အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နှစ်ကူးလွတ်ငြိမ်းခွင့် ထပ်မံထုတ်ပြန်၊ အင်းစိန်နှင့် အိုးဘိုတို့ မပါဝင်

သမ္မတဦးဝင်းမြင့်၏ အမိန့်ဖြင့် ယနေ့ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သည့် အကျဉ်းသား ၆,၀၀၀ ကျော်ထဲတွင် ရန်ကုန်၊ အင်းစိန်ထောင်နှင့် မန္တလေး အိုးဘိုထောင်တို့မှ အကျဉ်းသားများ မပါဝင်ကြောင်း အကျဉ်းဦးစီးဌာန  ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။

မကြာမီ လွတ်ငြိမ်းသက်သာခွင့်အမိန့် ထပ်မံထွက်ပေါ်သည့်အခါ  အကြီးစား ထောင်တို့မှ အကျဉ်းသားများ အကျုံးဝင်မည်ဟု ဦးမင်းထွန်းစိုးက ပြောသည်။

“နောက်တစ်ခေါက်မှ အင်းစိန် ပါမယ်။  ဘယ်ရက်လဲတော့ မသိရသေးဘူး၊ မကြာပါဘူး၊ အခုတောင်မှ သိပ်မကြာဘူး၊  စိစစ်ပြီးတော့ လွှတ်ပေးမယ်လို့  (သမ္မတအမိန့်မှာ) ပြောထားတယ်လေ” ဟု ၎င်းက ဆိုသည်။

ယနေ့ လွတ်ငြိမ်းခွင့်သည် ဧပြီလတွင် ကျရောက်သည့် မြန်မာနှစ်သစ်ကူးကာလအတွက် ဒုတိယအကြိမ်မြောက် ထွက်ပေါ်လာသည့် အမိန့် ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြန်မာနှစ်ဆန်း ၁ ရက်နေ့က ထုတ်ပြန်သည့် ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်အရ  အကျဉ်းသား ၉,၀၀၀ ကျော် လွတ်မြောက်ခဲ့ပြီး အင်းစိန်ထောင်မှ အကျဉ်းသား ၇၀၀ ကျော် ပါဝင်သည်။

သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် မျှတမှုမရှိဟု ဆိုကာ မွန်ပြည်နယ် မုပ္ပလင်အကျဉ်းစခန်း၊ စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်တို့တွင်  ကျန်ခဲ့သည့် ရက်အနည်းငယ်က ထောင်တွင်း ဆန္ဒပြခဲ့ကြသည်။

ရွှေဘိုထောင်တွင်း ဆန္ဒပြသူများကို  တိုင်းဒေသကြီးအစိုးရက သွားရောက် တွေ့ဆုံခဲ့ပြီး၊ မုပ္ပလင်စခန်းသို့ လူ့အခွင့်အရေးကော်မရှင်က သွားရောက် ညှိနှိုင်းပေးခဲ့သည်။

နိုင်ငံရေးအကျဉ်းသား

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ယခုတစ်ကြိမ် လွှတ်ပေးမှုတွင် ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ အကျဉ်းထောင်များမှ ဖြစ်ကြောင်း၊ မူးယစ်ဆေး သုံးစွဲမှု၊ လက်ဝယ်ထားရှိမှုဖြင့် အကျဉ်းကျသူ အများအပြား ပါဝင်ကြောင်း နေပြည်တော် သတင်းထောက်များကို ပြောသည်။

နောက်တစ်ကြိမ် ထုတ်ပြန်မည့် လွတ်ငြိမ်းသက်သာခွင့်တွင်  အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် အကျဉ်းသားများ ပါဝင်မည်ဟု  ၎င်းက ဆက်ပြောသည်။

မြစ်ကြီးနားထောင်တွင်  နိုင်ငံရေးအကျဉ်းသားတချို့ ရှိရာ ၎င်းတို့ထဲမှ ကိုလွမ်းဇောင်းနှင့် ကိုဇော်ဂျတ်တို့သည် ယနေ့ လွတ်မြောက်သည့်အထဲ ပါဝင်သည်။

သို့သော်လည်း ယခင် ဗိုလ်ချုပ်ကြီးများ၏ စစ်အစိုးရကဲ့သို့ပင် ယခုအစိုးရက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိဟု ဆိုထားသည်။

ယမန်နှစ်က ကချင်ပြည်နယ်တိုက်ပွဲများကြား ပိတ်မိနေသည့် အရပ်သားတို့ကို ကယ်ထုတ်ရေး ဆန္ဒပြ ဟောပြောသည့် ကိုလွမ်းဇောင်း၊ ကိုဇော်ဂျတ်၊ ဒေါ်နန်ပူတို့ ၃ ဦးကို တပ်မတော်က ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခဲ့ပြီး၊ မြစ်ကြီးနားတရားရုံးက ၂၀၁၈၊ ဒီဇင်ဘာလတွင် ထောင်ဒဏ် ၆ လ၊ ဒဏ်ငွေ ၅ သိန်းကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အကျဉ်းကျစဉ် ကျန်းမာရေးချို့ယွင်းခဲ့သော ဒေါ်နန်ပူသည် အမေရိကန်သံရုံးက မတ်လလယ်တွင် ချီးမြှင့်သော အပြောင်းအလဲအတွက် အမျိုးသမီးများဆု (Women of Change Award) ကို ရရှိသည့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားသူ တစ်ဦးဖြစ်ပြီး ဧပြီလဆန်းပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီးဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles