အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သံလွင်မြစ်ကမ်းဘေးတွင် စစ်တပ်စခန်း ကုန်သလောက်ရှိပြီဟုဆို

ကရင်နှင့် ကရင်နီနယ်မြေအစပ် သံလွင်မြစ်ကမ်းဘေးမှ နှစ် ၃၀ နီးပါး တပ်စွဲထားသော အခိုင်အမာစစ်တပ်ခြေကုပ်စခန်းကို KNLA,KNPP, KNPLF တို့က တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက် ထိုစခန်းအနီးရှိ အခြေစိုက်စခန်းမှ စစ်သားများသည်လည်း စခန်းစွန့်သွားကြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) စစ်ဌာနချုပ်၏ ယမန်နေ့ (ဒီဇင်ဘာ ၁၉) ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ မဆုတ်တမ်းစခန်းတစ်ခုကို ယခုရက်ပိုင်းအတွင်း တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကာ သံလွင်မြစ်ကမ်းဘေးတွင် စစ်တပ်စခန်းကုန်သလောက်ရှိပြီဟု သိရသည်။

သံလွင်မြစ်ဘေး တောင်ကုန်းပေါ်ရှိ စစ်တပ်စခန်းတွင် အင်အား ၁၀၀ ကျော်ရှိကာ KNLA နှင့်အတူ ကရင်နီတော်လှန်ရေးအင်အားစုများဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်မတော် (KNPLF) တို့ ပူးပေါင်းတိုက်ခိုက်ပြီး ယခုလ ၁၆ ရက်နေ့တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ စစ်စခန်းများကို KNU တပ်မဟာ ( ၅) လက်အောက်ခံတပ်များက ဆက်တိုက်ဆိုသလို သိမ်းယူခဲ့သည်။ လက်ရှိတွင် သံလွင်မြစ်ကမ်းဘေးတစ်လျှောက် စစ်စခန်းကုန်သလောက်ရှိပြီဟု KNU တပ်မဟာ (၅) မှ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“အခု သံလွင်မြစ်ကမ်းတစ်လျှောက်မှာတော့ စစ်တပ်က တည်ထားတဲ့စခန်းတွေ တော်တော်လေး ပြန်သိမ်းထားနိုင်တဲ့အခြေအနေမှာ ရှိနေပြီ။ တပ်မဟာ (၅) နယ်မြေကနေ သံလွင်မြစ်ကမ်းတစ်လျှောက်မှာ စစ်တပ်စခန်းတွေ မရှိသလောက်ဖြစ်နေပြီ”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သံလွင်မြစ်ဘေး၌ နောက်ဆုံးသိမ်းယူခဲ့သည့် စခန်းကို နိုဝင်ဘာ ၂၄ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အမှတ် (၅၇) ခြေလျင်တပ်ရင်းမှ စစ်သားများက ကွန်ကရစ်ဘန်ကာ၊ ကတုတ်ကျင်းကြီးငယ် ၃၀ ခန့်ဖြင့် အခိုင်အမာတပ်စွဲခုခံခဲ့ကြောင်း KNLA ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ခိုက်သိမ်းယူခဲ့သော ပွိုင့်-၉၃၉ မိုလိုကျိုး (ဖဲထာ) စခန်း။ (ဓာတ်ပုံ-KNLA) 

အကျအဆုံးများရှိသဖြင့် တပ်ပြန်ဆုတ်ခဲ့ရပြီး စခန်းကို ဝိုင်းဝန်းပိတ်ဆို့ထားကာ ဒုတိယအကြိမ် ဝင်တိုက်ပြီးမှ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

“စခန်းရဲ့တည်ဆောက်မှုက စစ်ရေးအရ ကြည့်မယ်ဆိုရင် တိုက်ရတာ ခက်ခဲမဲ့ အနေအထားပါ။ နင်လား ငါလား တိုက်ရမယ်ဆိုရင် တော်တော်လေး တိုက်ရမယ့်ဟာပဲလေ” ဟု KNU တပ်မဟာ (၅) မှ သတင်းရင်းမြစ်က ဆိုသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်များဖြင့် စစ်လက်နက်ပစ္စည်းများပေးပို့သည့်နည်းတူ လေကြောင်းဖြင့်လည်း ပစ်ကူပေးသည်ဟု သိရသည်။

အဆိုပါစခန်းကို သိမ်းယူပြီးနောက် နယ်မြေရှင်းလင်းရာ စစ်သားအလောင်း ၇၀ ခန့် တွေ့ရှိရပြီး တချို့ ထွက်ပြေးသွားကြောင်း၊ ကရင်/ကရင်နီပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ရသည်ဟု KNU တပ် မဟာ (၅) က ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်တပ်စခန်းသိမ်းရာတွင် ၈၁ မမ စိန်ပြောင်းတစ်လက်၊ RPG-7 တစ်လက်၊ K- 3 မော်တာ ၃ လက်၊ K-3 ၁၆ လက် ၊ G-3 တစ်လက်၊ စက်လတ် တစ်လက်၊ BKM စက်လတ် တစ်လက်၊ အသေးစားစက်လတ် တစ်လက်၊ ၆၀မမ စိန်ပြောင်း တစ်လက်၊ 9မမ ပစ္စတို ၂ လက်အပြင် ခဲယမ်းများလည်း ရရှိသည်ဟု ဆိုသည်။

စခန်းကျသွား၍ ထွက်ပြေးသွားသည့် စစ်သားများသည် ကော်ဝေကျိုးဒေသတွင် တပ်စွဲထားသည့် အမှတ် (၄၄၀) ခြေမြန်တပ်ရင်းထံ ရောက်ရှိသွားသည်ဟု KNU တပ်မဟာ (၅) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် ကျသွားသည့်စခန်းတောင်ဘက် ၃ မိုင်ကျော်အကွာ တောင်ကုန်းတစ်ခုပေါ်ရှိ စောထာ စစ်တပ်စခန်းမှ စစ်သားများလည်း စခန်းစွန့်ကာ ခမရ ၄၄၀ ထံ တပ်သွားပေါင်းသည်ဟု သိရသည်။

သိမ်းယူခဲ့သော စစ်တပ်စခန်းနေရာပြမြေပုံ။

KNU ဌာနချုပ် မာနယ်ပလောကို စစ်တပ်က ၁၉၉၅ ခုနှစ်တွင် သိမ်းယူခဲ့ပြီးနောက် သံလွင်မြစ်ကမ်းဘေး အချက်အချာနေရာများဖြစ်သည့် ဖဲထာ၊ စောထာ၊ သီးမူထ၊ သူးမွဲထ (သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံရာ နေရာ) ဒေသများတွင် စစ်တပ်က အခိုင်အမာစခန်းများ တည်ဆောက်ကာ သံလွင်မြစ်ကြောင်းတစ်လျှောက် နယ်မြေစိုးမိုးထားသည်။

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်တွင် သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ အခိုင်အမာစခန်းများဖြစ်သော သီးမူထ စခန်း၊ ဧပြီ ၂၇ ရက်တွင် သော်လဲထာစခန်း၊ ၂၀၂၂ ခု ဧပြီ ၂၈ ရက်တွင် ကျောက်ညှပ်စခန်း၊ ယခုနှစ် မတ်လ ၂၈ ရက်တွင် ဖာပွန်မြို့အရှေ့ဘက် ၁၆ မိုင်ကျော်အကွာ သံလွင်မြစ်ကမ်းဘေးရှိ မယ်ခါးထာစခန်း တို့ကို KNU က သိမ်းယူထားပြီးဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button