အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမရပူရ၌ စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှု အရှိန်ပိုမြင့်လာ 

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ မဲဆန္ဒနယ်ဖြစ်သော အမရပူရမြို့နယ်၌ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုအရှိန်မြင့်လျက်ရှိသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ က အမရပူရမြို့ရှိ ပြည်သူအင်အား ငါးသောင်းကျော်ပါဝင်သည့် ဘာသာပေါင်းစုံ၊ အဖွဲ့ပေါင်းစုံ ဆန္ဒပြခဲ့ကြပြီး ယနေ့အထိ အဖွဲ့ပေါင်းစုံဖြင့် နေ့စဉ်ဆန္ဒပြနေသည်ဟု မြို့ခံများထံမှ သိရသည်။ 

ဖေဖော်ဝါရီ ၁၁ မှစ၍ နေ့စဉ် နေ့လယ်ပိုင်း၌ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးကားလမ်းပေါ်ရှိ ဒေါက်တာဇော်မြင့်မောင်နေအိမ်ရှေ့တွင် စုရပ်ပြုလုပ်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် “စစ်အာဏာရှင် အလိုမရှိ” ဟု ကြွေးကြော်သံများဖြင့် စစ်ကိုင်း-မန္တလေးလမ်းတလျှောက် ချီတက်ကြသည်။ 

ထိုဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သော အမရပူရမြို့ခံ အစ္စလာမ်ဘာသာဝင် ဒေါ်မမကြီးက “စစ်အာဏာသိမ်းတာကို မခံချင်လို့၊ ကိုယ်ပေးထားတဲ့မဲတစ်ပြား အလကားအဖြစ်မခံနိုင်လို့ ဆန္ဒပြတာကို လိုက်တာ။ အန္တရာယ်ကျရောက်မှာ မစိုးရိမ်ပါဘူး။ သူသေကိုယ်သေပဲလေ။ သေရင်လည်း တစ်ခါပဲသေရမှာ။ စိုးရိမ်ရင် ဒီလိုကိုလိုက်မှာမဟုတ်ဘူး” ဟု Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါဆန္ဒပြပွဲ၌ မြို့ခံသံဃာတော်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များအပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ ပညာရေး၊ စည်ပင်၊ မြေစာရင်း၊ ဆည်မြောင်း၊ စိုက်ပျိုးရေး၊ မီးရထား စာတိုက်၊ လျှပ်စစ်စသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရှေ့နေများ၊ တက္ကသိုလ်ကျောင်းသားအဖွဲ့များ ပါဝင်ကြသည်။ 

“သူ့အဖွဲ့အသီးသီးမှာ အစီအစဉ်ရှိကြတော့ စည်းစည်းလုံးလုံးဆန္ဒပြတာက ပိုပြီး ထိရောက်မှုရှိမဲ့အတွက် အခုလို စုစည်းပြီးပြုလုပ်ဖြစ်တာပါ” ဟု ဆန္ဒပြပွဲဦးဆောင်သူ ဦးတင်ထွဋ်က ပြောသည်။ 

အမရပူရမြို့နယ် ယနေ့ဆန္ဒပြလှုပ်ရှားမှုတွင် အခြားဘာသာဝင်များ ပထမဆုံးပါဝင်လာခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင်အင်အား ၂၀၀၀ ကျော်နှင့်  ခရစ်ယာန်ဘာသာဝင် ၅၀ ဝန်းကျင်ခန့်ပါဝင်ကြောင်း သိရသည်။

“အန်တီတို့လည်း မြန်မာနိုင်ငံသားတစ်ယောက်မို့ ကိုယ့်နိုင်ငံအရေး ကိုယ့်မျိုးဆက်အနာဂတ်အတွက် တတ်နိုင်တဲ့ဘက်က ပါဝင်ရတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို လက်မခံသလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ကိုယ်ရံတော်ဗလီ သာရေး၊ နာရေးနှင့်လူမှုကူညီရေးအသင်း၊ အတွင်းရေးမှူး ဒေါ်အမာက ပြောသည်။ 

အမရပူရမြို့နယ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အားကောင်းသော မဲဆန္ဒနယ်တစ်ခုဖြစ်သလို စစ်အာဏာသိမ်းခံရပြီးနောက် ဆန္ဒပြလှုပ်ရှားမှုများအား အဖွဲ့စုံအရောင်အသွေးစုံဖြင့် ပူးပေါင်းကာ ပိုမိုအရှိန်မြင့်လုပ်ဆောင်လာခြင်း ဖြစ်သည်။ 

“ပြည်သူလူထုအားလုံးက NLD ကို တောင်ပြိုကမ်းပြိုမဲပေးထားတာပဲလေ။ အာဏာသိမ်းတဲ့ဖြစ်စဉ်က လုံးဝမတရားတဲ့ လုပ်ရပ်ပဲလေ။ ကျွန်တော်တို့ ရွေးထားတဲ့အစိုးရကမှ တရားဝင်တာဖြစ်တဲ့အတွက် အခုလက်ရှိ စစ်တပ် ထုတ်ပြန်ချက်တွေ တရားဝင်လို့ မသတ်မှတ်ပါဘူး” ဟု ဆန္ဒပြသူတစ်ဦးဖြစ်သော အမရပူရမြို့ စိန့်ပီတာလဖုန်း ကျောင်းမှ ဦးသန်းအောင်က ပြောသည်။ 

ယနေ့ ဖေဖော်ဝါရီ ၁၅ ၊ လက်ရှိအခြေအနေသည် အမရပူရမြို့နယ် ပြည်သူ့ဆေးရုံနှင့် ပိန်းတန်းအားကစားကွင်းတို့၌ စစ်တပ်လုံခြုံရေးများ ချထားသည်ကို တွေ့ရသည်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဖေဖော်ဝါရီ ၁ ကတည်းက ဖမ်းဆီးထားပြီး မိသားစုဝင်များနှင့် ယနေ့အထိ အဆက်အသွယ်မရှိသေးပေ။ 

ကပ်ဘေးစိုးရိမ်နေရချိန်တွင် နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းယူလိုက်ပြီးနောက် ဖေဖော်ဝါရီ ၆ မှစ၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီးများတွင် လူထုက ဆန့်ကျင်ဆန္ဒပြနေကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button