အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ဗိုလ်ချုပ်များအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC တင်ရန် ရန်ကုန်တွင်တောင်းဆို

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကို လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး တင်ပို့စစ်ဆေးရန် ရန်ကုန်မြို့လယ်တွင် လူငါးဦးခန့်က ယနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

၄င်းတို့ကိုယ်၄င်းတို့ ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (M.D.C.F) အဖွဲ့ကဟု ထုတ်ဖော်ပြောခဲ့ကြသည့် ဆန္ဒပြသူများသည် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအား ပြစ်တင်ဝေဖန်ကာ ရန်ကုန်မြို့တော်ခန်းမရှေ႔တွင် နေ့လယ် ၁ နာရီမှစ၍ အော်ဟစ်ဆန္ဒပြခဲ့ကြသည်။

“ဒီဗိုလ်ချုပ်တွေကြောင့် ကျွန်တော်တို့ ပြည်သူတွေဟာ စီးပွားရေး အကျပ်အတည်းတွေ လူမှုရေးအခက်အခဲတွေ ရင်ဆိုင်နေရလို့ ပြည်သူတွေကိုယ်စား တောင်းဆိုခြင်းဖြစ်ပါတယ်” ဟု ဆန္ဒပြခဲ့သူ ကိုသက်ကိုက ပြောသည်။

ဆန္ဒပြသူများသည် ပြည်ထဲရေးဝန်ကြီးဌာနကို တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ ချုပ်ကိုင်ထားပြီး တရားဥပဒေစိုးမိုးရေးကို ခြယ်လှယ်နေကြောင်း၊ စက်သုံးဆီစျေးနှုန်း ကြီးမြင့်အောင်လည်း ဖန်တီးနေကြောင်း စွပ်စွဲခဲ့ကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆန္ဒပြပွဲကိုအရပ်ဝတ်နှင့် ယူနီဖောင်းဝတ် ရဲများက အနီးကပ် စောင့်ကြည့်ခဲ့ကြပြီး ဆန္ဒပြသူများထဲမှ ခေါင်းဆောင်ဟု ယူဆခံရသည့် ကိုသက်ကိုအား ကျောက်တံတားရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

M.D.C.F အဖွဲ့ဝင်များသည် လူ့အခွင့်အရေး ချိုးဖောက်သည့် မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး တင်ပို့စစ်ဆေးရေး တစိုက်မတ်မတ် တောင်းဆိုခဲ့သည့် အဖွဲ့ဖြစ်သည်။

ယနေ့ ဆန္ဒပြသည့်နေရာတွင် ပြီးခဲ့သည့် သြဂုတ်လ ၃၁ တွင် အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကလည်းကောင်း၊ စက်တင်ဘာ ၂၈ တွင် အဖွဲ့ဝင် ဦးတင်မောင်ကြည်ကလည်းကောင်း အသီးသီး ဆန္ဒပြခဲ့ကြပြီး ၄င်းတို့ နှစ်ဦးလုံး ထိန်းသိမ်းခံထားရသည်။

အခြားတစ်ဖက်တွင်လည်း မြန်မာ့တပ်မတော်ခေါင်းဆောင်များအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတင်ရေး အပါအဝင် အရေးယူပိတ်ဆို့မည့် လုပ်ရပ်များအား ကန့်ကွက်ကြောင်း တပ်မတော်ထောက်ခံသူများက ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံအနှံ့တွင် ဆန္ဒပြခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက မြန်မာနိုင်ငံ အနောက်ဘက်မှ ဘင်္ဂါလီ/ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ်သို့ အလုံးအရင်း ထွက်ပြေးကြရန် လုပ်ဆောင်ခဲ့သည်ဟူသော စွပ်စွဲချက် ပေါ်ထွက်နေရာ ထိုအချက်သည် လူအများအပြားအပေါ်ကျူးလွန်သော ရာဇဝတ်မှု မြောက် မမြောက် စစ်ဆေးနိုင်ရေးအတွက် တရားစီရင်ပိုင်ခွင့်ရှိသည်ဟု စက်တင်ဘာ ၆ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

တရားသူကြီး ၃ ဦးထိုင် ခုံရုံးက ချမှတ်လိုက်သော ဤဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအပေါ် စွဲချက်တင်နိုင်ရေးတွင် ခိုင်လုံသည့် အထောက်အထား ရှာဖွေရန်အတွက် ခုံရုံးရှေ့နေကို လုပ်ပိုင်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း အဆိုပါ ဥပဒေအရာရှိအမျိုးသမီးက အထောက်အထားရှာဖွေရေးလုပ်ငန်း စတင်ခြင်း မရှိသေးကြောင်း Reuters သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

မြန်မာအစိုးရကမူ ICC အဖွဲ့ဝင် မဟုတ်သည့် မြန်မာနိုင်ငံအား အရေးယူမှုများ ပြုလုပ်လာပါက လက်ခံမည်မဟုတ်ကြောင်း သြဂုတ်လဆန်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button