မြန်မာ – တရုတ်နယ်စပ်မြို့ မူဆယ်မြို့ဘက်မှလာသည့် ဆီသယ်ယာဉ်များကို တိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တာဝန်ရှိသူက Myanmar Now ကို အတည်ပြုသည်။
မေလ ၁၇ ရက် ညနေပိုင်းက ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆီတင်ယာဉ် ၆ စီးကို တိုက်ခိုက်ခဲ့ပြီး ယနေ့ (မေ ၁၈) နံနက်တွင်လည်း ကွတ်ခိုင်မြို့နယ်၌ပင် ဆီတင်ယာဉ် ၁ စီးကို တိုက်ခိုက်ခဲ့သည်ဟု KIA ၏ သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
လေယာဉ်ဆီ ဟုတ်မဟုတ် အတိအကျမသိရသော်လည်း စစ်ကောင်စီ၏ စက်သုံးဆီသယ်ယာဉ်များဖြစ်ကြောင်း ထောက်လှမ်းရရှိသဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“စက်သုံးဆီဆိုတဲ့ဟာက ပြည်သူလူထုလည်း ပြောတယ်။ အားလုံးလည်း အဲဒီလိုပဲ ထောက်လှမ်းထား သတင်းရယူထားတယ်ဆိုတော့ ကျွန်တော်တို့က စစ်ကောင်စီရဲ့ ဆီဆိုတော့ ကျွန်တော်တို့လည်း တိုက်ခိုက်တာပေါ့။ ပြည်သူလူထုရဲ့ ဆီကို တိုက်ခိုက်တာ မဟုတ်ဘူးနော်။ စစ်ကောင်စီရဲ့ စစ်သုံးဆီကို ကျွန်တော်တို့ တိုက်ခိုက်တာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မြစ်ကြီးနားမြို့နယ်တွင်လည်း စစ်ကောင်စီ၏ ဆီသယ်ယာဉ်များကို KIA ကြားဖြတ်တိုက်ခိုက်ခဲ့၍ နောက်ပိုင်းတွင် လုံခြုံရေးများလိုက်ပါစေပြီး သယ်ဆောင်ခဲ့သည်ကို တွေ့ရသည်။
“တရုတ်ဘက်ကနေ လေယာဉ်ဆီသယ်လာလို့ အဲဒီကားကိုပစ်တာ။ တစ်ယောက်တော့ ထိတယ်ပြောတယ်” ဟု ပြည်ထောင်စုလမ်းမကြီးပေါ်၌ စစ်ကောင်စီ၏ ဆီသယ်ယာဉ်များတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မတ်လမှစ၍ အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းများ၊ ရဲစခန်းနှင့် ရဲကင်းစခန်းများကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။



