အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တအာင်းနှစ်သစ်ကူးပွဲတော် ရန်ကုန်တွင် ကျင်းပ

တအာင်းလူမျိုးတို့ရဲ့ နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၁၅ ညနေပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီအနီး ပြင်သူ့ရင်ပြင်၊ ဦးဝိစာရကွင်းမှာ ကျင်းပခဲ့ပါတယ်။

ပလောင် လို့ မြန်မာတွေက ခေါ်ကြတဲ့ တအာင်း တိုင်းရင်းသားတွေ အနယ်နယ်အရပ်ရပ်ကို ရောက်နေကြပေမယ့်လည်း နှစ်သစ်ကူးနေ့ကျင်းပတဲ့ အခမ်းအနားမှာ တွေ့ဆုံကြဖို့ ကြိုးပမ်းကြပါတယ်။

ရိုးရာယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့ အစဉ်အလာအတိုင်း တအာင်းတိုင်းရင်းသား အများအပြား ရောက်နေတဲ့ ရန်ကုန်မှာလည်း အခုလိုပွဲမျိုးကို ကျင်းပရတာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် တအာင်းလူငယ်အဖွဲ့ရဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ မနွန်းနွန်းက ပြောပါတယ်။

နှစ်သစ်ကူးပွဲကျင်းပနေချိန်မှာပဲ တအာန်းအများအပြား နေထိုင်ရာ ရှမ်းပြည်နယ် နေရာတချို့မှာတော့ စစ်မီးတွေ ဆက်လက် တောင်လောင်နေဆဲ ဖြစ်တာကြောင့် ဒေသခံ အများအပြား စစ်ဘေး ရှောင်တိမ်းနေရပါတယ်။

“နိုင်ငံကို အမြန်ဆုံး ငြိမ်းချမ်းရေး ရစေချင်တယ်။ ကျွန်မတို့နယ်မှာ ဘယ်လိုနေရာမှာ ဘယ်လို ခံစားနေရတယ် ဆိုတာ သိနေတော့ ဒီလိုမျိုး မဖြစ်စေချင်ဘူး။ တအာင်းဒေသမှာ အမြန်ဆုံး ငြိမ်းချမ်းရေးရပြီး ရွာက ကျောင်းသားကျောင်းသူတွေလည်း ငြိမ်းချမ်းပါစေလို့ ဆုတောင်းတယ်” လို့ မနွန်းနွန်းက ပြောပါတယ်။

ရန်ကုန်ရောက် တအာန်း ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ လူကြီးလူငယ် အများအပြား အခမ်းအနားကို တက်ရောက်ကြတာ တွေ့ရပါတယ်။

ပွဲကျင်းပရေးမှာ ပူးပေါင်းပါဝင်တဲ့ တအာင်းစာပေးယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးချစ်အောင်က နှစ်သစ်ကူးနေ့ အခမ်းအနား၊ ပျော်ပွဲရွှင်ပွဲကြောင့် တဒင်္ဂ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုကို ခံစားမိတယ်လို့ ဆိုပါတယ်။

“ဒီပွဲမျိုး ကျင်းပရတာလည်း ငြိမ်းချမ်းရေးကို မြတ်နိုးအောင်၊ စစ်ဘေး ဒုက္ခသည်တွေကို ကိုယ်ချင်းစာတတ်အောင်၊ အစိုးရကိုလည်း ကျွန်တော်တို့လူမျိုးတွေ ငြိမ်းချမ်းရေး လိုလားတာကို သိအောင်လို့ လုပ်ရတာလည်း ပါတယ်” လို့ ဦးချစ်အောင်က ပြောပါတယ်။

နှစ်သစ်ကူးပွဲတော် တက်ရောက်လာတဲ့ ပအိုဝ်း၊ ကချင်၊ ကရင် လူမျိုးတို့ကလည်း သူတို့ရဲ့ ရိုးရာ အကများနဲ့ တင်ဆက် ဖျော်ဖြေကြတာ တွေ့ရပါတယ်။

ပွဲတော်အတွင်း တအာင်းလူမျိုးတို့ရဲ့ ရိုးရာအဝတ်အထည်၊ အသုံးအဆောင်ပစ္စည်း၊ အစားအစာတွေကိုလည်း ဆိုင်ဖွင့် ရောင်းချနေတာ တွေ့ရပါတယ်။

ပွဲတော်မှာ တွေ့ရတဲ့ တအာင်းလူငယ်အဖွဲ့ဝင် ကိုမိုင်းကျော်စိုးလွင်ကလည်း အခုလိုပွဲမျိုး ကျင်းပနိုင်ခဲ့ခြင်းကို ပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာ တအာင်းနှစ်သစ်ကူးပွဲတော်ကို ကျင်းပတာ တတိယအကြိမ် ရှိပါပြီ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျင်းပခဲ့တဲ့နေရာကတော့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုန်းကြီးကျောင်းမှာ ဖြစ်ပါတယ်။

လာမယ့် တအာင်းနှစ်သစ်ကူးပွဲတော်တွေကို ဒီနှစ်လိုပဲ ကွင်းပြင်ကျယ်မှာ ဆက်လက် ကျင်းပနိုင်ဖို့ ကြိုးစားမယ်လို့ လူငယ်အဖွဲ့က ပြောပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button