အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆန္ဒပြသူတို့ကို ပုန်းခိုခွင့်ပေးသည့် မန္တလေးသူ ပစ်ခတ်ဖမ်းဆီး အမှုဖွင့်ခံရ

မန္တလေးမြို့တွင် ဆန္ဒပြကျောင်းသားများအား နေအိမ်အတွင်း ဝင်ခွင့်ပြုခဲ့သူ အသက် ၅၀အရွယ် အမျိုးသမီးတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေရာ ၃ လ နီးပါးကြာမှ အဆက်အသွယ်ပြန်ရသည်ဟု မိသားစုက ယနေ့ ပြောသည်။ 

ယခုအခါ ဒေါ်ပြုံးသည် ဆူပူအောင်လှုံ့ဆော်မှု ၅၀၅ (က) ဖြင့် အမှုရင်ဆိုင်နေရပြီး မန္တလေးအိုးဘိုထောင်တွင် ရောက်ရှိနေသည်ဟု သိရကြောင်း မိသားစုက ပြောသည်။

မတ် ၁၃ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းတွင် ကျောင်းသားများအပါအဝင် ထောင်နှင့်ချီသော ပြည်သူများ ထိုင်ပြီးဆန္ဒပြနေစဉ် စစ်တပ်နှင့် ရဲက အင်အားသုံးပိတ်ဆို့ကာ ညနေ ၄ နာရီခွဲခန့်အထိ ပစ်ခတ်ဖြိုခွင်းခဲ့သည်။ 

ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာသော ကျောင်းသား ၂၀ ကျော်သည် ထိုရပ်ကွက်ရှိ ဒေါ်ပြုံး၏ နေအိမ်တွင် ခွင့်တောင်းပြီး ပုန်းခိုခဲ့သည်။ စစ်သားများကလည်း အိမ်ထဲသို့ အတင်းအကျပ်ဝင်ရောက်ပြီး ဒေါ်ပြုံး၏ ဦးခေါင်းကို ပစ်ခတ်ရိုက်နှက်ခဲ့သည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒဏ်ရာပြင်းထန်စွာရရှိထားသည့် ဒေါ်ပြုံးကို ရပ်ကွက်နေပြည်သူများက လူနာတင်ကားပေါ် တင်နေချိန်တွင် စစ်တပ်နှင့် ရဲများက လူနာတင်ကားကို ယူဆောင်သွားကြသည်။

ယင်းနေ့မှစ၍ ဒေါ်ပြုံးနှင့် အဆက်အသွယ်ပြတ်တောက်သွားခြင်း ဖြစ်သည်။

ယင်းနေ့က စိန်ပန်းရပ်ကွက် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပြီး ဒဏ်ရာရသူ ၂၀ ကျော်ရှိသည်ဟု ဒေသအခြေစိုက် လူမှုကူညီရေးအသင်းများက ခန့်မှန်းထားသည်။

ယင်းနေ့ ည ၈ နာရီ သတင်းတွင် ၃၆ ဦး ထိန်းသိမ်းထားသည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။

သေဆုံးသူ ၅ ဦး ရှိကြောင်း Myanmar Now က အတည်ပြုနိုင်ခဲ့ရာ ၎င်းတို့မှာ ၂၁ နှစ်အရွယ် ကိုစောပြည့်နိုင်၊ ၅၆ နှစ်အရွယ် ဦးဝင်းဌေး၊ ၃၆ နှစ်အရွယ် ကိုမင်းမင်းထွန်း၊ ၂၉ နှစ်အရွယ် ကိုရဲဆွေဦး၊ ၅၃ နှစ်အရွယ် ဒေါ်ကေကြည် တို့ ဖြစ်သည်။ 

ဒေါ်ပြုံးနှင့်ပတ်သက်၍ မိသားစုက မန္တလေးနန်းတွင်း၊ တပ်ဆေးရုံများ၊ အိုးဘိုထောင်၊ ပြင်ဦးလွင်စစ်ဆေးရုံများအထိ လိုက်လံစုံစမ်းခဲ့သော်လည်း ရှိမနေကြောင်း ယင်းနေရာများမှ တာဝန်ရှိသူတို့က ပြောဆိုခဲ့ကြသည်။

ပြီးခဲ့သည့်မေလကုန်တွင် ရဲတစ်ဦးက မိသားစုကို ဖုန်းဆက်ပြီး ဒေါ်ပြုံးကို ပြင်ဦးလွင်စစ်ဆေးရုံမှ မန္တလေးအိုးဘိုထောင်သို့ ပို့ဆောင်နေသည်ဟု အကြောင်းကြားခဲ့သည်။ 

