စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံအုပ်စု စိမ့်အင်တိုင်းရွာမှ အမျိုးသား ၁၄ ဦးကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ယနေ့ (မေ ၁၀) မနက်ပိုင်း၌ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
နံနက် ၅ နာရီဝန်းကျင်ခန့်တွင် စစ်သား ၇၀ နီးပါးက ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့သည်။
“အဓိကတော့ လက်နက်တွေ (တူမီးတွေ) ရှိတယ်အထင်နဲ့ ဝင်ရှာရင်းကနေ ရိုက်နှက်နှိပ်စက်ပြီး ဖမ်းသွားတာ။ နှိပ်စက်ထားတာ၊ ဖူးရောင်ညိုမည်းနေတာပဲ။ လူတိုင်းစေ့ကို ရိုက်ထားတာ။ တစ်ယောက်က အခြေအနေတော်တော်ဆိုးတယ်။ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ ကြိုးတုပ်ပြီး ကားပေါ်တင်ခေါ်သွားတာ ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါ ၁၄ ဦးကို မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် ရဲစခန်းနှင့် စစ်ကောင်စီပြန်ကြားရေးဌာနကို ဆက်သွယ်၍ မရသေးပေ။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု အားကောင်းသည့် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်မှ ကျေးရွာများတွင် ဧပြီလဆန်းကတည်းက စစ်တပ်က အင်အားသုံး စီးနင်းတပ်စွဲနေပြီး ဒေသခံများကလည်း ပြန်လည်ခုခံနေသည်။
ပြီးခဲ့သည့် မေ ၆ ကလည်း ကနီမြို့နယ် ကလေးဝ – ယာကြီး – မုံရွာ လမ်းတလျှောက်မှ ကျေးရွာများ၊ ချင်းတွင်းမြစ်ကြောင်းတလျှောက် ကျေးရွာများနှင့် စစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှု နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည်။
ကနီမြို့နယ်၌ ဧပြီလမှ ယနေ့အထိ စစ်တပ်နှင့် ဒေသခံတို့ ၅ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား ၁၆ ဦး သေဆုံးကာ လူ ၅၀ ခန့် ဒဏ်ရာရ၍ ပျောက်ဆုံးနေသူ ၃၀ ဦးဝန်းကျင်ရှိကြောင်း ကနီမြို့နယ်သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
စစ်တပ်ဘက်မှ သေဆုံးထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း အရေအတွက်အတိအကျ အတည်မပြုနိုင်သေးပေ။
ဧပြီလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပြီး စစ်တပ်သည် ကနီမြို့နယ်အတွင်း ယာကြီး၊ ချောင်းမ၊ အောင်မင်္ဂလာ၊ သမင်ခြံအပါအဝင် ကျေးရွာအများအပြားတွင် တပ်စွဲထားပြီး ရွာများကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးနေသည့်အတွက် ဒေသခံထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။



