃၀၊ မနက် ၁၁ နာရီခန့်က ကလေးမြို့နယ်၊ လက်ပံချောင်းရွာအနီးရှိ မြို့အဝင်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခြင်းဖြစ်သည်။ 

ယမန်နေ့ မနက်ပိုင်းတွင်မူ ကိုလန်ခန့်ထန် ကိုဗစ်နိုင်တင်းဖြင့် သေဆုံးသဖြင့် ရုပ်အလောင်းလာထုတ်ရန် ကလေးမြို့၊ ရပ်မိရပ်ဖတစ်ဦးမှတစ်ဆင့် စစ်တပ်က အကြောင်းကြားခဲ့သည်ဟု မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

“(အလောင်းကို) ကြည့်ခွင့်ရခဲ့ပါတယ်။ ကိုဗစ်မဟုတ်တာတော့ သေချာတာပေါ့။ သူက ခြေလက် အကုန်ကျိုးတယ်။ ခေါင်းမှာလည်း ဒဏ်ရာရတယ်။ ကျောဘက်မှာလည်း ဒဏ်ရာရထားတာ အများကြီးပေါ့နော်။ ပြီးတော့ လည်ပင်းမှာ လက်နဲ့ညှစ်သတ်သလိုမျိုးလည်း ဒဏ်ရာရထားတာပေါ့။ ဒဏ်ရာတွေက တော်တော်ပြင်းတယ်။ အတော်ခံစားရမဲ့ပုံပဲ။ အရိုက်ခံထားရတဲ့ ဒဏ်ရာပုံစံ” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now က ကြည့်ရှုခွင့်ရသော ဓာတ်ပုံတစ်ပုံတွင် ကိုလန့်ခန့်ထန်၏ ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာများရရှိထားသည်ကို တွေ့ရှိခဲ့ရသည်။

၎င်းတို့ နှစ်ဦးလုံးသည် သားသမီး ၂ ဦးရှိသော ဖခင်များဖြစ်ကြကြောင်း သိရသည်။ 

နှစ်ဦးလုံး ရွှေလီမြို့တွင် သွားရောက်လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ကိုဗစ်အခြေအနေများကြောင့် ဇူလိုင် ၂၇ တွင် ရွာသို့ ပြန်လာခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင် ထိုအမျိုးသမီးက ဆက်ပြောသည်။

၎င်းတို့နှစ်ဦးသည် ကားလက်မှတ်အခက်အခဲကြောင့် ရွှေလီမြို့မှ ကလေးမြို့သို့သွားမည့် လူ ၂ ဦး မောင်းနှင်သော ကားတစ်စီးကို ငွေကိုးသောင်းပေးကာ လိုက်ပါခဲ့သည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ဇူလိုင် ၃၀ မနက်အစောပိုင်း၌  ထောက်ကြန့်-သာယာကုန်းရွာအနီး၌ ကားမောင်းသူက ချထားပေးခဲ့ကြောင်း၊ ၎င်းတို့အထုပ်အပိုးများကို ကလေးမြို့ရောက်မှ ယူရန် ပြောဆိုခဲ့သောကြောင့် ၎င်းတို့နှစ်ဦးကို လာကြိုရန် ကိုလန့်ခန့်ထန်က အိမ်ကို ဖုန်းဆက်ခဲ့ကြောင်း သိရသည်။

“ကားငှားပေးပါ။ ကားဆရာက ဒီနားပဲရတယ်ပြောလို့ ကျွန်မက သူတို့ ကွာရန်တင်းဝင်ရဦးမှာဆိုတော့ လူမှုရေးအသင်းကို ငှားပေးမယ်ဆိုပြီးပြောတာ။ အဲ့ဒါပြီးတော့ လူမှုရေးကားနဲ့ လိုက်လာပြီ”ဟု ၎င်းမိသားစုဝင်က လူမှုရေးအသင်းကား ဆက်သွယ်ငှားပေးခဲ့ပုံကို ပြောသည်။ 

