အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပိုင်နက်ကျူးလွန်မှုဖြင့် ကရင်နီတောင်သူ ၁၀ ဦးကို တပ်မတော်ထပ်မံတရားစွဲ

မြေယာအငြင်းပွားမှု ဖြစ်ပွားနေသော ကယားပြည်နယ် လွိုင်ကော်မြို့တွင် တောင်သူ ၁၀ ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တပ်မတော်က ထပ်မံတရားစွဲဆိုလိုက်ကြောင်း ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂထံမှ သိရသည်။

တပ်ဧရိယာတွင် ဝင်ရောက်ကျူးကျော်သည်ဟုဆိုကာ ပိုင်နက်ကျူးလွန်မှု (ပုဒ်မ ၄၄၇) ဖြင့် လွိုင်ကော်မြို့ရှိ ခြေလျင်တပ် (ခလရ ၂၅၀) မှ ဗိုလ်ကြီးဆန်းဖြိုးအောင်က တရားလိုပြုလုပ်ကာ လွိုင်ကော်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က Myanmar Now ကို ပြောသည်။

ဦးဦးရယ်၊ ဦးဌေးရယ်၊ ဦးမီးရယ်၊ ဦးမိုးရယ်၊ ဦးဆောရယ်၊ ဦးစိုးအောင်(ခ)စိုးရယ်၊ ဦးဘူးရယ်နှင့် ဦးဖဲဘူး စုစုပေါင်း (၈) ဦးကို ပုဒ်မ ၄၄၇ ဖြင့် အမှုတစ်ခုဖွင့်ပြီး၊ ဦးဖဲဘူး၊ ဦးဦးရယ်၊ ဦးစရီးဖဲနှင့် ဦးထားရယ် စုစုပေါင်း (၄) ဦးကို ပုဒ်မ ၄၄၇ ဖြင့်ပင် နောက်အမှုတစ်ခု ထပ်ဖွင့်ထားကြောင်း၊ ဦးဖဲဘူးနှင့် ဦးဦးရယ်တို့မှာ ၂ ကြိမ် အမှုဖွင့်ခံထားရကြောင်း ၎င်းက ပြောသည်။

“တောင်ယာသွားလုပ်တာနဲ့ သူတို့က ကျွန်တော်တို့ကို တရားစွဲတာ” ဟု မြေနီကုန်းကျေးရွာနေ တောင်သူ ဦးဖဲဘူးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြီးခဲ့သည့် ဇွန်လတွင် ပြောင်းကောက်စိုက်ပျိုးရန် သွားရာမှ တပ်ပိုင်မြေကို ကျူးကျော်သည်ဟုဆိုကာ တားဆီးခံခဲ့ရပြီး စစ်တပ်အရာရှိများက ၎င်းတို့၏ ဓာတ်ပုံမှတ်တမ်းများ ယူသွားသည်ဟု ၎င်းက ဆိုသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၀ ရက်နေ့) တွင် တရားရုံးသို့လာရောက်ရန် ဆင့်ခေါ်စာကြောင့် တရားစွဲခံရကြောင်း သိရခြင်းဖြစ်ပြီး ယင်းမတိုင်မီတွင် ရဲစခန်းမှ ခေါ်ယူစစ်ဆေးခြင်းများရှိခဲ့သည်ဟု ဦးဖဲဘူးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူထံ ဖုန်းဖြင့်မေးမြန်းခဲ့ရာ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ဒကစ (လွိုင်ကော်) ရှိ ဒုဗိုလ်မှူးကြီးထံ ပြန်လည်လွှဲပေးခဲ့ကြောင်း၊ ယင်းဒုဗိုလ်မှူးကြီးထံ ဆက်သွယ်မေးမြန်းရာတွင် ဒကစအနေဖြင့် သတင်းထုတ်ပြန်စရာမရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

ယင်းကြောင့် Myanmar Now က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

တရားစွဲခံရသည့် တောင်သူ ၁၀ ဦးအနက် ဦးဦးရယ်မှာ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆(၁) ဖြင့် ယခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှစ၍ လွိုင်ကော်အကျဉ်းထောင်တွင် အချုပ်ကျနေပြီး ဝတ္တရားနှောင့်ယှက်မှု (ပုဒ်မ ၃၅၃) ၊ ညစ်ညမ်းစွာဆဲဆိုမှု (ပုဒ်မ ၂၉၄) နှင့် အကျိုးဖျက်ဆီးမှု (ပုဒ်မ ၄၂၇) တို့ဖြင့် နိုဝင်ဘာလကုန်ပိုင်းတွင် ထပ်မံတရားစွဲခံရကာ ယနေ့တွင် ပိုင်နက်ကျူးလွန်မှု (ပုဒ်မ ၄၄၇) ဖြင့် ထပ်၍ တရားစွဲခံရခြင်းဖြစ်သည်။

ယခု တရားစွဲခံရသော တောင်သူ ၁၀ ဦးမှာ လွိုင်ကော်မြို့နယ် မြေနီကုန်းနှင့် သုံးမိုင်ပကြဲရွာတို့မှဖြစ်ပြီး ၎င်းအနေဖြင့် ခလရ ၂၅၀ တပ်ရင်း၏ အရှေ့ဘက်တွင်ရှိသော မြေ လေးဧကတွင် စိုက်ပျိုးခဲ့သည်မှာ ၂၅ နှစ်ခန့်ရှိပြီဟု ဦးဖဲဘူး၏ ပြောပြချက်အရ သိရသည်။

ကယားပြည်နယ်တွင် ယခုနှစ်အတွင်း တပ်မတော်နှင့် တောင်သူ မြေယာအငြင်းပွားမှုများ၌ ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့နယ် တရားရုံးတို့တွင် တောင်သူ ၃၂ ဦးကို တရားစွဲဆိုထားပြီး ၁၂ ဦးမှာ ထောင်အချုပ်ဖြင့် တရားရင်ဆိုင်နေရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button