စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် နောင်ချို မြို့တွင် စစ်တပ်ပြန်ဝင်လာပြီးနောက် မြို့ခံများအား ဒံပေါက်ဗူးများ ဝေကာ စည်းရုံးဝါဒ ဖြန့်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင်လည်း ဇူလိုင် ၂၁က နောင်ချိုမြို့သို့ သွားရောက်ခဲ့သည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တစ်နှစ်ကြာထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့တစ်ခုလုံးကို စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီး မြို့တွင် ကျန်နေသည့် အရပ်သားများအား ဒံပေါက်ဗူးများ ဝေငှကာ လိုက်လံစည်းရုံး ခဲ့သည်။
“ထမင်းဝေတာ တစ်နပ်စာပေါ့။ လူတွေ အဓိကလိုအပ်နေတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါက လက်နက်ကိုင်တိုင်း လုပ်ပြတတ်တဲ့ ပုံစံတစ်ခုပါပဲ” ဟု နောင်ချိုမြို့ခံတစ်ဦးက ဆိုသည်။
တစ်ဖက်တွင်လည်း စစ်တပ်က TNLA တပ်ဖွဲ့အား ထောက်ခံသည်ဟု ယူဆသူများအား လိုက်လံစစ်ဆေးနေသည်ဟု နောင်ချိုဒေသခံ နောက်တစ်ဦးက ဆိုသည်။
“စားစရာဝေတာ ဟန်ပြလုပ်ပြနေတာပေါ့ဗျာ။ တဖက်မှာ လူတွေကို ဖမ်းပြီးတော့ စစ်ဆေးနေတာရှိတယ်” ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။
Myanmar Now က စုစည်းထားသည့် စာရင်းများအရ TNLA၊ DPLA နှင့် MDY-PDF တပ်ဖွဲ့ များ ပူးပေါင်း၍ နောင်ချိုမြို့ကို ၂၀၂၄ စက်တင်ဘာလမှ စတင်ကာ ၂၀၂၅ ဇူလိုင် ၇ ရက်နေ့ အထိ (တစ်နှစ်နီးပါး) ကာလအတွင်း စစ်ကောင်စီတပ်က နောင်ချိုမြို့ရှိ အရပ်သား ပစ်မှတ်များကို လေကြောင်းမှ အနည်းဆုံး ၂၀ ကျော် တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် သံဃာများ၊ ကလေးငယ်များနှင့် စစ်သုံ့ပန်းများ အပါအဝင် စုစုပေါင်း ၇၇ ဦး သေဆုံးခဲ့ပြီး၊ သံဃာ ၁၆ ပါးအပါအဝင် လူစုစုပေါင်း ၁၁၂ ဦး ဒဏ်ရာရခဲ့ သည်။