“အစကတည်းက အမေ မသေဘူးလို့တော့ စိတ်ထဲမှာ ယုံကြည်ထားတယ်။ အခုထိ ဒဏ်ရာကတော့ စိတ်ချရတဲ့အနေအထားမှာ မရှိဘူးတော့ ကြားတယ်”ဟု ဒေါ်ပြုံး၏ သမီးဖြစ်သူ မတင်နီလာစန်းက ဆိုသည်။

မိခင်ဖြစ်သူကို စစ်တပ်က ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားကြောင်း၊ ထောင်ဝင်စာ လူတွေ့ခွင့်မရရှိသော်လည်း ပစ္စည်းနှင့် စားစရာများပို့ဆောင်ခွင့် ၂ ကြိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။ 

ယင်းနေ့က ဒေါ်ပြုံးအိမ်တွင် ပုန်းခိုခဲ့သည့် လူ ၂၀ ကျော်အနက် နေအိမ်အောက်ထပ် ခုတင်အောက်တွင် ပုန်းခိုခဲ့သည့် ၅ ဦးသည် လွတ်မြောက်သွားခဲ့သည်။ 

လွတ်မြောက်ခဲ့သည့် ကျောင်းသားတစ်ဦးက “ကျွန်တော်တို့ ဝင်ပုန်းခဲ့လို့ဖြစ်ခဲ့ရတာ။ ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို ခံစားနေရတယ်။ ပြီးတော့ ကျွန်တော်တို့ကိုကာကွယ်ပေးလို့ ဖြစ်သွားတာလေ။ သတင်းတွေမှာ တက်နေသလိုမျိုး အန်တီက လေးခွနဲ့ ပြန်ပစ်ခတ်လို့ ပစ်တာမဟုတ်ဘူး။ အန်တီက ကျွန်တော်တို့ကို မဖမ်းဖို့ အသနားခံ၊ တောင်းပန်နေခဲ့တာ”ဟု ဆက်ပြောသည်။

လက်ရှိတွင် ဒေါ်ပြုံး၏ အမှုကို ရှေ့နေတစ်ဦးက အခမဲ့လိုက်ပါကူညီဆောင်ရွက်ပေးနေကြောင်း၊ ပြင်ဦးလွင်စစ်ဆေးရုံ၌ ဆေးကုသနေစဉ်ကတည်းက ရုံးထုတ်ခဲ့၍ လာမည့် ၂၄ ရက်နေ့တွင် ၅ ကြိမ်မြောက် ရုံးချိန်းရှိကြောင်း သမီးဖြစ်သူက ဆိုသည်။

“ပြီးခဲ့တဲ့ ၁၀ ရက်နေ့ရုံးချိန်းမှာ အမေက ရှေ့နေနဲ့မှာလိုက်တာ။ ဒဏ်ရာတွေက မပျောက်သေးဘူး။ ပစ်ခံရတဲ့ဘက်ခြမ်းက လက်နဲ့ ခြေထောက်က အကြောသေသလို ဖြစ်နေတာ။ အိုးဘိုမှာ ဆေးကုသခွင့်လည်း မပေးဘူးတဲ့၊ အမေ့ကို ဒဏ်ရာအရှင်းပျောက်သည်အထိ ဆေးကုသခွင့်လေးတော့ ပေးပါလို့ တောင်းဆိုချင်ပါတယ် ” ဟု သမီးဖြစ်သူ မတင်နီလာစန်းက တောင်းဆိုလိုက်သည်။

ဒေါ်ပြုံးကို ပစ်ခတ်ရိုက်နှက်မှု၊ ဒဏ်ရာအခြေအနေတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။ 

မန္တလေးမြို့တွင် စစ်ကောင်စီတပ်များက လူနေရပ်ကွက်များကိုပါ နေ့ရော၊ ညပါ အကြမ်းဖက်ဝင်ရောက်ပစ်ခတ်နေသော်လည်း ပြည်သူတချို့က အာဏာသိမ်းမှုကို နေ့စဉ် ချီတက်ဆန္ဒပြနေသည်။

စစ်တပ်၏ နေ့ရောညပါ ပစ်မှတ်ထားနှိပ်ကွပ်ခံရသည့် ရပ်ကွက်များထဲတွင် လန်ဒန်ဝင်းနှင့် ဒေါ်ပြုံး၏ စိန်ပန်းရပ်လည်း ပါဝင်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button