အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မဘသအသွင်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းဆိုသည်မှာ မဟနကို မလိမ့်တပတ်လုပ်ခြင်းဟု သာသနာရေးဝန်ကြီးဆို

ရန်ကုန် – အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုသည်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ညွှန်ကြားချက်များကို မလိမ့်တပတ်လုပ်ထားသည့် အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး လိုအပ်လာပါက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဇူလိုင်လ ၃ရက်နေ့က ကျင်းပသည့် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယက ၄၇ပါးစုံညီ စုဒ္ဒသမအစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

“တကယ်တော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက မဘသအဖွဲ့ကို ဖျက်သိမ်းလိုက်တာပါ။ မဘသအမည်နဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ မည်သည့်လှုပ်ရှားမှုမျှ မလုပ်ရဆိုတာ ဖျက်သိမ်းလိုက်တာပါပဲ။ အဲဒီတော့ ဖျက်သိမ်းပါမယ်၊ ဆက်မလုပ်တော့ပါဘူးဆိုပြီးတော့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအမည်နဲ့ လူမှုရေးလုပ်ငန်းတွေ ဆက်လုပ်ပါမယ်ဆိုပြီးတော့ မဘသကနေပြီး ဗုဒ္ဓဓမ္မပရဟိတဆိုပြီးဖြစ်သွားတယ်”ဟု သူက Myanmar Now ကို ပြောကြားလိုက်သည်။

“ဒါတွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားလွှာတွေအပေါ်မှာ မလိမ့်တပတ်လုပ်တာဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကနေပြီးတော့ အခြေအနေစောင့်ကြည့်ပြီးတော့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုများကို လိုအပ်တဲ့အချိန်မှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” သာသနာရေးဝန်ကြီးက ပြောဆိုသည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသအမည်ကို ဖျက်သိမ်းပြီး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအမည် သုံးစွဲသွားရန် မဘသဦးဆောင်ဆရာတော်များက ဆုံးဖြတ်ကြောင်း ကြေညာချက်ကို အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် မေလ ၂ရရက်နေ့နှင့် ၂၈ရက်နေ့များတွင် ပြုလုပ်သည့် မဘသဗဟိုအဖွဲ့ဝင်များကို အထူးအသိပေးရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ပြင် သာသနာရေးဝန်ကြီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှာ မြန်မာနိုင်ငံလူဦးရေ ၈ဝ ရာခိုင်နှုန်းကျော် ကိုးကွယ်သည့် ဘာသာကြီးတစ်ခု၏ ဦးဆောင်အဖွဲ့အစည်းဖြစ်ပြီး ရဟန်းသံဃာပေါင်း ၅ သိန်းကျော်က ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်တင်မြှောက်ထားသည့် အဖွဲ့အစည်းလည်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။

“ဘယ်အဖွဲ့ကမှ သူနဲ့သွားပြီး ပခုံးချင်းယှဉ်လို့ မရပါဘူး။ ကျန်တဲ့ အဖွဲ့အစည်းတွေက တရားမဝင်အဖွဲ့အစည်းတွေဖြစ်ပါတယ်။ မဟနရဲ့ ဆုံးဖြတ်ချက် ညွှန်ကြားချက်မှန်သမျှသည် မြန်မာနိုင်ငံသား သန်း ၅ဝ ကျော်ရဲ့ ၈ဝ ရာခိုင်နှုန်းကို ကိုယ်စားပြုတာကြောင့် မြန်မာနိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့ရပါတယ်” ဟု သူက ဆိုသည်။

“သူတို့လှုပ်ရှားမှုကို ကြည့်ပြီးတော့ နောက်ပိုင်းမှ လိုအပ်တဲ့ အမိန့်ညွှန်ကြားချက်တွေ ဆက်ပြီးမှ ထွက်နေဦးမှာကို စောင့်ကြည့်ပါတော့” ဟု သူက ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနှင့် ပတ်သက်ပြီး မှတ်ချက်ပြုသည်။

ဆန္ဒပြမှုများ နောက်ကွယ်

ထို့ပြင် မကြာသေးမီက သာသနာရေးဝန်ကြီးနုတ်ထွက်ရန် ဆန္ဒပြမှုများ၊ တောင်းဆိုမှုများ၏ နောက်ကွယ်တွင် ငွေကြေးအင်အားတောင့်တင်းသည့် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီတချို့ တည်ရှိနေပြီး ဆန္ဒပြမှုများမှာ ဒီမိုကရေစီအစိုးရသစ်ကို ဦးတည်တိုက်ခိုက်နေသည့် နောက်ကြောင်းပြန်လိုသူများ၏ လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်လိုက်သည်။

“ဒီဆန္ဒပြတဲ့ အဖွဲ့အစည်းတွေက အာဏာရှင်စနစ်ရဲ့ လက်ကိုင်တုတ်တွေဖြစ်တယ်။ အာဏာရှင်စနစ်ကို နောက်ပြန်လှည့်သွားချင်တဲ့သူတွေရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်”ဟု သူက ရန်ကုန်နှင့် မန္တလေး မြို့များတွင် သာသနာရေးဝန်ကြီးနုတ်ထွက်ရန် ဆန္ဒပြတောင်းဆိုမှုများတွင် ပါဝင်သူများကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

ဇွန်လ ၂၅ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပြုလုပ်သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကို ရာထူးမှ ဖယ်ရှားပေးရေး၊ ဘာသာရေးလူမျိုးရေး အဓိကရုဏ်းများဖြစ်ပေါ်စေရန် ဟောပြောသောကြောင့် တရားဟောခွင့် ပိတ်ပင်ခံထားရသူ မစိုးရိမ်ကျောင်းတိုက်မှ ဦးဝီရသူ တရားဟောခွင့်ပြန်ပေးရေးတို့အတွက် အမျိုးသားရေးတက်ကြွလှုပ်ရှားသူဟု သူတို့ကိုယ်သူတို့ ပြောဆိုလေ့ရှိသူ ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်အချို့ က တောင်းဆိုခဲ့ကြသည်။

“သူတို့က သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးကို ဦးတည်တိုက်ခိုက်နေတာ မဟုတ်ဘူး။ ဒီမိုကရေစီအစိုးရသစ်ကို ဦးတည်တိုက်ခိုက်နေတာပါ ” ဟု သာသနာရေးဝန်ကြီးက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button