အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုံရွာမြို့အနီး ရွာမီးရှို့သည့်စစ်တပ်နှင့် PDF အဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့

မုံရွာမြို့တောင်ဘက် ၇ မိုင်ခန့်အကွာရှိ နဂါးတွင်းရွာကို ယခုလ ၃ ရက်နေ့က မီးတင်ရှို့ခဲ့သည့် စစ်တပ်ကို ဒေသခံတော်လှန်ရေးတပ်များက အပြင်းအထန်ပြန်လည်တိုက်ခိုက်နေသည်။

စစ်ကိုင်းတိုင်းမြို့တော် မုံရွာအနီးတွင် ယခုလ ၃ ရက်နေ့က ရွာကို မီးရှို့သည့် စစ်တပ်နှင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု သိရသည်။

အင်အား ၇၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို မုံရွာမြို့တောင်ဘက် ၇ မိုင်ခန့်အကွာရှိ နဂါးတွင်းရွာနှင့် လယ်တော်ရွာအကြားတွင် PDF တပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်တပ်က မီးတင်ရှို့သဖြင့် အဘွားအိုတစ်ဦး သေဆုံးခဲ့သည်။

သုံးနာရီခန့် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က အိမ်ခြေ ၃၀၀ ကျော်ရှိ နဂါးတွင်းရွာကို မီးတင်ရှို့ခဲ့ပြီး အသက် ၈၀ အရွယ် အဘွားအို သေဆုံးခဲ့သည်ဟု မုံရွာခရိုင် PDF တပ်ရင်း ၅ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လူကြီးလည်း လူကြီးဖြစ်တယ်။ လေလည်း ဖြတ်နေတယ်ဆိုတော့ ဘာမှမလုပ်လောက်ပါဘူးဆိုတဲ့ အတွေးနဲ့ ကျန်ခဲ့တာ။ သူတို့ (စစ်တပ်) အထိနာတော့ မည်းမည်းမြင်ရာ အကုန်လုပ်သွားတာ”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရွာမီးရှို့ခံရစဉ် သေဆုံးခဲ့သည့် အဘွားအို၏အမည်ကိုမူ မသိရပေ။

တိုက်ပွဲအပြင်းအထန်ဖြစ်စဉ် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ၎င်းတို့တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရခဲ့ပြီး တစ်ဦးမှာ ယမန်နေ့ (ဖေဖော်ဝါရီ ၅) တွင် သေဆုံးခဲ့သည်ဟု PDF တပ်ရင်း တာဝန်ရှိသူက ပြောသည်။

“စစ်ကြောင်းကနေ ကျွန်တော်တို့တည်နေရာတွေပေးပြီး ပစ်ကူတောင်းတာ။ ပစ်ကူကြောင့်မလို့ ထိခိုက်ဒဏ်ရာရတာရှိတယ်။ တစ်ယောက်ကတော့ ဒီနေ့ ကျသွားတယ်။ အဲဒီနေ့က ပြင်းထန်ဒဏ်ရာရတာ ဆေးကုရင်းနဲ့ ဒီနေ့ ကျသွားတယ်​။ ဆေးဝါးအခက်အခဲလည်းရှိတယ်။ ပြီးတော့ ရထားတဲ့ဒဏ်ရာကလည်း ပြင်းထန်တယ်”

ဒဏ်ရာဖြင့် သေဆုံးသွားသည့် တပ်ဖွဲ့ဝင်မှာ မုံရွာခရိုင် တပ်ရင်း ၅ မှ အသက် ၁၉ နှစ်အရွယ် ရဲဘော်အာဗြဲ ဆိုသူဟု သိရသည်။

စစ်ကောင်စီဘက်တွင်လည်း ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရသော်လည်း အသေးစိတ်စုံစမ်းနေဆဲ ဖြစ်သည်ဟု PDF တာဝန်ရှိသူက ဆိုသည်။

မုံရွာမြို့အနီးမှ အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

မုံရွာမြို့တောင်ဘက် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ နဂါးတွင်းရွာမှာ ပြီးခဲ့သည့်နှစ်တွင်လည်း နှစ်ကြိမ်ထက်မနည်း စစ်တပ်၏မီးရှို့ခြင်းခံရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ယာယီအပစ်ရပ်ထားစဉ် စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများကို စစ်ကြောင်းထိုးလျက်ရှိသည်။ ချင်းတွင်းမြစ်အနောက်ဘက်ရှိ ဆားလင်းကြီးနှင့် ပုလဲမြို့နယ်တို့တွင် ယခုလဆန်းပိုင်းက မြပြင်စစ်ကြောင်းအပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်ခံရသည်။

အလားတူပင် ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင်း စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသဖြင့် ရွာပေါင်း ၁၀ ရွာမှ သောင်းနှင့်ချီသော ဒေသခံများ ထွက်ပြေးနေရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles