အစိုးရဌာနများအတွက် ဖြည့်စွက်ရန်ပုံငွေတောင်းခံမှု ဆွေးနွေးချက်များပါဝင်မည့် ယခုလကုန် ပြန်ကျင်းပမည့် လွှတ်တော်အစည်းအဝေးများကို ကိုဗစ်နိုင်တင်းရောဂါကြောင့် ရွှေ့ဆိုင်းလိုက်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက Myanmar Now ကိုအတည်ပြုပြောဆိုသည်။
“လုပ်ဖြစ်ရင်ဒီနေ့ကြေညာမှာပေါ့၊ ၂၁ ရက်ကြိုပြီးကြေညာရတာပဲ။ မလုပ်ဖြစ်လို့ပါ။ ကိုဗစ်နိုင်တင်းကပ်ရောဂါက တစ်ကမ္ဘာလုံးမှာမှ ထိန်းလို့မရသေးတာ ဘယ်လုပ်လို့ဖြစ်ပါ့မလဲ” ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာလှမိုးက ဧပြီ ၆ တွင်ပြောသည်။
အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးကလည်း အစည်းအဝေးများ ထိုသို့ရွှေ့ဆိုင်းထားခြင်းမှာ ဟုတ်မှန်ကြောင်း Myanmar Now ကိုအတည်ပြုသည်။
“ဘယ်တော့စလုပ်မယ်ဆိုတာက ကိုဗစ်အခြေအနေပေါ်မူတည်ပါတယ်” ဟု ၎င်းကပြောသည်။
မကြာမီပြန်စမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၆ ကြိမ်မြောက်အစည်းအဝေးတွင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် အစိုးရဌာနများက တောင်းခံသော ဖြည့်စွက်ရန်ပုံငွေကို အဓိကထား၍ ဆွေးနွေးဆုံးဖြတ်ရန် ရှိနေသည်ဟု လွှတ်တော်တာဝန်ရှိသူများထံမှသိရသည်။
အစိုးရဘက်ကမူ ဖြည့်စွက်ဘတ်ဂျက် တောင်းခံနိုင်ရေး ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကျင်းပပြီး အစိုးရအဖွဲ့ အတည်ပြုချက်ရယူမည့် အစီအစဉ်ကို ပုံမှန်အတိုင်းသာ လုပ်ဆောင်ရန်ရှိသည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က Myanmar Now ကိုပြောသည်။
“ကျွန်တော်တို့ဘက်ကတော့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်သွားပါမယ်။ လွှတ်တော်ဘက်ကတော့ ပြန်စတဲ့အချိန်မှာ ဆွေးနွေးဆုံးဖြတ်ပေးမှာပေါ့။ ဖြည့်စွက်ဆိုတာက ဘဏ္ဍာနှစ် တစ်နှစ်လုံးစာ တောင်းပြီးသားပေါ်မှာ လိုတဲ့ဟာတွေကို ထပ်ပြီး တင်ပြတောင်းခံတာပဲဖြစ်လို့ အခက်အခဲတော့ မရှိပါဘူး” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့သူ ၂၂ ဦးရှိပြီး ဧပြီလကုန်အထိ လူစုလူဝေးမလုပ်ကြရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားထားသလို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရများကလည်း အသွားအလာကန့်သတ် ထိန်းချုပ်ခြင်းများ လုပ်ဆောင်နေသည်။