သိပ်မကြာခင်အချိန်အတွင်း မန္တလေးမြို့မှ ၎င်းတို့လိုက်ပါစီးနင်းခဲ့သည့် ကားသည် ကလေးမြို့အဝင် စစ်ဆေးရေးဂိတ်၌ လက်နက်များဖြင့် ဖမ်းဆီးခံရကြောင်း၊ လူမှုရေးအသင်းကားဖြင့် လိုက်ပါသွားသည့် ၎င်းတို့နှစ်ဦးနှင့် လူမှုရေးအသင်း အဖွဲ့ဝင်နှစ်ဦးကိုလည်း စစ်တပ်က သံသယဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်တပ်က ရိုက်နှက်ကာ ပြန်လွှတ်လိုက်သော လူမှုရေးအဖွဲ့ဝင်နှစ်ဦးထံမှ မိသားစုဝင်များက အကျိုးအကြောင်းသိရခြင်း ဖြစ်သည်။ 

“ကလေးမြို့အဝင် စစ်ဆေးတဲ့အခါမှာ သူတို့ မန္တလေးကနေ စီးလာတဲ့ကားမှာ လက်နက်ပါသွားတာ။ လက်နက်က ဘယ်လောက်ပါလဲဆိုတာ အတိအကျတော့မသိဘူးပေါ့နော်။ ပိုင်ရှင်က ဘယ်သူလဲ မေးတဲ့အခါကျတော့ ပိုင်ရှင်က ဒီကားပေါ်မှာ မစီးချင်လို့ နောက်မှာ နာရေးကားနဲ့ လိုက်လာတယ်ဆိုပြီး (ကိုလန့်ခန့်ထန်ကို ပိုင်ရှင်အဖြစ်) လိမ်ပြောလိုက်တာ” ဟု အထက်ပါ မိသားစုဝင်က ၎င်းကြားသိထားရပုံကို ရှင်းပြသည်။ 

လက်နက်မှုဖြင့် မပတ်သက်ဘဲ မှားယွင်းဖမ်းဆီးခံရသူများထဲမှ ချင်းလူငယ်တစ်ဦး အသက်သေဆုံးခဲ့ကြောင်း ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ကိုဗစ်ရုပ်အလောင်းတစ်ခု သယ်ယူရန်ရှိသည်ဟုဆိုကာ ဇူလိုင် ၃၁ နံနက်ပိုင်းက တာဟန်းရပ်ကွက် ရပ်မိရပ်ဖတစ်ဦးကို စစ်တပ်က ဖုန်းဖြင့် အကြောင်းကြားခဲ့၍ ထိုရပ်မိရပ်ဖက ၎င်းတို့ထံ ထပ်မံအကြောင်းကြားခဲ့သည်ဟု ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ရုပ်အလောင်းကို ကလေးမြို့ ခုတင် ၁၀၀ ဆေးရုံမှ သွားရောက်ထုတ်ယူခဲ့ပြီး လက်ပံချောင်း- သာယာကုန်းရွာသို့ ပို့ဆောင်ပေးခဲ့သည်ဟု အထက်ပါအသင်းတာဝန်ရှိသူက ဆိုသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က သာယာကုန်းရွာသုသာန်တွင် ကိုလန့်ခန့်ထန်၏ ရုပ်အလောင်းကို မိသားစုဝင်များက သင်္ဂြိုဟ်ခဲ့သည်။ 

အတူဖမ်းဆီးခံရသည့် တစ်ရွာတည်းသား ကိုလာလ်ကိမ်လည်း ပြန်လွတ်မလာသေးပေ။

ကလေးမြို့တွင် စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူများနှင့် သံသယရှိသူများကို ဖမ်းဆီးနှိပ်စက်လေ့ရှိရာ သေဆုံးသွားသူများအနက် တချို့ကို ကိုဗစ်ကြောင့်သေဆုံးသည်ဟု အကြောင်းပြခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၃၁ အထိ မှတ်တမ်းအရ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် သေဆုံးသည့်အရပ်သား ၉၄၀ အနည်းဆုံးရှိနေပြီဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button