သတင်း

ရှမ်းတောင်ကို TNLA မဝင်နိုင်ရန် နောင်ချိုတောင်ဘက်တွင် စစ်ကောင်စီခံစစ်ပြင်

TNLA သိမ်းထားသည့် နောင်ချိုမြို့အနီးတွင် စစ်ကောင်စီတပ်၏ အင်အားဖြည့်တင်းမှု၊ စစ်ရေးလှုပ်ရှားမှု ရှိသဖြင့် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှ တော်လှန်ရေးတပ်များ ပြည်နယ်တောင်ပိုင်း  ဗထူးတပ်မြို့နှင့် ရပ်စောက်မြို့နယ်တို့ဘက်ကို ဝင်မလာစေရန် စစ်ကောင်စီက ကြိုးစားနေကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

နောင်ချိုမြို့ကို သိမ်းထားသည့် TNLA ကလည်း ၎င်းတို့၏ တပ်မဟာ (၂) နယ်မြေဖြစ်သော နောင်ချိုတောင်ဘက် ရွှေမုဋ္ဌောရွာဝန်းကျင်တွင် ဩဂုတ်လ ၄ ရက်မှစတင်ကာ စစ်ကောင်စီတပ် အင်အားဖြည့်တင်းလာသဖြင့် ရင်ဆိုင်တိုက်ပွဲဖြစ်ထားကြောင်း ဩဂုတ်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြို့တောင်ဘက်ရှိ ရွှေမုဋ္ဌောရွာသည်   စစ်ကောင်စီတပ်ထိန်းချုပ်ထားသော တောင်ခမ်းရွာ၏ မြောက်ဘက် ၇ မိုင်အကွာတွင်ရှိသည်။

တောင်ခမ်းတွင် စစ်ကောင်စီ၏ အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် တခုရှိပြီး အဆိုပါဌာနချုပ်လက်အောက်ခံ အမှတ် (၃၅၄) ၊ (၂၀၆) ၊ (၄၀၆) အမြောက်တပ်ရင်း ၃ ရင်းရှိသည်။

စစ်ကောင်စီတပ်နှင့် TNLA စစ်ဆိုင်နေမှု ဖော်ပြသည့်ပုံ 

TNLA နှင့် မဟာမိတ်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကလည်း နောင်ချိုတောင်ဘက်တွင်ထိတွေ့တိုက်ပွဲများဖြစ်နေကြောင်း ဩဂုတ် ၅ ရက်နေ့တွင် Myanmar Now ကို ပြောသည်။

“စစ်ကောင်စီဘက်က နောင်ချိုကို ပြန်ရဖို့ ကြိုးစားတဲ့အခါမှာတော်လှန်ရေးတပ်တွေအနေနဲ့ မကြာခဏတိုက်ပွဲဖြစ်တာ ရှိပါတယ်။ ဒါပေမယ့် နောင်ချိုမြို့နယ်ထဲတော့ သူတို့ပြန်ဝင်နိုင်တာမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

TNLA နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးကမူ ဩဂုတ် ၇ ရက်နေ့က ရွှေမုဋ္ဌောရွာဝန်းကျင်၌ တိုက်ပွဲယာယီငြိမ်သက်နေသည်ဟု Myanmar Now ကို ပြောသည်။

“ကျွန်တော်ထင်တာတော့ သူတို့ ထိုးစစ် ဆင်ဖို့ မဖြစ်နိုင်ဘူး။ သူတို့ခံစစ်စည်းတော့ ကောင်းကောင်းပြင်ထားတယ်။ တောင်ခမ်းမှာ ခံစစ်ပြင်တယ်။ ပြင်ဦးလွင်သွားတဲ့လမ်း ဘန့်ဘွေးနဲ့ ဝက်ဝံမှာ ခံစစ်စည်းကောင်းကောင်းပြင်ထားတယ်” ဟု ၎င်းက ဆိုသည်။

