အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စိုးထွန်းရှိန် ၊ မိုက်ကယ်ကျော်မြင့် တို့အား အလိုရှိကြောင်း ရဲက ကြေညာ

စိုးထွန်းရှိန် နှင့် မိုက်ကယ်ကျော်မြင့် တို့အား အလိုရှိနေကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ကြေညာလိုက်သည်။

မိုးထိမိုးမိ ရွှေတွင်းတူးဖော်ခွင့် ရခဲ့သည့် အသက် ၄၇ နှစ်အရွယ် စိုးထွန်းရှိန်အား မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေး အဖြစ် ရဲတပ်ဖွဲ့က ကြေညာခဲ့ခြင်းဖြစ်သည်။

စိုးထွန်းရှိန် နှင့်အတူ အခြား ၄ ဦးအားလည်း အမှုတွဲအဖြစ် ရဲက ကြေညာထားသည်။

၎င်းတို့သည် မိုးထိမိုးမိရွှေမိုင်းတွင် အစိုးရက ရွှေမတူးရန် တားမြစ်ထားသည်ကို မလိုက်နာဘဲ ရွှေတူးဖော်ခဲ့ကြောင်း စွပ်စွဲခံရပြီး အမှုဖွင့်ခံထားရခြင်းဖြစ်သည်။

၂၀၁၁ မှစ၍ မိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ခွင့်ရခဲ့သည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် ရွှေတူးဖော်ခွင့်ရချိန်အတွင်း ရွှေတန်ချိန် ၆ တန်နီးပါး ထုတ်လုပ်နိုင်ခဲ့ သော်လည်း နိုင်ငံတော်ကို ရွှေပေးရန် ကြွေးကျန် ရွှေပိဿာချိန် ၁၃၀၀ ခန့် ကျန်ရှိနေကြောင်း အမှတ်(၂)သတ္တုတွင်း ဝန်ကြီးဌာနက စွပ်စွဲထားသည်။

စာချုပ်အရ ရွှေပုံမှန် မပေးသွင်းဟုဆိုကာ ရွှေဆက်မတူးရန် ၂၀၁၇ နိုဝင်ဘာလအတွင်းက အစိုးရဘက်က တားမြစ်ခဲ့သော်လည်း ကုမ္ပဏီက မလိုက်နာဟုဆိုကာ ပြီးခဲ့သည့်နှစ် ၂၀၁၈ မတ်လကတည်းက ရမည်းသင်း ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

အလားတူ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်အတွင်း မေလလယ်က ဖြစ်ပွားခဲ့သည့် မွတ်စလင်များအား ပစ်မှတ်ထားခဲ့သည့် လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံထားရသည့် မိုက်ကယ်ကျော်မြင့် နှင့် သီဟမျိုးနိုင်(ခ)မောင်ထွေး တို့အားလည်း ရဲက အလိုရှိနေကြောင်း ကြေညာလိုက်သည်။

မေလ ၁၅ ရက်၌ တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်စေရန် လုပ်ဆောင်ခဲ့သည့် စွပ်စွဲချက်ဖြင့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ကို တရားရုံးလာရောက်ရန် သတ်မှတ်ထားသော နောက်ဆုံးရက်(မေလ ၂၃ရက်) ရောက်သော်လည်း လာရောက်အဖမ်းခံခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

မိုက်ကယ်ကျော်မြင့်သည် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့အစည်းတစ်ခု၏ စီးပွားရေးတာဝန်ခံ ဖြစ်ပြီး လက်ရှိတွင် အဆိုပါအဖွဲ့အစည်း၌ ခိုလှုံနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ အစိုးရသက်တမ်း တတိယနှစ်အတွက် ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် (၁)၊ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက ပြောထားသည်။

သူသည် KNU/KNLA(ငြိမ်းချမ်းရေးကောင်စီ ) ထံ ရောက်ရှိနေနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိသော်လည်း KNU/KNLA (ငြိမ်းချမ်းရေးကောင်စီ) ဘက်က ငြင်းဆန်ထားသည်။

မြန်မာနိုင်ငံတွင် ဝရမ်းထုတ်ခံထားရပြီး ဖမ်းဆီးခံရခြင်းမရှိသော အမျိုးသားရေးဆိုသူအချို့နှင့်ပတ်သက်၍ အာဏာပိုင်များအပေါ် ပြည်သူလူထုက မေးခွန်းထုတ်လျက်ရှိသည်။

အင်းစိန်မြို့နယ်တရားရုံးတွင် ဦးကိုနီအမှု ကြားနာစဉ် ထမင်းဝအောင်စားထားဟု စာသားများပါသော တီရှပ်များ ဝတ်ဆင်လာပြီး အများပြည်သူကို ထိတ်လန့်အောင် ပြုလုပ်မှုဖြင့် တရားစွဲ ဝရမ်းထုတ်ခံထားရသူ အမျိုးသားရေးသမားဆိုသူ ၄ဦးအား ယခုအချိန်ထိ အရေးယူနိုင်ခြင်း မရှိပေ။

၎င်းတို့ ၄ဦးထဲမှ အချို့သည် ယခုနှစ်ဆန်းပိုင်းတွင် ပြုလုပ်ခဲ့သည့် တပ်မတော်ထောက်ခံပွဲများတွင် ထင်ထင်ရှားရှား ပါဝင်ခဲ့သည်ကို တွေ့ရသည်။

လတ်တလောတွင် မန္တလေးမြို့နေ ဘုန်းကြီး ဦးဝီရသူသည်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရပြီး ၎င်းသည် အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်လျက် ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button