အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဏာသိမ်းစစ်​တပ်က လေကြောင်းမှ ဗုံးကြဲရာတွင် ဓာတုလက်နက်သုံးမသုံး KIA စစ်ဆေးနေ 

အာဏာသိမ်းစစ်ကောင်စီ၏ တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ဓာတုလက်နက်အသုံးပြုခဲ့ခြင်း ရှိမရှိ စစ်ဆေးနေဆဲဖြစ်ကာ လတ်တလောတွင် အချက်အလက်အတိအကျ မရရှိသေးကြောင်း ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA) တာဝန်ရှိသူက Myanmar Now ကို ယနေ့ (မေ ၈) တွင် ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ရာတွင် ဓာတုဗုံးများအသုံးပြုနေကြောင်း၊ ဗုံးစထိမှန်သူများ၏ အရေပြားများ ကွာကျလာကြောင်း ကချင်ဘာသာဖြင့် ရေးသားထားသည့် Facebook စာမျက်နှာအချို့တွင် ယမန်နေ့က ရေးသားခဲ့ကြသည်။ 

ဓာတုလက်နက်သုံးစွဲသည်ဆိုသော ထိုသို့ပြောဆိုနေမှုများရှိနေသော်လည်း အချက်အလက်အတိအကျ မသိရသေးဖြင့် အတည်မပြုနိုင်သေးကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျွန်တော်တို့လည်း စစ်ဆေးနေတဲ့ အနေအထားလောက်ပဲ ရှိပါသေးတယ်။ အချက်အလက်ဘာမှ ပြည့်စုံတာ မရှိသေးဘူး။ နည်းနည်း ခေါင်းမူးတာတွေ အန်တာတွေတော့ ရှိမှာပေါ့နော်။ ဒါပေမဲ့ တကယ့် ဓာတုလက်နက်ဆိုပြီးမှ အတည်ပြုပြောလို့တော့ မရသေးပါဘူး” ဟု ၎င်းက ပြောသည်။

သို့ရာတွင် အာဏာသိမ်းစစ်ကောင်စီက မိုးမောက်မြို့နယ် ကုန်းလောရွာနှင့် မြို့သစ်ရွာတစ်ဝိုက်တွင် ဖြစ်နေသည့် တိုက်ပွဲ၌ လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာသည်မှာ ထူးခြားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

“မနေ့ (မေ ၇) ကတော့ လေယာဉ်လေးစီးနဲ့ သုံးလေးခေါက် ပတ်ပြီးမှ ဗုံးကြဲတာ” ဟု ၎င်းက ပြောသည်။

မတ်လ ၂၅ ရက်က မိုးမောက်မြို့နယ်ရှိ အလော့ဘွမ်တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါစခန်း ပြန်လည်ရရှိရေး စစ်ကောင်စီက ခြေလျင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တစ်လကျော်ရှိလာပြီဖြစ်သည့် အလော့ဘွမ်ဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အကျအဆုံးများပြားသည်ဟု ပြောနိုင်သော်လည်း အချက်အလက်အတိအကျ မရှိ၍ အရေအတွက်အတိအကျ ပြော၍မရဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

မေ ၃ ရက် နံနက်ပိုင်းက မိုးမောက်မြို့နယ် မြို့သစ်နှင့် ကုန်းလောကြား၌ စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို KIAက ပစ်ချနိုင်ခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်ပစ်ချခံရမှုတွင် လေတပ်မှ အရာရှိစစ်သည် သုံးဦး ဆုံးရှုံးခဲ့ကြောင်း ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီက ထုတ်ဖော်ပြောကြားခဲ့သည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လမှစ၍ ဖားကန့်၊ မိုးမောက်၊ အင်ဂျန်းယန်၊ ဝိုင်းမော်၊ မိုးကောင်း၊ ရွှေကူ၊ မံစီ စသည့်မြို့နယ်များရှိ စစ်ကောင်စီလက်အောက်ခံတပ်များ၊ ရဲစခန်းနှင့် ရဲတပ်ရင်းများကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိုးမောက်မြို့နယ် အလော့(ဘွမ်)တောင် တောင်ခြေတစ်ဝိုက်တိုက်ပွဲများမှာ အပြင်းထန်ဆုံးဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles