ထိုင်း − မြန်မာနယ်စပ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းကို ယနေ့ (ဧပြီ ၂၇) နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ သော်လဲထာစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တပ်မဟာ ၅ က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် KNU တပ်မဟာ ၅ က စစ်တပ်စခန်းတစ်ခုကို ဒုတိယမြောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်အတွင်းရှိ မဲ့စန်လက်ကျေးရွာနှင့် မျက်နှာချင်းဆိုင် သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီတပ်စခန်းကို KNU ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် မြန်မာစစ်သား ၇ ဦးထွက်ပြေးခဲ့ကြောင်း ဒေသခံများကို ကိုးကားလျက် ကရင်သတင်းစဉ် (KIC) က ဖော်ပြသည်။
ပြီးခဲ့သည့် မတ် ၂၇ က ကရင်ပြည်နယ်၊ မူတရော်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ နယ်စပ်စခန်းတစ်ခုဖြစ်သော သီးမူထာစခန်းကို KNUတပ်မဟာ ၅ က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သည်အချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ KNU ထိန်းချုပ်ဒေသများတွင် အာဏာသိမ်းစစ်တပ်နှင့် စစ်ရေးအခြေအနေတင်းမာလျက်ရှိရာ ပြည်သူများအတွက် အနှောင့်အယှက်ဖြစ်စေသော၊ ခြောက်လှန့်ပစ်ခတ်နေသော စစ်ကောင်စီတပ်စခန်းများကို ထပ်မံတိုက်ခိုက်မည်ဖြစ်ကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိတွင် KNU တပ်မဟာများထိန်းချုပ်ရာ ဒေသများတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များနှင့် စစ်ရေးအခြေအနေတင်းမာလျက်ရှိသည့်အပြင် တိုက်ပွဲများလည်းဖြစ်ပွားလျက်ရှိသည်။
KNU တပ်မဟာ(၅) ရှိရာ ဖာပွန်ဒေသအတွင်း မတ်လကုန်ပိုင်း၌ စစ်တပ်က နှစ်ရက်ဆက် လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ တစ်သောင်းကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မတ် ၃၀ တွင် တပ်မဟာ ၃ ရှိရာ ညောင်လေးပင်ခရိုင်အတွင်းရှိ ထီးဖဒိုရွာနှင့် ရွှေကျင်မြို့နယ်၊ မယ်ဒမတ်ချောင်းဖျားနေရာတို့ကိုလည်းကောင်း၊ တပ်မဟာ ၅ မဲဝိုင်ဒေသတို့ကို လေယာဉ်ဖြင့် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားသေဆုံးမှုများ ရှိခဲ့သည်။
ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နှင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်တို့ ဧပြီ ၂၃ နံနက်ပိုင်းက သထုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အရေအတွက် အတိအကျမသိရသော်လည်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် အသေအပျောက်ရှိခဲ့သည်။
ယခုရက်ပိုင်းအတွင်း KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် (ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်) ခလယ်တံခွန်တိုင်တိုက်နယ် တံခွန်တိုင်ရွာရဲစခန်းတွင် လာရောက်တပ်စွဲကာ စစ်ကောင်စီတပ်များက ဒေသအတွင်း သွားလာသူများကို စစ်ဆေးမေးမြန်းခြင်းနှင့် ငွေကြေးတောင်းခံမှုများ ပြုလုပ်လျက်နေသောကြောင့် တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ထို့ပြင် ယင်းခရိုင်အတွင်း(ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့) တွင် ပြုလုပ်သည့် စစ်အာဏာရှင်အားဆန့်ကျင်သည့် ဆိုင်ကယ်သပိတ်စစ်ကြောင်းကို ဧပြီ ၂၄ က စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။