နောင်ချိုမြို့တွင် နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက နောင်ချိုတောင်ဘက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည်ဟု သတင်းကြားရကြောင်း၊ တိုက်ပွဲသည် မြို့နှင့် အလှမ်းဝေးသည့် နေရာတွင် ဖြစ်ပွားကြောင်း ရှင်းပြသည်။

နောင်ချိုမြို့ကို TNLA  သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှု ထပ်မံ မပေါ်ပေါက်သေးသော်လည်း လေယာဉ်သံကြားပါက စိုးရိမ်ထိတ်လန့်နေရဆဲဟု ၎င်းက ဆိုသည်။

ပြည်နယ်မြောက်ပိုင်းတွင် မြို့အများစုကို ဆုံးရှုံးလိုက်ရသည်အထိ စစ်ကောင်စီတပ် အခြေအနေ ဆိုးနေသည်၊  တိုက်ပွဲကြီးများ မရှိသေးသည့် ပြည်နယ်တောင်ပိုင်းကိုမူ ဆက်လက်  ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။ 

လူထုအာဏာဖီဆန်‌ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သည့် ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီတပ်သည် ပြည်နယ်မြောက်ပိုင်းနယ်မြေအများစုကို သိမ်းထားသော တော်လှန်ရေးအင်အားစု တောင်ပိုင်းသို့ ဆင်းမလာနိုင်ရန် တောင်ခမ်းတွင် ခံစစ်ပြင်နေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့အကြားရှိ ဘန့်ဘွေးရွာနှင့် ဝက်ဝံရွာဝန်းကျင်တို့တွင် စစ်ကောင်စီတပ် ခံစစ်ပြင်နေခြင်းကလည်း တောင်ခမ်းတပ်နယ်ကို ကာကွယ်ရန်ဖြစ်နိုင်ကြောင်း ဗိုလ်ကြီးဇင်ယော်က ခန့်မှန်းသည်။

“ဝက်ဝံဘက်ကနေလည်း တောင်ခမ်းကိုလာလို့ရတဲ့ ကြားလမ်းတစ်ခုရှိသေးတယ်။ ဒါပေမယ့် အဲဒီလမ်းက တော်တော်ကို ဆိုးပါတယ်။ ဝက်ဝံဘက်ကနေ ဝင်လို့မရအောင်လည်း ပိတ်နေတာပေါ့။ နောင်ချို ရွှေမုဋ္ဌောဘက်ကနေလည်း TNLA နဲ့ မဟာမိတ်တွေ ဝင်လို့မရအောင် ကာတာပေါ့” ဟု ၎င်းက ပြောသည်။

TNLA နှင့် မဟာမိတ်တပ်များသာ တောင်ခမ်းကို ရသွားပါက တောင်ဘက်ရှိ ကျောက်ဂူရွာ အပါအဝင် အင်တောမြို့ တကျော လမ်းပွင့်သွားနိုင်သည်။ အင်တောသည် တောင်ကြီးခရိုင်အတွင်း မြို့နယ်ခွဲတစ်ခုဖြစ်ရာ ထိုသို့ လမ်းပွင့်သွားလျှင် ဗထူးနှင့် ရပ်စောက်မြို့တို့ အကာအကွယ်မဲ့သွားမည်ဖြစ်သည်။

ရပ်စောက်မြို့ဝန်းကျင်တွင်မူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်များ ဝင်ရောက် လှုပ်ရှားကြပြီး ၂ ဘက်အကြား ပစ်ခတ်မှုတချို့ရှိသည်။

အဆိုပါရှမ်းလက်နက်ကိုင် ၂ ဖွဲ့သည် ရှမ်းမြောက်၌ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း အရှိန်မြင့်နေစဉ် ဇူလိုင် ၂၁ ရက်ကလည်း ရပ်စောက်မြို့ဝန်းကျင်၌ တိုက်ပွဲဖြစ်ထားသည်။

Show More

Related Articles

Back to top button