အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကလေးစစ်သားဟောင်း အောင်ကိုထွေးအစ်မအပါအဝင် ၃ ဦးအမှု ဒီဇင်ဘာ ၂၄ ရက်အမိန့်ချမည်

ကလေးစစ်သားဟောင်း အောင်ကိုထွေးအမှုကို ဝန်းရံရာမှ တရားစွဲခံရသည့် အောင်ကိုထွေး၏ အစ်မနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂ ဦးအမှုကို လာမည့် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အမိန့်ချမည် ဟု ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တရားသူကြီးက ယနေ့ ရုံးချိန်းတွင် ပြောသည်။

အောင်ကိုထွေးသည် ၎င်း၏ ကလေးစစ်သားဟောင်း ဘဝအတွေ့အကြုံများကို RFA သတင်းဌာနသို့ ဖြေကြားခဲ့ရာတွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့သည်ဆိုကာ တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့သည်။

ယင်းအမှုကို အောင်ကိုထွေး၏ အစ်မဖြစ်သူ မနေဇာထွန်းနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက ဝန်းရံရာတွင် နိုင်ငံတော်ကို အကြည်ညိုပျက်စေသည်၊ ရုန်းရင်းဆန်ခတ်ဖြစ်ရန် ဖန်တီးသည်၊ ဖွဲ့စည်းပုံအခြေခံဉပဒေစာအုပ်ကို ခြေဖြင့် နင်းသည်ဆိုကာ ပုဒ်မ ၅၀၅(ခ)၊ ၁၅၃၊ ပုဒ်မ ၇ တို့ဖြင့် အသီးသီး တရားစွဲခံရခြင်း ဖြစ်သည်။

ကလေးစစ်သားဟောင်း အောင်ကိုထွေး၏ အစ်မအပါအဝင် မခင်ချိုနိုင်၊ ကိုဇော်မြင့်တို့ သုံးဦးအမှုကို ယနေ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရုံးထုတ်ရာတွင် နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက် တင်သွင်းကြပြီး တရားသူကြီးက လာမည့် ဒီဇင်ဘာ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်ဟု ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ကလေးစစ်သားဟောင်း အောင်ကိုထွေးကို တပ်မတော်က တရားစွဲရာတွင် ဝန်းရံခဲ့သည့် ကိုနောင်နောင်နဲ့ ဒေါ်လေးလေးတို့လည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်ရန် ဖန်တီးမှုဖြင့် တရားစွဲခံရပြီး စက်တင်ဘာလ ၁၁ ရက်နေ့က ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။

၎င်းတို့ ဝန်းရံခဲ့သည့် ကလေးစစ်သားဟောင်း အောင်ကိုထွေးမှာ ထောင်ဒဏ် ၂ နှစ် ကျခံရပြီး တရားရင်ဆိုင်နေစဉ်အတွင်း တရားသူကြီးကို “နွား” ဟု ခေါ်သည့်အတွက်လည်း ထောင်ခြောက်လ ထပ်မံချမှတ်ခံခဲ့ရသည်။

အောင်ကိုထွေးမှာ ယခုနှစ် စက်တင်ဘာလဆန်းတွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button