အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မြို့တွင် သံအမတ်ကြီးဟောင်း  ဗိုလ်ချုပ်ချိုထွန်းအောင် ပစ်သတ်ခံရ

စစ်ကောင်စီ၏ အငြိမ်းစားသံအမတ်ဟောင်းလည်း ဖြစ်သည့် ဗိုလ်ချုပ်ချိုထွန်းအောင်ကို မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုက ယနေ့ မေ ၂၂ နံနက်တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ပြီး ဆေးရုံသို့ပို့စဉ် သေဆုံးသွားသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defence College-NDC) တွင် နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်း ဖက်မှုတိုက်ဖျက်ရေး ( Internal Security and Counterterrorism) နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကို သင်ကြားနေသည့် သံအမတ်ကြီးဟောင်း ဗိုလ်ချုပ်ချိုထွန်းအောင်ကို ပစ်ခတ်ရှင်း လင်းလိုက်သည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့  (Golden Valley Warriors) က ယနေ့ ( မေ ၂၂) နံနက် က ထုတ်ပြန်သည်။ 

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမစ်ရှင် အောင်မြင်ရန် အချိန် ၄ လကြာပြင်ဆင်ခဲ့ရပြီး မြိုပြ့ပြောက်ကျားတပ်ဖွဲ့များ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့သည်ဟု Golden Valley Warriors အဖွဲ့တာဝန်ရှိသူက Myanmar Now ကို အတည်ပြုသည်။   

မြို့ပြပြောက်ကျားအဖွဲ့မှ ထုတ်ပြန်ထားသော ဗိုလ်ချုပ်ဟောင်းချိုထွန်းအောင်။

“စကစ ရဲ့ ထောက်တိုင်တွေ လုံခြုံရေးအပြည့်နဲ့ နေရသူတွေတောင် ကျွန်တော်တို့လက်က ပြေးမလွတ်ဘူး ။ ကျန်တဲ့စကစထောက်တိုင်တွေလည်း အမဲလိုက်ခံရရင် ခံနိုင်ရည်ရှိဖို့ပြင်ထားကြပါလို့ပဲပြောချင်ပါတယ် ” ဟု ၎င်းက ပြောသည်။ 

စစ်တပ်ကိုယ်ပိုင်အမှတ် (ကြည်း) ၁၄၈၈၁ ဗိုလ်ချုပ်ချိုထွန်းအောင်သည် တေဇ အပတ်စဉ်ဟု လူသိများ သည့် အလုပ်သင်ဗိုလ်/ဗိုလ်လောင်းအမှတ်စဉ် (၅) (OTC 5) တွင် တက်ရောက်ခဲ့သူဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့နောက် ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌတာဝန်နှင့် မွန်ပြည်နယ် ၊ ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၁၉) ဌာနချုပ်မှူးတာဝန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ 

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် စစ်ဘက်တာဝန်မှ အငြိမ်းစားယူခဲ့​​​ပြီး ကမ္ဘောဒီးယားနှင့် ဘရူနိုင်း နိုင်ငံများ၏ သံအမတ်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ 

၎င်းသည် စစ်ကောင်စီက ပေးသော ဝဏ္ဏကျော်ထင်ဘွဲ့ကို ၂၀၂၂ နိုဝင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်သော အမိန့်ကြေငြာစာအမှတ် ၂၁၁/၂၀၂၂ အရ ရရှိထားသူဖြစ်ပြီး ၂၀၂၃ ဇန်နဝါရီတွင် စစ်ခေါင်းဆောင်က ဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဗိုလ်ချုပ်ဟောင်းချိုထွန်းအောင်သည်  အာဏာသိမ်းစစ်တပ်၏ အနီးကပ်အကြံပေး စစ်မှုထမ်းဟောင်း များတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး စစ်ခေါင်းဆောင်ထံမှ ဂုဏ်ထူးဆောင်တံဆိပ်ရရှိခြင်းကို ဂုဏ်ယူကြွား ဝါလေ့ရှိသူဖြစ်သည်ဟု  Golden Valley Warriors အဖွဲ့တာဝန်ရှိသူက ပြောသည်။ 

