အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

ညွန့်ပေါင်းအစိုးရဖွဲ့ရန် စိတ်ကူးပင်မရှိဟု NLD ထိပ်တန်းခေါင်းဆောင်ပြောကြား 

တစ်တိုင်းပြည်လုံးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အစိုးရဖွဲ့နိုင်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် လာမည့်ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရန်ဆိုသည့် ကိစ္စအပေါ် စဉ်းစားနေခြင်းပင်မရှိကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထိပ်တန်းခေါင်းဆောင်က ပြောကြားလိုက်သည်။ 

“ညွန့်ပေါင်းဆိုတာ စဉ်းစားတဲ့အထဲကို မပါသေးဘူး။ ကျွန်တော်တို့က ရွေးကောက်ပွဲဝင်ပြီး ပြိုင်ပြီဆိုကတည်းက ဒီမိုကရေစီကို ပြန်ပြီးတော့ ခိုင်မာပြီးတော့ ရှင်သန်အောင်လုပ်ဖို့အတွက် အစိုးရဖွဲ့နိုင်လောက်တဲ့အထိ တရားသဖြင့် ကြိုးစားမယ်” ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သည့် ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။ 

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပြီးနောက် အာဏာရ NLD ပါတီက ပထမဆုံးအကြိမ် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဇူလိုင် ၂ က နေပြည်တော်၌ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစိစစ်ရေးအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင်ခြောက်ဦးဖြင့် ဖွဲ့စည်းပြီး ပါတီအောင်နိုင်ရေးဗဟိုအဖွဲ့ကိုလည်း ယမန်နေ့တွင် ဖွဲ့စည်းပြီးဖြစ်ကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်တို့သည် ဇူလိုင် ၂ ရက်မှစ၍ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း NLD ပါတီက အထူးကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

“အရင်အစိုးရလက်ထက်မှာလည်း အရင်ပုဂ္ဂိုလ်များလည်း ဒီအတိုင်းပါပဲခင်ဗျာ”ဟု ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာများကို ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့်ရွေးကောက်ပွဲများအတွင်း ရှုံးနိမ့်ခဲ့ဖူးသည့်နေရာများ၊ အနိုင်ရသော်လည်း ရလဒ်မပြတ်သားခဲ့သည့် နေရာများကို သုတေသနလုပ်ငန်းများဆောင်ရွက်ထားပြီး အားနည်းချက်များကို ပြင်ဆင်နေသည်ဟု ဆိုသည်။ 

အစိုးရဖွဲ့နိုင်ရေးသည် ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်အရေအတွက်ပေါ် မူတည်သည့်အတွက် ပြည်ထောင်စုလွှတ်တော်အဆင့်မှာ ပြိုင်ဆိုင်မှုပြင်းထန်မည်ဟုလည်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

“အမျိုးသားလွှတ်တော်က ပစ်မှတ်ထားစရာမျိုးဖြစ်တယ်။ အမျိုးသားလွှတ်တော်နေရာတွေကတော့ ပြိုင်ဆိုင်မှု ပြင်းထန်မယ်။ ကျွန်တော်တို့လည်း အဲဒီဟာအတွက်ပြင်ဆင်ထားပါတယ်”ဟု ၎င်းက ပြောသည်။ 

ထို့အတူ ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် အသာရမှုနည်းခဲ့သည့် တပ်မတော် တပ်ရင်း၊တပ်ဖွဲ့များအခြေစိုက်ရာ နေရာများတွင် တပ်မဲရုံများကို တပ်ပြင်ပတွင်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီမံထားသဖြင့် ယခင်ကထက် ထောက်ခံမဲပိုရမည်ဟုလည်း NLD ကမျှော်လင့်ထားသည်။

“ခန့်မှန်းလို့တော့မရဘူး။ ကျွန်တော်တို့ကတော့ မျှော်လင့်တာပေါ့ဗျာ။ တပ်မတော်သားတွေအနေနဲ့ လွတ်လွတ်လပ်လပ်မဲပေးခွင့်ရတယ်ဆိုလို့ရှိရင် မဲအရေအတွက်တိုးလာနိုင်တယ်ဆိုပြီးတော့ ခန့်မှန်းထားပါတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် အမတ်လောင်းစာရင်းများကို ဇူလိုင် ၂၀ရက်တွင် စတင်တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles