သတင်း

နမ့်ခမ်းတွင် ရှမ်း၊ တအာင်း လူမျိုးရေးပဋိပက္ခအခြေအနေ စိုးရိမ်စရာမရှိဟု ဆို

ရန်ကုန် – ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ရှမ်းတိုင်းရင်းသူ နန်းမိုဟွမ်ကို တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားခြင်းကြောင့် လူမျိုးနှစ်မျိုးကြား ဆက်ဆံရေး တင်းမာနေသယောင်၊ ပဋိပက္ခဖြစ်ပေါ်စေရန် လှုံ့ဆော်နေမှုများ အင်တာ နက်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံနေသော်လည်း မြေပြင်အခြေအနေ စိုးရိမ်စရာမရှိ ကြောင်း ဒေသခံ တာဝန်ရှိသူများက ပြောသည်။

အသက် ၃၇ နှစ်အရွယ် နန်းမိုဟွမ် ဖမ်းဆီးခံထားရခြင်းနှင့် ပတ်သက်ပြီး ရှမ်းနှင့်တအာင်း(ပလောင်) လူမျိုးနှစ်မျိုးကြား ပဋိပက္ခဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်မှုများ လူမှုကွန်ရက်စာမျက်နှာများတွင် အများဆုံးပြုလုပ်နေသည့်အတွက် မြေပြင်တွင် ယင်းသို့ မဖြစ်ပေါ်စေရန် အားလုံးစုပေါင်းလုပ်ဆောင်နေသည်ဟု အမည်မဖော်လိုသည့် နမ့်ခမ်းမြို့မရဲစခန်း၏ အကြီးတန်းအရာရှိ တစ်ယောက်က Myanmar Now ကို ပြောသည်။

“လိုင်းပေါ်မှာ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေကြတော့ မြေပြင်မှာ အဲလိုမဖြစ်အောင် အာဏာပိုင်တွေရော၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရော၊ ပြည်သူတွေပါ ဝိုင်းပြီးကြိုးစားနေကြတယ်။ တရားဥပဒေဘောင်ထဲက ဆန္ဒထုတ်ဖော်လို့ ရအောင် ကျွန်တော်တို့ ပံ့ပိုးပေးနေပါတယ်။ ဒါကြောင့် မြေပြင်မှာ ပဋိပက္ခဖြစ်စရာအကြောင်း မမြင်ပါဘူး” ဟု ၎င်းအရာရှိက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်တွင် နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်တွင် ကုန်မာဆိုင်ဖွင့်ထားသည့် နန်းမိုဟွမ်သည် TNLA ၏အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် အပြင်းအထန်ထိခိုက်သေဆုံးသည်အထိ ဝတ္တရား နှောင့်ယှက်ခဲ့ခြင်းကြောင့် ဟုဆိုကာ TNLA က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ယခုအခါ နမ်းမိုဟွမ် ဖမ်းဆီးခံထားရသည်မှာ ၂၅ ရက် ရှိပြီဖြစ်သည်။

ထိုကဲ့သို့ ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း အင်တာနက်စာမျက်နှာများတွင် ရှမ်း နာမည်များဖြင့် “ ‘နန်းမိုဟွမ်’ ပြစ်ဒဏ်စီရင်ခံရပါက ပလောင်လူမျိုးများအပေါ် လုံးဝ ခွင့်မလွှတ်ရန်” နှင့် တအာင်း (ပလောင်) နာမည်များဖြင့် “ ‘နန်းမိုဟွမ်’ သည် ရန်သူသတင်းပေးဖြစ်ခြင်းကြောင့် ဖမ်းခံရသင့်သည်” စသဖြင့် လူမျိုးနှစ်မျိုး အပြန်အလှန် စွပ်စွဲပြစ်တင်မှုများ ပြုလုပ်ကာ သတင်းမှားဖြန့်ချိမှုများ ပြုလုပ်လာခဲ့သည်။

“ဖေ့စ်ဘွတ်ထဲမှာပဲ သတ်နေကြတာပါ။ တချို့က ဖြစ်အောင် ဖွနေကြတယ်။ အပြင်မှာ အဲဒီလို အခြေအနေ မရှိဘူး။ အရင်လို အခေါ်အပြော၊ အသွားအလာ မပျက်ဘူး၊ အရင်အတိုင်းပဲ” ဟု နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကျော်က ဆိုသည်။

နမ့်ခမ်းမြို့တွင် လူဦးရေ တစ်သိန်းကျော် မှီတင်းနေထိုင်ပြီး၊ အများစုမှာ ရှမ်းလူမျိုးများဖြစ်သည်။

နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များက စက်တင်ဘာလ ၇ ရက်တွင် နမ့်ခမ်းမြို့လယ် ဘုရားကျောင်းရှေ့တွင် ဆန္ဒပြခြင်း၊ သမ္မတနှင့်တကွ အစိုးရအရာရှိများထံ တိုင်ကြားခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) က ရှမ်းအမျိုးသမီးကို အမြန်ဆုံးပြန် လွှတ်ပေးရန် စက်တင်ဘာ ၁၀ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ ပြည်ထောင်စုအဆင့်မှ အမြန်ဆုံး ပြန်လွှတ်ပေးရန် ထုတ်ပြန်ကြေညာခဲ့သော်လည်း TNLA အနေဖြင့် မိသားစုဝင်များကို ယနေ့တိုင် ဆက်သွယ်လာခြင်းမရှိသောကြောင့် ညီမဖြစ်သူ၏ အသက်အန္တရာယ်ကို များစွာ စိုးရိမ်မိသည် ဟု အစ်မဖြစ်သူ နန်မိုခမ်းက Myanmar Now ကို ပြောသည်။

“ဘာမှ မဆက်သွယ်လာတော့ အရမ်း စိုးရိမ်နေတယ်။ ကလေးတွေလည်း ဖျားနေပြီ။ ကျွန်မညီမကြောင့် ဘယ်လူမျိုးအချင်းချင်းမှ ရန်မဖြစ်စေချင်ပါဘူး။ ကလေးတွေလည်း ငယ်သေးတော့ အပြစ်မရှိတဲ့ ကျွန်မ ညီမကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ပဲ တောင်းဆိုချင်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် နန်းမိုဟွမ်၏ အမျိုးသားမှာ အသက်အန္တရာယ်ရှိသောကြောင့် တိမ်းရှောင်နေရပြီး အသက် ဆယ်နှစ်အောက် ကလေးငယ်နှစ်ဦးနှင့် ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦး ရှိကြောင်း သိရသည်။

လတ်တလောတွင် TNLA အနေဖြင့် နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် အစီအစဉ်မရှိသေးကြောင်းနှင့် ထုတ်ပြန်ထားသည့်အတိုင်း TNLA ၏ သီးခြားတရားဥပဒေအရသာ စီရင်ဆုံးဖြတ်ရန် ရှိသည်ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က Myanmar Now ကို ပြောသည်။

PSLF/TNLA က “အခွန်” ဟု သုံးသည့် ငွေကြေးကောက်ခံသည့်ကိစ္စကို အစိုးရထံ တိုင်ကြားခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းအား “ရာဇသတ်ကြီး” ဥပဒေပုဒ်မ ၃၃၃ အရ TNLA ဗဟိုတရားရုံး၌ အမှုကို လက်ခံစစ်ဆေးနေကာ နန်းမိုဟွမ်၏ ဆွေမျိုးများနှင့် အများပြည်သူရှေ့တွင် စီရင်ချက်ချနိုင်ရန် စီစဉ်သွားမည်ဟု PSLF/TNLA က ယခုလ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button