အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွာသားတစ်ဦးကို ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ထောင်သုံးလစီကျ

အသက် ၃၄ နှစ်အရွယ် ရွာသားတစ်ဦးကို ရိုက်နှက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ပေါင်မြို့နယ်တရားရုံးက တစ်နှစ်ခွဲခန့်ကြာ အမှုစစ်ဆေးပြီးနောက် ထောင်ဒဏ် သုံးလစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကျောက်ရေတွင်းကျေးရွာနေ ကိုမောင်ကြီးကို ရိုက်နှက်ခဲ့သူ ရဲတပ်ဖွဲ့ဝင် နှစ်ဦးမှာ ပေါင်မြို့နယ်၊ ရင်းငြိမ်ရဲကင်းစခန်းမှ နယ်ထိန်း သိန်းလှိုင်ဦးနှင့် ရဲတပ်သား စိုင်းထက်အောင်တို့ ဖြစ်သည်။ 

“ရာဇသတ်ကြီး ပုဒ်မ ၃၂၃ အရ သာမန်နာကျင်စေမှုနဲ့ ထောင်ဒဏ်သုံးလ ချမှတ်လိုက်ပါတယ်” ဟု မော်လမြိုင် တရားမျှတမှုစင်တာ (Mawlamyine Justice Center) မှ တရားလိုရှေ့နေ ဒေါ်ခင်ရတနာဦးက Myanmar Now ကို ပြောသည်။

ကိုမောင်ကြီးသည် အရိုက်ခံရခြင်းကြောင့် ခန္ဓာကိုယ်နေရာအနှံ့ ဒဏ်ရာရရှိခဲ့ပြီး ရင်းငြိမ်တိုက်နယ်ဆေးရုံနှင့် သထုံမြို့နယ်ဆေးရုံကြီးတွင် ၃ ရက်ကြာ ဆေးကုသခံခဲ့ရသည်ဟု အဆိုပါ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးသည့် တစ်ရွာတည်းနေထိုင်သူ ဦးစိန်အောင်က Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထောင်ဒဏ်သုံးလ အမိန့်ချသည့်အပေါ် ဘာမျှ ပြောစရာမရှိကြောင်း၊ အယူခံတက်ရန်လည်း မရှိကြောင်း တရားလို ကိုမောင်ကြီးက ပြောသည်။

“ရိုက်ချက်တွေက တအားနာကျင်လို့ ကျွန်တော် အမှုဖွင့်လိုက်တာ” ဟု ၎င်းက ပြောသည်။

၂၀၁၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များက ၎င်းကို ခြေဖြင့်ကန်ခြင်း၊  ဝါးရင်းတုတ်ဖြင့် ရိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ကိုမောင်ကြီးက ဆိုသည်။ ရိုက်နှက်ခံရချိန်က ကိုမောင်ကြီးသည် မတော်မဆ ထိခိုက်မှုတစ်ခုကြောင့် ခြေထောက်ကျိုးထားသည်ဟုလည်း သိရသည်။ 

ရိုက်နှက်မှု ဖြစ်ပွားပြီး လေးရက်အကြာ မေလ ၂၅ ရက်တွင် ယင်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ကိုမောင်ကြီးက ပေါင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့သော်လည်း စခန်းမှူးက အပြစ်ကျူးလွန်သူများကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့်သာ အရေးယူမည် ဖြစ်သဖြင့် အပြင်တရားရုံးတွင် အမှုမဖွင့်ရန် ညှိနှိုင်းခဲ့သည်ဟု ဦးစိန်အောင်က Myanmar Now ကို ပြောသည်။

သို့သော်လည်း ယင်းရဲဝန်ထမ်းနှစ်ဦးမှာ အရေးယူ မခံရသဖြင့် ကိုမောင်ကြီးသည် အမှုကို ဇူလိုင်လ ၂ ရက်တွင် ပေါင်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်ဟု ပြောသည်။

ပုဒ်မ ၃၂၃ အရ နာကျင်မှု ကျူးလွန်သူကို အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်တစ်ထောင်ထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးတွင် ပြဋ္ဌာန်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles