အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လုပ်ခတိုးတောင်း၍ အဖမ်းခံရသူများ ခြွင်းချက်ဖြင့် ပြန်လွတ်လာ

အခြေခံလုပ်ခလစာတိုးပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည့် အထည်ချုပ်အလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်သူ စုစုပေါင်း ၁၂ ဦးကို စစ်ကောင်စီက နှစ်လကျော် ဖမ်းဆီးထားပြီးနောက် ခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ပေးလိုက်သည်။

ဟိုစိမ့် (Hosheng Myanmar) အထည်ချုပ်စက်ရုံမှ ကိုအောင်အောင်၊ မသူသူစံ၊ မသန္တာအေး၊ မအေးသန္တာဌေး၊ မမေသူမင်း၊ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ မသီတာဝင်း၊ ကိုလှိုင်ဝင်းထက်၊ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် Action Labor Rights အဖွဲ့မှ မသန္တာစိုးလင်း၊ မဖြိုးမြတ်မြတ်သင်း၊ ကိုဂေလင်း၊ ကိုမင်းသူထွန်း၊ ၎င်းတို့ တိုင်ပင်စုဝေးခဲ့သည့် လက်ဖက်ရည်ဆိုင်မှ ဆိုင်ရှင် ကိုဟိန်းမင်းဇော်တို့ ပြန်လွတ်လာခြင်းဖြစ်သည်။

လုပ်ခတိုးတောင်းသည့် ဟိုစိမ့် အလုပ်သမား ၇ ဦး အလုပ်မှ ထုတ်ခံရမှုကို ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်အရေးဆိုသည့် ဇွန် ၁၄ ရက်နှင့် ထိုနေ့နောက်ပိုင်း ရက်အနည်းငယ်အတွင်းတွင် ထို ၁၂ ဦးကို စစ်ကောင်စီက ဖမ်းခဲ့သည်။

ထို့နောက် ၂ ဦးကို ရွှေပြည်သာရဲစခန်းတွင် ချုပ်နှောင်ထားပြီး ၁၀ ဦးကို အင်းစိန်ထောင်သို့ ပို့လိုက်ခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းတို့ကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပေဒပုဒ်မ ၄၀ တို့ဖြင့် အမှုဖွင့်သည်ဟု သတင်းထွက်ခဲ့ကြောင်း၊ ယမန်နေ့ (စက်တင်ဘာ ၄) တွင်မူ ခံဝန်ချက်ထိုးပြီး လွတ်မြောက်လာကြောင်း Action Labor Rights အဖွဲ့တာဝန်ခံ ကိုသူရိန်အောင်က ပြောသည်။

“တရားမဝင်အသင်းတွေနဲ့ ဆက်စပ်ပြီးတော့ လုပ်ငန်းတွေလုပ်မယ်ဆို အမှန်တကယ် (မူလ) ပြစ်ဒဏ်ရဲ့ နှစ်ဆပေးသွားမယ်လို့ (ခံဝန်) စာထဲ ပါတယ်။ လက်ဗွေနဲ့ လက်မှတ်ထိုးပေးခဲ့ရတယ်”

အလုပ်သမားများကို ဖမ်းဆီးအမှုဖွင့်ကြောင်း ဇွန် ၂၈ ထုတ် စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်၊ Action Labor Rights အဖွဲ့တာဝန်ခံ ကိုသူရိန်အောင်နှင့် မသူဇာတို့ကို သွေးထိုးလှုံ့ဆော်သည်ဟုလည်း သတင်းစာတွင် စွပ်စွဲထား၍ ထိုနှစ်ဦး ဆက်လက် တိမ်းရှောင်နေရသည်။

ပြန်လွတ်လာသော အလုပ်သမားများကို သက်ဆိုင်ရာစက်ရုံများတွင် အလုပ်ပြန်လည်ခန့်မခန့် မသိရသေးပေ။

“အလုပ်ထုတ်တဲ့ကိစ္စအပေါ် အလုပ်သမားရုံးကို တိုင်ထားတာရှိတယ်။ အမှုလက်ခံထားတယ် မစစ်ရသေးဘူး။ စက်ရုံဘက်ကပဲ​ ပြန်ခန့်မလားပေါ့ မသိသေးဘူး။ ပြန်ခန့်ဖို့တော့ အဲဒီစက်ရုံက ချုပ်တဲ့ Zara (နိုင်ငံတကာအဝတ်အထည်ကုမ္ပဏီ) နဲ့တော့ စကားပြောထားတာရှိတယ်” ဟု ကိုသူရိန်အောင်က ပြောသည်။

ဟိုစိမ့်အထည်ချုပ်စက်ရုံသည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေပြီဟု ကြေညာထားသည့် Zara အပါအဝင် ကမ္ဘာကျော်အဝတ်အထည်အမှတ်တံဆိပ် ၇ ခုခန့်ကို တာဝန်ယူ ထုတ်လုပ်နေသည့် Inditex လုပ်ငန်းစုအတွက် အထည်ချုပ်ပေးနေသည့်စက်ရုံဖြစ်သည်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်လာချိန်တွင် အဆမတန်ကြီးမြင့်လာသော ကုန်ဈေးနှုန်းကြောင့် တစ်နေ့လုပ်ခလစာ ကျပ် ၄၈၀၀ မှ ကျပ် ၅၆၀၀ သို့ တိုးမြှင့်ပေးရန် စက်ရုံများမှ အလုပ်သမားများ ဆက်တိုက်ဆန္ဒပြတောင်းဆိုလာသည်။

ဥပဒေအရ အနည်းဆုံးလုပ်ခလစာကို ၂ နှစ်တစ်ကြိမ် အနည်းဆုံး ပြန်လည်ချိန်ညှိ ပြင်ဆင်ရမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် ကျပ် ၃၆၀၀ မှ ၄၈၀၀ သို့ ပြင်ဆင်ပေးထားသည်။ စစ်ကောင်စီက ထိုနှုန်းအတိုင်းသာ ဆက်လက် သတ်မှတ်ထားသည်။

အာဏာတည်မြဲရေးအတွက် လိုအပ်သည့် ဥပဒေမှန်သမျှ ပြင်ဆင်နေသည့် စစ်ခေါင်းဆောင်သည် အနည်းဆုံးအခကြေးငွေဥပဒေပြင်ဆင်ရေးကို လျစ်လျူရှုထားပြီး အခွင့်အရေးတောင်းဆိုဆန္ဒပြသည့် အလုပ်သမားများကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles