အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငွေကျပ် သိန်း ၂၀ အလွဲသုံးစားမှုဖြင့် သထုံမြို့နယ်ထွေအုပ်နှင့် စည်ပင်အင်ဂျင်နီယာမှူးကို အမှုဖွင့်

တင်ဒါလုပ်ထုံးလုပ်နည်းကို ချိုးဖောက်၍ဟုဆိုကာ မွန်ပြည်နယ်၊ သထုံမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးသိန်းဝင်း နှင့် သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်း တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူထားကြောင်း ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက Myanmar Now ကို အတည်ပြုပြောဆိုသည်။

၎င်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ်၊ သထုံမြို့မ ရဲစခန်းတွင် ယမန်နေ့ (ဒီဇင်ဘာလ ၉ ရက်နေ့) က တိုင်ချက်ဖွင့်ခဲ့ကြောင်း ယင်းကော်မရှင်က ယနေ့ ထုတ်ပြန်သည်။

“တိုင်ကြားစာရောက်တယ်။ ရောက်ပြီးတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးပြီးတော့မှ ကျူးလွန်ကြောင်း ပေါ်ပေါက်တဲ့အတွက်မို့လို့ အခုလိုမျိုး အရေးယူခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဦးသိန်းဝင်းနှင့် ဦးတင်ထွန်းတို့ကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး မွန်ပြည်နယ်တရားလွှတ်တော်တွင် တရားစွဲတင်သွားမည်ဟု ဦးကျော်စိုးကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ သည် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ အဂတိလိုက်စားကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

မွန်ပြည်နယ် လွှတ်တော်ရုံး လေးခန်းတွဲ၊ လေးထပ် အိမ်ရာဆောက်လုပ်ခြင်း၊ သထုံမြို့ နယ် LED လမ်းမီး အလုံး ၅၀၀ တပ်ဆင်ခြင်းနှင့် သထုံမြို့နယ် ဒေးဗရိန်းကျေးရွာတွင် ပေ ၈၀ x ၂၀ ကုန်ထုတ်တံတား တည်ဆောက်ခြင်းများနှင့် ပတ်သက်၍ တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာ ဆောင်ရွက်မှုမရှိသောကြောင့် အရေးယူပေးပါရန် ကော်မရှင်ထံ တိုင်ကြားခဲ့မှုအရ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ယင်းကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုင်ကြားစာအရ ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ရာ ယခု ရှမ်းပြည်နယ် မဘိမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းသည် သထုံမြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ယူစဉ်က LED လမ်းမီး အလုံး ၅၀၀ ဝယ်ယူတပ်ဆင်ရန် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၅၀၀ ကို ထုတ်ယူပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေစာရင်းတွင် ထည့်သွင်းထိန်းသိမ်းထားသည်ကို တွေ့ရကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ဦးသိန်းဝင်းသည် မီးလုံးဝယ်ယူရန် သိန်း ၄၈၀ ပေးချေရမည့်အစား ကျပ် သိန်း ၄၆၀ ကို သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးတင်ထွန်းမှတစ်ဆင့် ကုမ္ပဏီသို့ ပေးသွင်းခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်းသည် ပစ္စည်းဝယ်ယူသည့် ကုမ္ပဏီအား ငွေကျပ် သိန်း ၄၆၀ ကိုသာ ထုတ်ပေးခဲ့သော်လည်း စာရင်းစစ်အဖွဲ့မှ စစ်ဆေးခံနိုင်ရန် ငွေကျပ် သိန်း ၄၈၀ လက်ခံရရှိကြောင်း ပြေစာ၌ လက်မှတ်ရေးထိုး၍ နောက်ကြောင်းပြန်ရက်စွဲဖြင့် စာရင်းပြုစုခဲ့ကြောင်း၊ တိုင်ကြားခံရပြီးနောက်မှ ဦးသိန်းဝင်းက ၎င်းထိန်းသိမ်းရယူထားသော ခွင့်ပြုငွေကျပ် သိန်း ၂၀ ကို ဦးတင်ထွန်းအား ပေးခဲ့ခြင်း၊ ဦးတင်ထွန်းမှလည်း လက်ခံရယူခဲ့ခြင်း တို့သည် ရာထူးတာဝန် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles