ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တစ်လကျော်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်း ၁၀ ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်တိုက်ယူနိုင်ခြင်း မရှိသေးကြောင်း ကချင်ဒေသခံ စစ်ရေးလေ့လာသူအချို့က ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ကချင်ပြည်နယ်အတွင်း KIA နှင့် စစ်ရေးတင်းမာခဲ့ပြီး မတ်လဆန်းမှစ၍ ဖားကန့်၊ မိုးကောင်း၊ ဝိုင်းမော်၊ မိုးမောက်၊ ပူတာအို၊ တနိုင်း စသည့် မြို့နယ်များရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း၊ ရဲစခန်းနှင့် ရဲတပ်ရင်းများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်စခန်းအချို့ကို KIA က ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
မိုးမောက်မြို့နယ် အလော့ဘွမ်တောင်တပ်စခန်း၊ ရွာသစ်တပ်စခန်းနှင့် ရဲကင်းစခန်း၊ ဖားကန့်မြို့နယ် တန်ခေါန်နှင့် အောင်ဘာလေတပ်စခန်း၊ တနိုင်းမြို့နယ် နမ်ဗျူဒေသတပ်စခန်း စသော တပ်စခန်းများစွာကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
“စခန်းအသေးလေးတွေနဲ့ဆိုရင် ဆယ်ဂဏန်းရှိပြီ။ အချို့ သူတို့ (KIA) တိုက်ပြီး ထိုင်တဲ့ဟာတွေလည်း ရှိမှာပါ။ ရှမ်းမြောက်ဘက်မှာ သူတို့သိမ်းထားတဲ့ဟာ ပြန်ထိုင်တဲ့ အနေအထားရှိတယ်။ ပြီးရင် ဖားကန့်ဘက်မှာလည်း အောင်ဘာလေတို့၊ တန်ခေါန်ကုန်းတို့ ဘာတို့ဆိုရင် သူတို့ ထိုင်နိုင်ပါတယ်။ ပြီးရင် သူတို့ ပြန်နေရာမယူထားတဲ့ နေရာဆိုရင်လည်း တိုက်ပြီး မီးရှို့ထားခဲ့တယ်ဆိုတော့ အဲဒီနေရာမှာ စခန်းမချတော့ဘူး နေရာရွှေ့သွားတယ်။ KIA လည်း စခန်းမချဘူး။ တပ်ကလည်း စခန်းမချဘူးပေါ့” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။
KIA က သိမ်းပိုက်ခဲ့သည့် တပ်စခန်းများကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်သည်ဟု မကြားမိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်း KIA က မတ်လ ၂၅ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အလော့ဘွမ်တပ်စခန်းကို စစ်ကောင်စီက ကြည်းကြောင်း၊ လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများပြားခဲ့ကာ အဆိုပါစခန်းကို KIA က ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်သည်။
အဆိုပါ အလော့ဘွမ်တပ်စခန်းကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက်မှစ၍ မြေပြင်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး တိုက်လေယာဉ်များဖြင့်လည်း လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှုမရဘဲ တပ်ရင်းမှူးအပါအဝင် ရာချီကျဆုံးကာ ဖမ်းဆီးခံရသူများလည်း ရှိကြောင်း KIA နှင့် နီးစပ်သူများက ဆိုသည်။
သို့သော် အဆိုပါသတင်းများနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲများ မကြာခဏဖြစ်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်အခြေစိုက် KIA တပ်မဟာ(၉)ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ခန့် လက်နက်ချခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။
ဒေသခံတစ်ဦးက “အဲဒီလိုတော့ လူထုကြားထဲမှာ သတင်းပြန့်နေတယ်။ အဲဒါက ဖြစ်လည်းဖြစ်နိုင်ပါတယ်။ အခုက ရှေ့တန်းမှာ သွားနေတာဆိုတော့ သူတို့အုပ်စုကွဲသွားရင် ဖြစ်လာနိုင်ပါတယ်။ ပစ်ကွင်းထဲမှာ ရောက်သွားရင် ဒါလုပ်ရတော့မှာပဲ အညံ့ခံတာ” ဟု ဒေသခံက ပြောသည်။
အခြားဒေသခံတစ်ဦးကလည်း KIA အနေဖြင့် ၂၀၁၁ မှ စခဲ့သည့် တစ်ကျော့ပြန်စစ်ပွဲအတွင်း ခုခံစစ်သာ ဆင်နွှဲခဲ့ရာမှ ယခုအခါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။
“အရင်တုန်းက သူ (KIA) နေခဲ့တဲ့ နေရာတွေ အဲဒါတွေကို ပြန်တိုက်တဲ့သဘောပဲ။ အခြေအနေက ဆက်လက်ပြီး တင်းမာပြီးတော့မှ ကြီးကျယ်လာနိုင်တဲ့အခြေအနေဖြစ်သွားပြီ။ စစ်ကောင်စီက ပြန်တုံ့ပြန်လာမယ်ဆိုလည်း ဟိုဘက် (KIA) ကလည်း အခုက ဖွင့်ကစားတာပေါ့” ဟု အဆိုပါ ဒေသခံက ပြောသည်။
စစ်ကောင်စီကလည်း မိုးမောက်မြို့နယ် အလော့ဘွမ်တောင်တပ်စခန်းဒေသအပြင် KIA တပ်မဟာ (၈)နှင့် တပ်မဟာ(၉) ထိန်းချုပ်ရာ ဒေသများကိုလည်း လေကြောင်းမှ ပြန်လည်တိုက်ခိုက်မှုများရှိခဲ့သော်လည်း စခန်းများသိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
အလော့ဘွမ်တောင်စခန်းရှိရာ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀၀ ကျော်ကို လေကြောင်းမှ ပို့ဆောင်ပြီး အင်အားတိုးထားသော်လည်း ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မရှိသေးဘဲ နှစ်ဖက် စစ်ရေးတင်းမာနေသော အခြေအနေဖြစ်ကြောင်း KIA တာဝန်ရှိသူက Myanmar Now ကို ပြောသည်။
တပ်စခန်းများတိုက်ခိုက်သိမ်းပိုက်မှုနှင့် ပတ်သက်၍ KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ရှေ့တန်းတပ်များက စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်မှုများရှိသော်လည်း အသေးစိတ်အခြေအနေကို မသိရဟု ပြောသည်။
နေရာအတော်များများ၌ တိုက်ပွဲဖြစ်ပွားမှုများရှိနေသော်လည်း ဖြစ်စဉ်တိုင်းကို အတည်ပြုပြောရန် အခက်အခဲရှိနေသေးသည်ဟု ၎င်းက ယမန်နေ့ (ဧပြီ ၂၁) တွင် ပြောသည်။



