အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NUG သည် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အရေးကြီးခြေလှမ်းဟု RCSS ဥက္ကဋ္ဌဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားလိုက်သည်။ 

“အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်တာဖြစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ခြင်းအပေါ် မိမိတို့ PPST အနေနဲ့ နှစ်ထောင်းအားရ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်” ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ယာယီခေါင်းဆောင်လည်းဖြစ်သူ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။ 

PPST ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ဖွဲ့စည်းထားခြင်းဖြစ်သည်။ 

ဧပြီ ၁၆ ရက်က NUG ဖွဲ့စည်းခဲ့မှုနှင့် ပတ်သက်ပြီး NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ သဘောထားရပ်တည်ချက် ချမှတ်ရန်အပါအဝင် လတ်တလော စစ်ရေး၊ နိုင်ငံရေးအခြေအနေများအပေါ် PPST အစည်းအဝေးကို ယနေ့ (ဧပြီ ၂၆) စတင်ကျင်းပလျက်ရှိသည်။

အဆိုပါ အစည်းအဝေးတွင် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့အရေး အာဆီယံအထူးထိပ်သီးအစည်းအဝေးရလဒ်ကိုလည်း သုံးသပ်ဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရသည်။

အာဆီယံခေါင်းဆောင်များ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ကြိုဆိုကြောင်းနှင့် တိကျသည့် လုပ်ငန်းစဉ်၊ အချိန်ဇယားများဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် PPST  အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က မေတ္တာရပ်ခံခဲ့သည်။ 

မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအစည်းအဝေး၏ ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

“အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ခေါင်းဆောင်များနဲ့ ပြည်သူလူထုအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် အာဆီယံက ကြိုးပမ်းဆောင်ရွက်ပေးဖို့လည်း တောင်းဆိုပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နှိမ်နင်းနေသော်လည်း နည်းလမ်းပေါင်းစုံဖြင့် နွေဦးတော်လှန်ရေးကို သုံးလနီးပါးကြာ စဉ်ဆက်မပြတ် ဆင်နွှဲနေခြင်းများအတွက် အလွှာအသီးသီးက ပြည်သူလူထုများကို ဂုဏ်ပြုကြောင်းနှင့် ဆက်လက်အားပေးကူညီ ပံ့ပိုးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့ကြတဲ့ အပြစ်မဲ့ပြည်သူလူထု ၇၀၀ ကျော်အတွက် စစ်ကောင်စီခေါင်းဆောင်တွေက တာဝန်ယူ တာဝန်ခံရမှာ ဖြစ်ပါတယ်” ဟုလည်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

PPST အစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး PPST အဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့မှုအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းနိုင်ရေးကိစ္စများလည်း ဆွေးနွေးမည်ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button