စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ နမ်စီပွန်စခန်းနှင့် စခန်းငယ်တစ်ခုကို ယနေ့ (မေ ၂၂) နံနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
နံနက် ၄ နာရီခန့်တွင် နမ်စီပွန်စခန်းနှင့် အနီးအနားရှိ စခန်းငယ်တစ်ခုကို ဝင်ရောက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်ချိန် နာရီအနည်းငယ်သာ ကြာမြင့်သည်ဟု ဆိုသည်။
အဆိုပါသိမ်းပိုက်ခံရသည့် စခန်းနှစ်ခုမှာ KIA စခန်းများနှင့် နီးကပ်စွာရှိနေပြီး စစ်ရေးအရ ထိတွေ့မှုများ ဖြစ်ပွားလာနိုင်၍ ယခုလိုသိမ်းပိုက်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အရမ်းနီးနေတော့ လှုပ်ရှားတဲ့အခါမှာ တိုက်ပွဲတွေ ခဏခဏဖြစ်နိုင်တာပေါ့။ ဒါကြောင့် ဒီမနက်မှာ နယ်မြေရှင်းတဲ့အနေနဲ့ ဒီစခန်းနှစ်ခုကို ဝင်ပစ်တဲ့သဘောရှိပါတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့သိမ်းပိုက်ပြီးနောက် စစ်တပ်၏ တိုက်ခိုက်ရေးဂျက်လေယာဉ်များ လာရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်သည့် အကြိမ်အရေအတွက်နှင့် တိုက်ပွဲအသေးစိတ်အချက်အလက်များကိုမူ မသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အဆိုပါဒေသမှာ KIA ၏ တပ်မဟာ ၉ နယ်မြေဖြစ်ပြီး တပ်မဟာ ၉ ၏ လက်အောက်ခံ တပ်ရင်း ၃၁ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ခန္တီးမြို့နယ် နမ်စီပွန်ဒေသရှိ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တပ်စခန်းကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ခန္တီးမြို့ခံတစ်ဦးကလည်း Myanmar Now ကို အတည်ပြုသည်။
“ဦးပိုင်ကုမ္ပဏီကို အဓိကထားပစ်တယ်လို့ ပြောတယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်လို့ ပြောတယ်။ ဦးပိုင်ကုမ္ပဏီကတော့ မီးလောင်သွားတယ်လို့ ပြောတယ်။ ဦးပိုင်က ကျောက်စိမ်းလုပ်ကွက်လုပ်တာကြာပြီ နှစ်ပေါင်းနည်းမဟုတ်ဘူး” ဟုလည်း အဆိုပါ ခန္တီးမြို့ခံက ဆိုသည်။
ခန္တီးမြို့မှ မိုင် ၃၀ ခန့်အကွာရှိ တိုက်ပွဲဖြစ်ပွားရာ နမ်စီပွန်ကျောက်စိမ်းမှော်သို့ ခန္တီးနှင့် ဟုမ္မလင်းဘက်မှ စစ်ကောင်စီတပ်များ စစ်ကူသွားရောက်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
“နောက်ပိုင်း စစ်ကောင်စီဘက် လေယာဉ်တွေ သုံးလာတယ်” ဟု ခန္တီးမြို့ခံက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား ကချင်ပြည်နယ်အတွင်း အပြင်းအထန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည့်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။
မေ ၃ ရက်က မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့သည်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် KIA တပ်များလှုပ်ရှားနေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းနေရာများတွင် စစ်တပ်နှင့် KIA ကြား စစ်ရေးတင်းမာမှုများရှိနေဆဲဖြစ်ကာ စစ်ကောင်စီဘက်မှ စစ်ဆင်ရေးပြုလုပ်လာပါက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ထို့ပြင် ကယားပြည်နယ်တွင်လည်း ယမန်နေ့မှစ၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ကရင်နီတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအနောက်ခြမ်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ အချို့မြို့နယ်များတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရိုးရာလက်လုပ်တူမီးသေနတ်များ၊ လက်လုပ်သေနတ်များဖြင့် ခုခံတော်လှန်လျက်ရှိသည်။



