ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်းကို ယနေ့ (မတ် ၂၈) နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူက အတည်ပြုသည်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့အရှေ့ဘက် ၁၆ မိုင်ကျော်အကွာ သံလွင်မြစ်ကမ်းဘေးရှိ မယ်ခါးထာစခန်းတိုက်ပွဲနှင့် ပတ်သက်၍ KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကို ဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်း အတည်ပြုသည်။
နံနက် ၆ နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းအဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်သည်ဟု သိရသည်။
တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပြီးနောက် မယ်ခါးထာစခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း၊ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ Force for Federal Democracy ဟု အမည်ပေးထားသည့် တပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးကိုမူ အတိအကျ မသိရှိရသေးဘဲ KNLA ပူးပေါင်းအဖွဲ့ဘက်မှ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ပွဲကြောင့် သံလွင်မြစ်ကမ်းဘေးရှိ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့ မွန်းတည့်ချိန်၌ စစ်ကောင်စီဘက်မှ စစ်လေယာဉ်များ ပျံဝဲနေသည်ဟုလည်း သိရသည်။
မယ်ခါးထာစခန်းမှာ သံလွင်မြစ်ကမ်းတလျှောက်ရှိ စစ်တပ်ခန်းများအနက် အကြီးဆုံးဖြစ်ကာ အမှတ် ၁၉ ခြေလျင်တပ်ရင်းက အင်အား ၇၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသည်ဟု KNLA အရာရှိကို ကိုးကား၍ ဒေသအခြေစိုက် KIC သတင်းဌာနက ရေးသားသည်။
စစ်ကောင်စီတပ်သည် မယ်ခါးထာစခန်းမှနေ၍ သံလွင်မြစ်အတွင်း ဖြတ်သန်းသွားလာနေသော စက်လှေများကို မကြာခဏပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ၁၉၉၅ ခုနှစ်ကတည်းက စစ်တပ်က နေရာယူတပ်စွဲထားသည့် စခန်းများကို အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ ၅ မှ KNLA တပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်နေကာ စခန်းအချို့ကို သိမ်းပိုက်ထားသည်။
ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်းတစ်ခုဖြစ်သည့် ကျောက်ညှပ်စခန်းကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ရခဲ့သည်။ ထိုတိုက်ပွဲတွင် KNU ဘက်မှ ဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီးတစ်ဦး သေဆုံးခဲ့ရသည်။
စစ်ကောင်စီကို ခုခံတော်လှန်နေသာ KNU တပ်မဟာ ၅ ထိန်းချုပ်ရာနယ်မြေတွင် အာဏာသိမ်းပြီးကတည်းက စစ်ရေးပြင်းထန်သော နယ်မြေဖြစ်ခဲ့ပြီး ယနေ့အချိန်ထိ တိုက်ပွဲဆက်တိုက်ဖြစ်နေသော ဒေသဖြစ်သည်။
မြေပြင်စစ်ကြောင်းများ အထိနာနေသည့် စစ်ကောင်စီက စစ်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိရာ ဒေသခံများ မကြာခဏ ထိခိုက်သေဆုံးနေရသည်။
ယခုလ ၂၀ ရက်နေ့က ဖာပွန်မြို့အခြေစိုက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် လူသောမြို့နယ်၊ ထူမောဒဲ (အနောက်ဖက်ကမ်း) ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အသက် ၄၅ နှစ်အရွယ် စောအေဘိုဆိုသူ ဝမ်းဗိုက်ထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့သည်။
ဖေဖော်ဝါရီတစ်လအတွင်း ဖာပွန်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် KNLA တို့အကြား တိုက်ပွဲပေါင်း ၁၇၈ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း ဖာပွန်ခရိုင် KNU က ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီသည် ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)