“စစ်မှုထမ်းဟောင်းအဖွဲ့အနေနဲ့ သူအပါအဝင် အငြိမ်းစားစစ်သံမှူးတွေစုပြီး အကြံပေးနေတာရှိတယ် တချို့သတင်းအချက်အလက်တွေက သတင်းပေးရဲ့လုံခြုံရေးအရ ကျွန်တော်တို့ မထုတ်ပြန်နိုင်တာ လည်း ရှိပါတယ်” ဟု ထိုသူက ဆိုသည်။ 

ဘရူးနိုင်ငံ သံအမတ်နှင့် ကမ္ဘောဒီးယားနိုင်ငံသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ကောင်စီတပ် ၏ နေ့စဉ်လူမဆန်မှုများအတွက် အထောက် အကူပြုနေသူဖြစ်၍ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခံရ ခြင်းဖြစ်သည်ဟု Golden Valley Warriors အဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်တစ်ခုက မရမ်းကုန်းမြို့နယ် ၊ အမှတ်(၅)ရပ်ကွက်၊​ ရွှေနှင်းဆီ(၆) လမ်း တွင်​ မေလ၂၂ရက် နံနက် ၉း၀၀နာရီအချိန်က အငြိမ်းစားသံအမတ်ကြီးတစ်ဦးကို PDF ၂ ဦးက​ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံသွား​ကြောင်း ဖော်ပြထားသည်။

၂၀၁၆ ခုနှစ် မင်းအောင်လှိုင် ဘရူးနိုင်နိုင်ငံသို့ရောက်ရှိပြီး ဘရူးနိုင်ဘုရင်နှင့် တွေ့ဆုံစဥ် ၎င်း၏ နံဘေးတွင် တွေ့ရသော သံအမတ်ကြီး ဦးချိုထွန်းအောင် (ပုံ-ကြေးမုံသတင်းစာ)

အငြိမ်းစားသံအမတ်ကြီးဦးချိုထွန်း​အောင်သည် အိမ်​ရှေ့တွင် သရက်သီး​ကောက်​နေစဥ် Mask တပ်ထား ​သောအမည်မသိအမျိုးသား ၂ ဦး ​ရောက်လာပြီး ​သေနတ်ဖြင့်​​ ၆ ချက် ပစ်ခတ်သဖြင့် ​နေရာတွင် လဲကျ သွားခဲ့သည်၊ ​ဆေးရုံသို့ပို့​ဆောင်စဥ်လမ်း၌​သေဆုံးသွား​သည်ဟု ဆိုသည်။

၂၀၂၁ ဖေဖော်ရီဝါ ၁ တွင် စစ်အာဏာသိမ်းခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်၏ မတရား ဖမ်းဆီးသတ် ဖြတ်မှုများကြောင့်  ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသူများသည် တိုင်းရင်းသားလက်နက် ကိုင် ဒေသများတွင် စစ်ပညာသင်ကြားခဲ့ကြသည်။ 

ထို့နောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်နက်ကိုင်ခုခံစစ် ဆင်နွှဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာ ဒေသများကိုသာမကဘဲ အရပ်သား ပစ်မှတ်များကိုပါ နေ့စဉ်ဗုံးကြဲ တိုက်ခိုက်နေသည်။ 

မေ ၁၂ ရက်နေ့စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျေးလက်စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီ လေတပ် က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ၂၂ ဦးထက်မနည်း သေဆုံး၊ အများအပြား  ဒဏ်ရာရရှိခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ ယခုနှစ် ဧပြီလ ၁ ရက်မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်ကောင်စီလက်ချက်ဖြင့် ကလေးများ အပါအဝင် ၉၆ ဦး သေဆုံးခဲ့သည့်အနက် ၇၂ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခြင်း ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles